ရဲရင့် | မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ဆိတ်ခေါင်းကို ချိတ်၍ ခွေးသား ရောင်းမည့် အစီအစဉ် ဖြစ်သောကြောင့် အထူး သတိပြုသင့်သည်ဟု နာမည်ရ မြန်မာ စာရေး ဆရာ တဦးဖြစ်သည့် သန်းဝင်းလှိုင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

ယခု လဆန်းပိုင်းက ထိုင်း-မြန်မာနယ်စပ် လွတ်မြောက် နယ်မြေသို့ ရောက်ရှိ လာသည့် ဆရာသန်းဝင်းလှိုင်က “ဒီရွေးကောက်ပွဲက ဆိတ်ခေါင်း ချိတ်ပြီး ခွေးသား ရောင်းမယ့် ဒီမိုကရေစီပဲ။ အဲဒါကြောင့် ခွေးသား မစားပါနဲ့ ကျနော် ပြောတယ်။ အဲဒါကို စားချင်သပ ဆိုရင်လည်း စားကြပေါ့။ သူတို့ ချထားတဲ့ ဥပဒေ စည်းကမ်းတွေ ဆိုတာကလည်း အပ်နဖါး ပေါက်ထဲကို ကုလားအုတ် ၀င်ခိုင်း သလိုပဲ။ ဘယ်လိုမှ သုံးလို့မရဘူး” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လုံးချင်းစာအုပ် (၃၀) ထုတ်ဝေခဲ့ပြီး နောက်ထပ် ထုတ်ဝေမည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း အပါအ၀င် စာအုပ် (၁၅) အုပ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် မပြုတော့သည့် အပြင် စာရေးသူကိုပါ ပြန်လည် ဖမ်းဆီးမည့် အနေအထားများ ရှိသောကြောင့် လွတ်မြောက်နယ်မြေသို့ ထွက်လာခြင်းဖြစ်သည်ဟု ဆရာသန်းဝင်းလှိုင်က ပြောသည်။

၎င်းက “ထွက်လာတဲ့ ရည်ရွယ်ချက်ကတော့ ကျနော့်စာအုပ်တွေ အပိတ်ခံရတယ်။ စာပေနဲ့ ရပ်တည်လို့ မရဘူး။ အဲဒါကြောင့် လွတ်မြောက်နယ်မြေမှာ ကျနော်လွတ်လွတ်လပ်လပ် ရေးချင်တယ်။ ပြည်သူ လူထုရဲ့ မှန်ကန်တဲ့ လိုအပ်ချက်ကို တနည်းအားဖြင့် ဖြည့်စွမ်းချင်တယ်။ နောက်ပြီး ဒီမိုကရေစီ တိုက်ပွဲမှာ တထောင့်တနေရာကနေ စာပေနဲ့ အကျိုးပြု လုပ်ချင်တယ်။ ဟိုမှာတော့ လုပ်လို့ မရဘူး။ ထပ်လည်းအဖမ်းမခံချင်ဘူး။ လုပ်ရင်းနဲ့ ကျသွားတာကတမျိုး၊ ဒါကြီးကို ကျမယ်မှန်းသိလျက်နဲ့ တိုးလိုက်ရင် ကိုယ်ပဲ နစ်နာမယ်။ အချိန်တွေ အကျိုးမဲ့ ထောင်ထဲမှာ ကုန်ဆုံးသွားမယ်။ အပြင်မှာ တတ်နိုင်သလောက်လုပ်ရင် တိုင်းပြည်အတွက် ပိုအကျိုးရှိမယ်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထွက်လာပါ” ဟု ပြောသည်။

စာရေးဆရာ သန်းဝင်းလှိုင်သည် ပြည်တွင်းတွင် ထုတ်ဝေခွင့်မရသည့် ဗိုလ်ချုပ်အကြောင်း စာအုပ် (၅) အုပ် အပါအ၀င် စာအုပ်ရေ (၁၅) အုပ်ကို လွတ်မြောက်နယ်မြေတွင် ပြည်သူအတွက် ပြန်လည်ထုတ်ဝေဖြန့်ချိသွားမည်ဟု ပြောသည်။

ဆရာရေးဆရာ သန်းဝင်းလှိုင်သည် ၁၉၉၇ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘ၀ မဂ္ဂဇင်းတွင် အနာဂတ် လွန်းပျံယာဉ် ဆောင်းပါး စတင်ရေးသားကာ စာပေနယ် ထဲသို့ ၀င်ရောက်ပြီး သုတ၊ ရသ၊ အားကစား ဆောင်းပါး ပေါင်း (၅၀၀) ကျော်ကို မဂ္ဂဇင်းများတွင် ရေးသားခဲ့ပြီး လုံးချင်းစာအုပ် (၃၀) ကိုလည်း ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည့် ဆရာ သန်းဝင်းလှိုင်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလ၌ ထောင်အချုပ် (၁) လခွဲကျခံခဲ့ရပြီး ၂၀၀၀ ခုနှစ်တွင် “ရုပ်ထုမှ ပြောသော မြန်မာ့ သမိုင်းဝင် ပုဂ္ဂိုလ်ထူးများ စာအုပ်” ကို စာအုပ် ထုတ်ဝေသူက ခွင့်ပြုချက် မရရှိဘဲ ထုတ်ဝေခဲ့သဖြင့် ထောင်ဒဏ် (၇) နှစ် ထပ်မံ ကျခံ ခဲ့ရသည်။

source by : ခေတ်ပြိုင်
ရဲရင့် | နအဖကို ဆန့်ကျင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (ဒီကေဘီအေ) မှ တပ်ရင်းတပ်ဖွဲ့များအား မိမိတို့နယ်မြေအတွင်း အခြေချခွင့်ပြုမည်ဟု ကရင် အမျိုးသား အစည်းအရုံး (ကေအန်ယူ) က ပြောကြားသည်။

ကရင်ပြည်နယ် ကော့ကရိတ်တွင် အခြေစိုက်ပြီး နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းခြင်း လက်မခံသည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖ တပ်ရင်း၊ တပ်ဖွဲ့များက စစ်ရေးအရ ပြင်ဆင်မှုများ လုပ်နေသည့်အတွက် ကေအန်ယူ၏ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

၎င်းက “ဒီကေဘီအေ အပေါ်မှာ ထားရှိတဲ့ ကေအန်ယူရဲ့မူအရ သူတို့ကို အခြေချခွင့်ပြုတာဖြစ်ပါတယ်။ သူတို့ကို ရန်သူဘက်က ထိုးစစ်ဆင်လာမယ်ဆိုရင်လည်း ကေအန်ယူက သူတို့ဘက်ကနေ ကူပြီး တိုက်ခိုက်ပေးသွားမှာဖြစ်တယ်။ ဒါက အမျိုးသားညီညွတ်မှုတရပ် ဖြစ်ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

သို့သော် ခွဲထွက် ဒီကေဘီအေ တပ်ဖွဲ့များ အနေဖြင့် နအဖကို ဆန့်ကျင်ခြင်းမပြုဘဲ ကေအန်ယူ နယ်မြေအတွင်း ၀င်ရောက် အခြေချခွင့် ပြုမည်မဟုတ်ကြောင်း၊ ဘက်ပြောင်း၍ ပြန်လည်ပူးပေါင်းမည်ဆိုပါက ကြိုဆိုမည် ဖြစ်ကြောင်း ကေအန်ယူက ပြောကြားသည်။

နယ်ခြား စောင့်တပ် အဖြစ် အသွင်ပြောင်းခြင်းကို ဆန့်ကျင်သည့် ဒီကေဘီအေ တပ်မဟာ (၅) ကို နအဖ စစ်တပ်များနှင့် နအဖသစ္စာခံ ဒီကေဘီအေတပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်လာလျှင် ခွဲထွက်အဖွဲ့ဘက်မှ ကူညီတိုက်ခိုက်ပေးရန် ပြင်ဆင်ထားသည်ဟု ၎င်းဒေသအနီး အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) ၏ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဘူးဖောက ပြောသည်။

၎င်းက “ဒီကေဘီအေတပ်မဟာ (၅) က ကျနော်တို့နဲ့ မပူးပေါင်းလည်း ပြဿနာမဟုတ်ဘူး။ သူတို့ နအဖကို ဆန့်ကျင်တာကို ကြိုဆိုတယ်။ သူတို့ဘက်က ရပ်တည်ဖို့ ကျနော်တို့ တပ်တွေအသင့်ပဲ” ဟု ပြောသည်။

ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မှူးတဦးကမူ “နယ်ခြားစောင့်တပ်ကို ငြင်းဆန်တဲ့အတွက် ဘယ်လိုမှ ညှိနှိုင်းလို့ မရတဲ့ အဆုံး နအဖက ကျနော်တို့ကို စစ်ရေးအရ ဖြေရှင်းဖို့ သူတို့တပ်ရင်းတွေ တိုးပြီးချထားတယ်။ ကျနော်တို့ကလည်း တပ်မဟာမှူးရဲ့ အမိန့်အတိုင်းပဲ စစ်ရေးအရ လက်ဦးမှုရအောင် ကြိုတင်ပြင်ဆင်ထားတယ်။ ကေအန်ယူနဲ့ ပြန်ပေါင်း ဖို့တော့ လုံးဝမရှိဘူး၊ ဒီကေဘီအေရဲ့ နာမည်နဲ့ ဂုဏ်သိက္ခာကို လုံးဝ အပျက်မခံနိုင်ဘူး” ဟု ပြောသည်။

ယခုလ (၂၂) ရက်၌ ဒီကေဘီအေ ဌာနချုပ် မြိုင်ကြီးငူတွင် နယ်ခြားစောင့်တပ် ကိစ္စ ဆွေးနွေးရန် နအဖဘက်က ဆင့်ခေါ်ရာတွင် ဗိုလ်မှူးကြီး စောလားပွယ်က မသွားဘဲ ငြင်းဆန်ခဲ့ရာမှ စတင်ကာ ယခုကဲ့သို့ စစ်ရေး အခြေအနေများ တင်းမာလာခြင်း ဖြစ်သည်ဟု ယင်းတပ်မှူးက ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ် အခြေစိုက် နအဖ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ (၈) မှ ဗိုလ်မှူးချုပ် သန်းစိုးက ဗိုလ်မှူးကြီး စောလားပွယ်အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ပါက အင်အားသုံး၍ အပြီးအပြတ် တိုက်ခိုက်ချေမှုန်းခြင်း ခံရမည်ဟု ယခုလဆန်းပိုင်း၌ ပြောဆိုခဲ့ပြီး တပ်အင်အားကို တိုးမြှင့်ချထားခြင်းဖြစ်သည်ဟု သိရသည်။

ဒီကေဘီအေ တပ်မှူးများအနက် နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်ခံချင်သူများ ရှိသကဲ့သို့ လက်မခံ နိုင်သူများလည်း ရှိကြောင်း၊ လုံးဝလက်မခံနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုရဲသူမှာ ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မဟာမှူး ဗိုလ်မှူးကြီးစောလားပွယ် တဦးသာရှိကြောင်း အဆိုပါအဖွဲ့ မှ တပ်မှူးတဦးက ပြောသည်။

၁၉၉၄ ခု နှစ်ကုန်ပိုင်းတွင် ကေအန်ယူမှ ခွဲထွက်ကာ ဒီကေဘီအေ အဖွဲ့ကို သီးခြား ဖွဲ့စည်းခဲ့ပြီး လှိုင်းဘွဲ မြို့နယ် မြိုင်ကြီးငူ အရပ်တွင် ဌာနချုပ်ကို အခြေစိုက်ကာ တပ်ဖွဲ့ဝင် အင်အား (၄) ထောင်ခန့် ရှိသည်။

ဒီကေဘီအေ ဥက္ကဋ္ဌမှာ စောသာထူးကျော် ဖြစ်ပြီး အဖွဲ့၏ နာယက ဆရာတော်မှာ ဦးသုဇန ဖြစ်ကာ ကေအန်ယူမှ ခွဲထွက်မှုကို ဦးဆောင်ခဲ့သည့် အရာခံဗိုလ် စောကျော်သန်းမှာ ဒီကေဘီအေ၏ စစ်ဦးစီးချုပ် ဖြစ်သည်။

source by : ခေတ်ပြိုင်
မြတ်ခိုင်ဦး | မြန်မာ ရွှေ့ပြောင်း အလုပ်သမားများသည် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ် ကိုင်ဆောင် ထားသော်လည်း ထိုင်းရဲ၏ ဖမ်းဆီးခြင်း ခံနေရဆဲ ဖြစ်ကြောင်း သိရသည်။

ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် ထားသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၁) ဦးနှင့် အိမ်၌ ယာယီ နိုင်ငံကူး လက်မှတ် ထားရှိခဲ့သော ရွှေ့ပြောင်းအလုပ်သမား (၂) ဦးတို့အပြင် ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ထားဆဲ (အလုပ်လုပ်ခွင့် ဘတ်လက်မှတ် ကိုင်ဆောင်ထားသူ) သူ (၁) ဦးတို့အား နယ်ကျော်၍ အလုပ် လုပ်ကိုင်သည်ဟု ဆိုကာ ယမန်နေ့၌ ရဲက သိမ်းကျုံးဖမ်းဆီးထားသည်။

ယမန်နေ့ ညနေ (၆) နာရီခန့်က အလုပ်မှ ပြန်လာသော ခွန်ဇော်သိန်း၊ ခွန်မောင်ဆွေနှင့် ခင်လှတင့်တို့ (၃) ဦးနှင့် ၎င်းတို့ကို သွားရောက်တွေ့ဆုံသူ ခွန်ထွန်းလင်းတို့အား ဘန်ကောက်မြို့ ဘန်ကပီအရပ်ရှိ နဝမင်း၊ တလဖတ်ဝီစံဈေးအနီးတွင် ရဲက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“သူဌေးကလာပြောတယ် ဒါလည်းမရဘူး။ မနက်ဖြန်ရုံးတင်မယ်ဆိုပြီး ရဲက ပြောလွှတ်တယ်” ဟု ခွန်မောင်ဆွေက ပြောသည်။

၎င်းတို့သည် လုပ်ငန်းခွင်အတွင်း၌ အဖမ်းခံရခြင်းမဟုတ်ဘဲ လမ်းပေါ်တွင် အမှုရှာ၍ အဖမ်းခံရကြောင်း ခွန်ထွန်းလင်းက “ကျနော်တို့ကို ဖဲဝိုင်းနားမှာ တွေ့တာနဲ့ ဖဲရိုက်တယ်ဆိုပြီး အမှုရှာဖမ်းသလိုလုပ်တာ” ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ အန်ဂျီအိုတခုမှ တာဝန်ရှိသူတဦးက “တကယ်တော့ ယာယီပတ်စပို့ကိုင်ထားတဲ့သူကို ဖမ်းခွင့်မရှိပါဘူး။ နယ်ကျော်ပြီး အလုပ်လုပ်တယ်ပြောရအောင်လည်း သူတို့ကို လုပ်ငန်းခွင်အထဲမှာ ဖမ်းမိတာမဟုတ်ပါဘူး” ဟု ပြောသည်။

ရွှေ့ပြောင်း အလုပ်သမားများသည် ယမန်နှစ်က စတင်ခဲ့သော နိုင်ငံသားစိစစ်မှုပြု၍ ယာယီနိုင်ငံကူး လက်မှတ်ဖြင့်သာလျှင် အလုပ်လုပ်ကိုင်ခွင့်ပြုမည် ဆိုသောကြောင့် ယခင်အလုပ်သမားလက်မှတ် (ဘတ်) အတွက် ကုန်ကျငွေ မကျေသေးမီပင် အဆိုပါယာယီပတ်စပို့အတွက် ထပ်မံ၍ ငွေကြေး အကုန်အကျခံ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ယာယီပတ်စပို့ ကိုင်ဆောင်ခွင့်ရသော်လည်း ပူးတွဲကိုင်ဆောင်ရမည့် အလုပ်လုပ်ခွင့်လက်မှတ် (work permit) ကို လျှောက်ထားဆဲဖြစ်ခြင်း၊ ပတ်စပို့နှင့် work permit အတူပူးတွဲမရှိခြင်း၊ ဘာသာစကားမကျွမ်းကျင်မှုကြောင့် ရဲစခန်း၌ အလွယ်တကူ ဝန်ခံလက်မှတ် ထိုးမိလိုက်ခြင်းတို့ကြောင့် ဖမ်းဆီး၍ တရားရုံးတင်ကာ နယ်စပ်သို့ ပြန်ပို့ ခံရခြင်းများ ကြုံတွေ့နေရသည်။ ထို့အပြင် ထိုင်းဝန်ကြီးချုပ်၏ ဇွန်လ (၂) ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ဖမ်းဆီး မိန့်ကြောင့် အာဏာပိုင်များ၏ မဆင်မခြင်ဖမ်းဆီးမှုများကိုလည်း ကြုံတွေ့နေရသည်။

သို့အတွက် အလုပ်သမားရေး လုပ်နေသူများက မိမိယာယီနိုင်ငံကူးလက်မှတ်နှင့် work permit ကို အတူတကွ သွားလေရာသို့ ယူဆောင်သွားရန်၊ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားဆဲကာလတွင် နဂိုမူလစာရင်းသွင်းထားသော ကျန့်ဝပ် (ခရိုင်) အထဲတွင်သာ အလုပ်လုပ်ကိုင်ရန်၊ ယာယီပတ်စပို့ လျှောက်ထားကြောင်း အထောက်အထားစာရွက် စာတမ်း လက်ခံ ဖြတ်ပိုင်းများအား မိမိနှင့် တပါတည်းထားရှိရန် အကြံပြုထားသည်။

အထူး အရေးကြီး သည်မှာ မိမိနားမလည်ဘဲ အာဏာပိုင်များက အတင်း လက်မှတ် ထိုးခိုင်း၍ ထိုးလိုက် ရလျှင် ဥပဒေကြောင်း အရ မိမိတို့တွင်သာ အရှုံးပေါ်နိုင်မည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်မှတ် ထိုးထားသော စာရွက်ပေါ်တွင် မိမိနှင့် မသက်ဆိုင်သော အမှုမျိုး ရေးထားပါက နစ်နာနိုင်ကြောင်း၊ သို့အတွက် လက်မှတ် ထိုးရာတွင် သတိရှိရန် သတိပေးထားသည်။

ထိုသို့လက်မှတ်ထိုးလိုက်ရလျှင် ထိုးပေးလိုက်သူ အလုပ်သမားတွင် လက်ခံမိတ္ထူ ရရှိရမည်ဖြစ်ကြောင်း ထိုင်းဥပဒေက ပြဋ္ဌာန်းထားရှိသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ သဘော တူညီချက် အရ နိုင်ငံသား စိစစ်မှုပြုပြီး ယာယီ နိုင်ငံကူး လက်မှတ်ဖြင့်သာ အလုပ်လုပ်ကိုင်ခွင့် ပြုရေး အစီအစဉ်အရ ယာယီနိုင်ငံကူးလက်မှတ်များကို ထုတ်ပေးလျက်ရှိသည်။

ယခုလ ဇူလိုင် (၁၁) ရက်နေ့ စာရင်း ဇယားများ အရ အမျိုးသား (၆၄,၉၈၄) ဦး၊ အမျိုးသမီး (၅၈,၂၂၀) ဦးတို့ကို ထုတ်ပေးခဲ့ပြီး ဖြစ်သဖြင့် စုစုပေါင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား (၁၂၃,၂၀၄) ဦး ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင် နေကြပြီဟု သိရှိရသည်။ ထိုင်းနိုင်ငံ၏ နောက်ဆုံး စာရင်းဇယားများ အရ (၆၉၈,၈၈၉) ဦးသည် ယာယီ နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ခွင့် ဆက်လက်လျှောက်ထားဆဲဖြစ်သည်။

ထိုင်းနိုင်ငံတွင် တရားဝင် ရွှေ့ပြောင်း အလုပ်သမား (၁,၀၇၉,၉၉၁) ဦးရှိပြီး အလုပ်သမား အရေး လုပ်ဆောင် နေသူများက ခန့်မှန်းသည်မှာ ရွှေ့ပြောင်းအလုပ်သမား (၂) သန်းခန့် ထိုင်းနိုင်ငံ အတွင်း နေထိုင် အလုပ် လုပ်ကိုင်နေကြသည်ဟု သိရသည်။

source by : ခေတ်ပြိုင်
ထက်အောင် | “ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ပထမ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် တတိယ”။ ယင်းသည် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သန္နိဋ္ဌာန်ဖြစ်သည်။

“၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ” အမည်ရှိ USDP ပါတီ၏ ပညာရေးဌာနကြီးမှ ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲ မဲဆွယ်ကာလတခုလုံးကို လွှမ်းမိုး ထားနိုင်ရေးနှင့် ရွေးကောက်ပွဲနေ့တွင် အပြတ်အသတ် အောင်နိုင်ရေး လမ်းညွှန်ချက်မှာ ပါရှိသည်။

ယင်းညွှန်ကြားချက်၏ ထူးခြားချက်မှာ လက်ရှိနိုင်ငံရေးအပေါ် ဝေဖန်သုံးသပ်ထားပြီး USDP အနိုင် ရရှိနိုင်မှု အလားအလားကိုပါ တွက်ချက်ထားသည်။

“ယခုလက်ရှိတွင် မိမိတို့ပါတီနှင့် အဓိကယှဉ်ပြိုင်နိုင်သည့် ပါတီကြီး မရှိတော့ခြင်း၊ ကျန်ပါတီငယ်များမှာ မိမိတို့ပါတီကို ယှဉ်ပြိုင်နိုင်ရန် အဘက်ဘက်မှ ပြည်စုံမှုမရှိခြင်း၊ ကြိုတင်ပြင်ဆင်မှု မရှိခြင်း၊ မိမိတို့ပါတီမှာ အဆင့်ဆင့် စနစ်တကျ ဖွဲ့စည်းထားပြီး အင်းအားတောင့်တင်းစွာဖြင့် ပြည်သူ၏ လိုလားထောက်ခံမှုကို ရရှိထားခြင်းတို့ကြောင့် အနိုင်ရရှိရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည်” ဟု USDP သုံးသပ်ထားသည်။

ထို့အပြင် လွန်ခဲ့သော အနှစ် ၂၀ လုံးလုံး မကြားခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် စစ်ခေါင်းဆောင်များ၏ ဝေဖန် သုံးသပ်ထားချက်ကို USDP ၏ ဤရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွင် တွေ့ရသည်။

“၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲရုံမှူးများ၏ ဘက်လိုက် ဆောင်ရွက်မှုများကြောင့် NLD ပါတီအများစု အနိုင်ရသွားသည့် ဖြစ်စဉ်အပေါ် သင်ခန်းစာယူပြီး ယခုရွေးကောက်ပွဲ၌ ယင်းသို့သော မသမာမှုများ မလုပ်နိုင်အောင် ထိန်းသိမ်းကာကွယ်ရမည်” ဟု ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ကို စွပ်စွဲထားသည်။

၁၉၉၀ ရွေးကောက်ပွဲနေ့ မတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလတွင် ရွေးကောက်ပွဲကော်မရှင်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကို မျက်နှာသာပေးခဲ့ပြီး စစ်တပ်နှင့် ရဲတို့က သွယ်ဝိုက်၍ အကာအကွယ် ပေးခဲ့သည်။

မြန်မာပြည်သူများ၏ ၁၉၉၀ ရွေးကောက်ပွဲ၌ လိမ္မာပါးနပ်မှုကို သိထားသော USDP ၏ စစ်ဗိုလ်ချုပ်တဖြစ်လဲ ပါတီခေါင်းဆောင် များသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲများကို ကျုံးသွင်းရယူရန် ကြိုးစားနေသည်ဟု လေ့လာသူများက ထောက်ပြကြသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများကို ဗဟိုအဆင့်မှစ၍ အဆင့်ဆင့် စနစ်တကျဖွဲ့စည်းထားပြီး ရပ်ကွက်ကျေးရွာ အဆင့်များတွင် စည်းရုံးရေးအကူအဖွဲ့၊ ဆော်သြရေးအဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ဧည့်ခံမဏ္ဍပ်နှင့် ဧည့်ခံကျွေးမွေးရေး အဖွဲ့၊ စောင့်ကြည့်လေ့လာ ကြပ်မတ်ရေးအဖွဲ့၊ မဲရုံကိုယ်စားလှယ်များ ဟူ၍ ဖွဲ့စည်းရန် USDP ၏ ရွေးကောက်ပွဲအောင်နိုင် ရေးလုပ်ငန်းစဉ်တွင် ဖော်ပြထားသည်။

စည်းရုံးရေးအကူအဖွဲ့ကို ရပ်ကွက်ကျေးရွာတိုင်းတွင် မြို့နယ်အမှုဆောင်တဦး သို့မဟုတ် ပါတီကေဒါတဦး အပါအ၀င် အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်း၍ တအိမ်တက်ဆင်း စည်းရုံးသည့် ဗျူဟာကို ချမှတ်ထားပြီး ကျေးရွာနှင့် ရပ်ကွက်ထဲမှ ရာဇ၀င်လူဆိုးများကို ပစ်မှတ်ထား စည်းရုံးခြင်းသည် ၎င်းတို့၏ အဓိကတာဝန်များထဲတွင် ပါဝင်သည်။

“လူဆိုးလူမိုက် စာရင်းဝင်များကိုပါ ထိတွေ့ စည်းရုံးထားကြရမည်။ မိမိတို့က မစည်းရုံးနိုင်ဘဲ အခြားပါတီများက ချဉ်းကပ်ပြီး ၎င်းတို့ကို အသုံးချလျက် မိမိတို့ကို ထောက်ခံသူများကို ရန်မူခြင်း၊ ခြိမ်းခြောက်ခြင်း၊ မိုက်ကြေးခွဲခြင်း၊ အနိုင်ကျင့်ခြင်းများ ရှိလာနိုင်သည်” ဟု ဆိုသည်။

ဆော်သြရေးအဖွဲ့ကို အဖွဲ့ဝင် ၂ ဦးဖြင့်ဖွဲ့စည်းပြီး မဲဆန္ဒရှင်တိုင်း မဲပေးရန်နှင့် ၎င်းတို့ပါတီကို မဲပေးရန် အဓိက လုပ်ဆောင်မည် ဖြစ်သည်။

ရွေးကောက်ပွဲနေ့တွင် ဆော်သြရေးအဖွဲ့၏ အဓိကတာဝန်မှာ “ကျေးရွာ ရပ်ကွက်များအတွင်းရှိ မဲဆန္ဒရှင် အားလုံးကို စုစည်းပြီး အိုးစည်ဒိုးပတ်ဝိုင်းများ၊ အကများ၊ အသံချဲ့စက်များဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ အလံများကိုင်ဆောင်ပြီး သွားရောက် မဲပေးနိုင်အောင် စည်းရုံးဆော်သြရမည်” ဟု ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေး အဖွဲ့ကို အဖွဲ့ဝင် ၂ ဦးဖြင့် ဖွဲ့စည်းပြီး မဲဆန္ဒရှင်များကို မဲရုံသို့ ပိုဆောင်ရန် “ဆိုက်ကား၊ မြင်းလှည်း၊ နွားလှည်း၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် မော်တော်ကား” များ စီစဉ်ထားရန် တာဝန်ပေးထားသည်။ ထို့အတူ ဧည့်ခံမဏ္ဍပ်နှင့် ဧည့်ခံကျွေးမွေးအဖွဲ့ကို လူအင်းအား အလုံအလောက်ဖြင့် ဖွဲ့စည်းရန် ညွှန်ကြားထားပြီး မဲရုံတိုင်းတွင် မဏ္ဍပ်ထိုးရန် ဖြစ်သည်။

“မဲလာထည့်သော မဲဆန္ဒရှင်များ ခေတ္တထိုင်ပြီး အနားယူနိုင်ရန် ထိုင်ခုံ၊ ဖျာ၊ သောက်ရေသန့်၊ လက်ဖက်၊ အချိုရည်များဖြင့် အဆာ ပြေဧည့်ခံနိုင်အောင် ဆောင်ရွက်ရမည်” ဟု ထိုညွှန်ကြားလွှာက ဆိုထားသည်။

ယခု USDP ပါတီ၏ ရွေးကောက်ပွဲနေ့ လုပ်ငန်းစဉ်က ထွက်ရှိမလာသေးသော ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ်ခွင့် ဥပဒေကို ကြိုပြီးသိရှိနေသည့်အလား အသေးစိတ် ညွှန်ကြားထားသည်ကို တွေ့ရသည်။ နိုင်ငံတကာ ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲနေ့များ၌ ပါတီများ မဲဆွယ်စည်းရုံးခြင်းကို တားမြစ်လေ့ရှိသည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံ အတွင်းနှင့်အပြင် အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းလှုပ်ရှားရန် USDP က စီစဉ်ထားသည်။ ပါတီ၏ မဲရုံကိုယ်စားလှယ် နှစ်ဦးစီက မဲရုံအတွင်း ဖြစ်စဉ်အသေးစိတ်ကို မှတ်တမ်းတင်ရမည်ဖြစ်ပြီး မဲရုံပြင်ပတွင် စောင့်ကြည့်လေ့လာ ကြပ်မတ်ရေးအဖွဲ့က မဲရုံဝန်းကျင်တွင် ၎င်းတို့၏ အတိုက်အခံပါတီများ လှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်ရန် ဖြစ်သည်။

မဲရုံ အတွင်းအပြင်တွင် ဖြစ်ပွားသော မဲမသမာမှုများကို အတွင်းအပြင်အဖွဲ့များ ပေါင်းစပ်ပြီး အထက် အဆင့်ဆင့်ကို အလျင်အမြန် သတင်းပို့ရန် ညွှန်ကြားထားသည်။

“လိုအပ်ပါက ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ ရယူထားနိုင်ရေးအတွက် နယ်မြေအလိုက် ဓာတ်ပုံကင်မရာ၊ ဗီဒီယိုကင်မရာများ အသုံးပြုပြီး မှတ်တမ်းတင် ဆောင်ရွက်ရမည်” ဟု USDP က ၎င်းတို့၏ စောင့်ကြည့် လေ့လာရေး အဖွဲ့များကို ညွှန်ကြားထားသည်။

ညွှန်ကြားလွှာ၏ အဆုံးတွင် “အမှိုက်က စ ပြာသာဒ်မီးလောင် မဖြစ်ရအောင်၊ မြင်းခွာသံမှို တချောင်းလိုသဖြင့် စစ်ပွဲကြီးတပွဲလုံး မရှုံးနိမ့်ရအောင်” ဟု ဆိုထားပြီး “ဆန့်ကျင်ဖက်အုပ်စုများ ပေါင်းမိသွားပါက မိမိတို့သည် အလိုလိုနေရင်း ၎င်းတို့၏ ဘုံရန် သူဖြစ်လာနိုင်သည်” ဟု ပါတီဝင်များကို သတိပေးထားသည်။ ပါတီဝင်များအကြား အနိုင်ရမည်မှာ သေချာသည်ဟု ယုံကြည်မှု လွန်ကဲခြင်း (Over Confidence) မဖြစ်ရန်လည်း သတိပေးထားသည်။

USDP သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး (USDA) ကို အမွေခံထားခြင်းဖြစ်၍ ထိုကဲ့သို့ လူအင်အား၊ ငွေအင်းအားနှင့် လက်ရှိ စစ်အစိုးရ၏ အာဏာကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံ အတားအဆီးမရှိ အသုံးချပြီး ရွေးကောက်ပွဲကို အပိုင်စီးရန် ယခု အောင်နိုင်ရေးမဟာဗျူဟာကို ချမှတ်ထားခြင်းက သက်သေပြနေသည်ဟု လေ့လာသုံးသပ်သူတချို့က ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ USDP ပါတီကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၀ ပါတီရှိပြီဖြစ်သည်။ USDP သည် ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။

source : ဧရာဝတီ
ဧရာဝတီ | မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ၂၅ နှစ်တာ အတွင်း ပထမဆုံး အကြိမ် အဆင့်မြင့် အရာရှိအဖြစ် မြန်မာနိုင်ငံသို့ ယနေ့ အလည် အပတ် လာရောက်ကြောင်း သတင်းရရှိသည်။


နေပြည်တော်သို့ မသွားမီ ရွှေတိဂုံ စေတီတော်သို့ ဝင်ရောက် ဖူးမြော်သော မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး (ဓာတ်ပုံ - ဧရာဝတီ)
အရှေ့တောင် အာရှ ၄ နိုင်ငံ အလည် အပတ် ခရီးစဉ် အတွင်း လာအို နိုင်ငံမှ တဆင့် မြန်မာ နိုင်ငံသို့ ရောက်ရှိ လာခြင်း ဖြစ်ကြောင်း သတင်းထောက်နှင့် သံတမန် အသိုင်း အဝိုင်းက ဆိုသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးသည် ပြီးခဲ့သည့် တပတ်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သော အာဆီယံ ဒေသတွင်း ဆိုင်ရာ ဆွေးနွေးပွဲ (ARF) အစည်း အဝေးကို တက်ရောက် ခဲ့ပြီးနောက် အရှေ့တောင် အာရှ ၄ နိုင်ငံ ခရီးစဉ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အာဆီယံ၏ နိုင်ငံခြားရေး ၀န်ကြီးများနှင့် တခြား နိုင်ငံများ တက်ရောက်သည့် မြောက်ကိုရီးယားသည် ARF အစည်းအဝေးကို မတက် ရောက်သည်မှာ ၂ နှစ်ခန့် ရှိပြီး ဖြစ်သည်။

မြန်မာ စစ်အစိုးရ ထိန်းချုပ်ထားသော မီဒီယာများနှင့် မြောက်ကိုရီးယား သတင်းဌာနများတွင် Pak Ui Chun ၏ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ရေးသားမှုများ မတွေ့ရပေ။

ARF အစည်းအဝေးအပြီး၌ နိုင်ငံခြားရေး ၀န်ကြီး Pak Ui Chun သည် ဗီယက်နမ်၊ လာအို၊ မြန်မာနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ သွားရောက်မည်ဟု မြောက်ကိုရီးယား အစိုးရပိုင် သတင်းဌာန Korean Central News Agency မှ ဇူလိုင်လ ၂၀ ရက်နေ့တွင် သတင်းအကျဉ်းချုပ်သာ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် နေပြည်တော်တွင် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တခြား အဆင့်မြင့် အရာရှိများကို သွားရောက်မတွေ့ဆုံမီ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမျှော်ကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာပြည် ခရီးစဉ် အပြီးတွင် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ သြဂုတ်လ ၃ ရက်မှ ၄ ရက်နေ့ အထိ ကျင်းပမည့် ထောင်စုနှစ် ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်များနှင့် ပတ်သက်၍ ၀န်ကြီးများအဆင့် အထူးအစည်းအဝေးသို့ ဆက်လက် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

Pak Ui Chun သည် ၁၉၇၂ ခုနှစ်မှစ၍ မြောက်ကိုရီးယား သံအမတ်အဖြစ် အယ်လ်ဂျီးရီးယား၊ ဆီးရီးယားနှင့် ဘက်ဘနွန် နိုင်ငံများတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ မှ ၂၀၀၇ အထိ ရုရှနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကလင်တန် က “မြောက်ကိုရီးယားက မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေတာကို အားလုံးက စိုးရိမ်နေကြတယ်” ဟု ARF အစည်းအဝေးအတွင်း ဗီယက်နမ် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံအပြီးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၁၉၈၃ ခုနှစ်နှစ်တွင် မြန်မာနိုင်ငံသို့ အလည်လာရောက်သော တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်နှင့် အဖွဲ့အား ရန်ကုန်မြို့အာဇာနည် ဗိမာန်တွင် မြောက်ကိုရီးယား ကွန်မန်ဒိုတို့က ဗုံးခွဲတိုက်ခိုက်ရာ သမ္မတ ချန်ဒူးဝမ် သေဆုံးခြင်း မရှိသော်လည်း ၀န်ကြီး ၄ ဦး အပါအ၀င် ၂၁ ဦး သေဆုံးပြီး နောက်ပိုင်း မြန်မာနှင့် မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ရပ်သွားခဲ့သည်။

ရန်ကုန် အာဇာနည် ဗိမာန် ဖောက်ခွဲမှုဖြစ်ပွားခဲ့ပြီး ၂၅ နှစ်အကြာတွင် မြောက်ကိုရီးယားသည် တရားဝင် လူသိရှင်ကြား တောင်းပန်ခြင်း မရှိသော်လည်း စစ်အစိုးရ၏ နျူကလီးယား ရည်မှန်းချက်ကြောင့် အာဏာရှင် နှစ်နိုင်ငံသည် သံတမန် ဆက်သွယ်ရေး သာမက စစ်ရေး ဆက်နွယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။

မကြာသေးသော နှစ်များ အတွင်း တိတ်တဆိတ် ဆက်ဆံရေးများ ပြုလုပ်လာခဲ့ကာ ပြီးခဲ့သည့် ၂၀၀၇ ခုနှစ် ဧပြီလတွင် တရားဝင် ဆက်ဆံရေး ပြန်လည် စတင် ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုးရီယား နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသို့ နောက်ဆုံး တရားဝင်လာရောက်မှုသည် ၂၀၀၈ နိုဝင်ဘာလ၌ ဖြစ်ပြီး မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ကင်ရန်အီနှင့် မြန်မာ အာဏာပိုင်တို့က ၂ နိုင်ငံ အစိုးရ အရာရှိကြီးများ အတွက် ဗီဇာကင်း လွတ်ခွင့်ကို သဘောတူခဲ့သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်း၌ပင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြောက်ကိုရီးယားသို့ လျှို့ဝှက်သွားရောက်ခဲ့သော်လည်း နောက်ပိုင်းတွင် သတင်း ပေါက်ကြားခဲ့သည်။

လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဟူသော သတင်းက ၂၀၀၉ ခုနှစ် ဇွန်လတွင် ကမ္ဘာ့မီဒီယာ၌ ထိပ်တန်းသို့ ရောက်ရှိခဲ့သည်။

စစ်အစိုးရ လျှို့ဝှက်လုပ်ဆောင်နေသော နျူကလီးယား လက်နက် ထုတ်လုပ်ရေး အစီအစဉ်ကို ယခုနှစ် ဇွန်လအတွင်း အယ်လ်ဂျာဇီးယား ရုပ်သံဌာနက ဖော်ပြခဲ့ပြီးနောက် စစ်အစိုးရက ထိုသတင်းသည် လီဆယ် လုပ်ကြံမှုသာ ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာမှတဆင့် ငြင်းဆိုခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ်၏ မွေးနေ့ပွဲကို ရန်ကုန်မြို့ မြောက်ကိုရီးယား သံရုံးက စီစဉ် ကျင်းပရာ မြန်မာစစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း မွေးနေ့အတွက် သ၀ဏ်လွှာတစောင် ထုတ်ပြန်ခဲ့သည်။

source by : ဧရာဝတီ
ရန်ပိုင် | ၀န်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် လက်ရှိ တာဝန် ထမ်းဆောင်ဆဲ ၀န်ကြီး အဖွဲ့ဝင်များ ရာထူးမှ နုတ်ထွက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဦးဆောင်သည့် ကြားဖြတ်အစိုးရ တရပ်ဖွဲ့စည်းမည် ဆိုသည့် ကောလာဟလ သတင်းများ စစ်တပ် အသိုင်းအ၀န်း ကြားတွင် ထွက်ပေါ် နေသည်။

ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်“ပြည်ထောင်စုကြံ့ ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ”၀င်များသည် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ဖြစ်နေသည့် အတွက် ရွေးကောက်ပွဲသည် တရားမျှတမှု မရှိနိုင်ဟု ပြည်တွင်းပြည်ပ ဝေဖန်မှုများကြောင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီး များ ရာထူးမှ နုတ်ထွက်ပြီး ပါတီ စည်းရုံးရေး လုပ်ငန်းများကို တရားဝင်လုပ်ဆောင်တော့မည်ဟု ပြောဆိုနေကြကြောင်း နေပြည်တော် စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကရော နိုင်ငံတကာကပါ ဝေဖန်နေတယ် ဆိုတော့ ပိုပြီးတော့ တရားမျှတအောင် သန့်ရှင်းပါတယ် ဆိုပြီး လုပ်ပြမယ့် အနေအထားလို့ ထင်တယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ အခြေအနေတွင်လည်း အဆိုပါ ကြံ့ဖွံ့ပါတီ၏ စည်းရုံးရေး လုပ်ငန်းများသည် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ ထို့ကြောင့် စည်းရုံးရေး ကဏ္ဍကို လုပ်ကိုင်ရန်လည်း ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ယင်းထွက်ပေါ်နေသည့် သတင်းများအရ ကြားဖြတ်အစိုးရတွင် စစ်ဘက်၊ အရပ်ဘက် အထူး လုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ၀န်ကြီးချုပ် အဖြစ်လည်းကောင်း၊ စစ်တိုင်းမှူးများက ၀န်ကြီးရာထူးများကို တာဝန်ယူမည်ဟူ၍ လည်း ကောင်း သိရသည်။

ရန်ကုန်မြို့ခံတဦးကလည်း ယင်းသတင်းများ ထွက်ပေါ်နေခြင်းမှာ ဟုတ်မှန်ကြောင်း၊ ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ကြံဖွံ ပါတီဝင် ၀န်ကြီးများ၏ လက်ရှိအနေအထားမှာ စစ်ဘက်ဆိုင်ရာ ရာထူးများမှ နုတ်ထွက်သော်လည်း အရပ် ဘက်ဆိုင်ရာ ရာထူးများတွင် တာဝန်ယူထားသောကြောင့် ရွေးကောက်ပွဲအတွက် ပြောင်ပြောင်တင်းတင်း စည်းရုံးရေးဆင်းလျှင် အဝေဖန်ခံရနိုင်သည့် အတွက်ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

မကြာသေးမီကလည်း ဦးသိန်းစိန်အနေဖြင့် ပါတီခေါင်းဆောင်တာဝန်များကို ယူထားသည့် အပြင် ၀န်ကြီးချုပ်ဟူသည့် အစိုးရ တာဝန်များကို ယူထားခြင်းမှာ မသင့်လျော်ကြောင်း တိုင်းရင်းသားစည်လုံးညီညွတ်ရေး ပါတီ၏ ခေါင်းဆောင်တဦးဖြစ်သူ ဦးချစ်လှိုင်က VOA သတင်းဋ္ဌာနနှင့် တွေ့ဆုံမေးမြန်းခန်း တခုတွင် တရားဝင်ထုတ်ဖော် ဝေဖန်ခဲ့သည်။

ဦးချစ်လှိုင်သည် ယခင် မြန်မာ ရေတပ်မတော်မှ ဗိုလ်မှူးချုပ် တဦး ဖြစ်ပြီး မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရတွင် နိုင်ငံခြားရေး ၀န်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဦးသိန်းစိန်နှင့် ၀န်ကြီးအဖွဲ့ လက်ရှိ ရာထူးများမှ နုတ်ထွက်ပြီး ရွေးကောက်ပွဲ ဥပဒေအရ အစိုးရပိုင်ငွေကြေး၊ နိုင်ငံတော်ပိုင် ပစ္စည်း ဥစ္စာများကို သုံးစွဲခြင်းမှ ကင်းလွတ်စွာဖြင့် ရပ်တည်ပြီး ပါတီအားလုံး လိုက်နာ နေရသည့် ရွေးကောက်ပွဲ ဥပဒေဘောင် အတွင်းမှသာ လှုပ်ရှားမည် ဆိုလျှင် ကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေ ကလည်း ပြောဆိုသည်။

မကြာသေးမီကလည်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ သည် လာမည့် ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ပထမ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် တတိယ ဆိုသည့် ကြွေးကြော်သံဖြင့် စည်းရုံးရေး လုပ်ငန်းများနှင့် အနိုင်ရရှိရေး အစီအစဉ်များကို ချမှတ် ထားကြောင်း သိရသည်။

source by : ဧရာဝတီ
ဘစောတင် | ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော်မြို့ ပါနန်အရပ်ရှိ မြန်မာ ရေလုပ်သားများကို တရားဝင် အလုပ်သမား လက်မှတ် (ဘတ်) ရှိသည့်တိုင် ထိုင်းရဲများက စစ်ဆေး မေးမြန်းကာ ငွေကြေး တောင်းခံခြင်း၊ ပစ္စည်း သိမ်းယူခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“လှေသားတွေ ကုန်းပေါ်တက်လာတဲ့အခါ ရဲတွေ့ရင် ရဲက ပိုက်ဆံအိတ်ကို စစ်တယ်။ ပါလာတဲ့ ပိုက်ဆံတွေကို အကုန်ယူတယ်။ လှေသားတွေမှာ ဘတ်ရှိရှိ မရှိရှိနော်။ ပြီးတော့ ဘတ် ၁ ထောင်တန် ဘော်စတွန် (Boston) တံဆိပ် ဖိနပ်စီးတာ တွေ့ရင် ဘတ် ၃၀၀ တောင်းတယ်။ ဒီဖိနပ်စီးနိုင်တာ ပိုက်ဆံရှိလို့တဲ့။ နာရီကောင်းကောင်းတွေ ၀တ်ထားတာ တွေ့ရင်လည်း ပိုက်ဆံတောင်းတယ်။ မပေးနိုင်ရင် နာရီကို သိမ်းတယ်” ဟု မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂမှ အတွင်းရေးမှူး ကိုတင်ကိုက ပြောသည်။

ပါနန်အရပ်တွင် မြန်မာနိုင်ငံသား ရေလုပ်သား ၁၅၀၀၀ ခန့် ရှိပြီး ထားဝယ်၊ ရခိုင်၊ မွန်၊ ကရင်နှင့် ဗမာ လူမျိုးများ အလုပ် လုပ်ကိုင် နေကြသည်။

“ရှင်းရှင်းပြောရရင် မြန်မာပြည်လို ဖြစ်နေတယ်။ အာဏာပိုင်တွေက မတရား ဖိနှိပ်တာပေါ့နော်။ ကျနော်တို့ ပြောရတာ ကလည်း အခြေအနေ တော်တော်ဆိုးလွန်းလို့ပါ။ ကျနော်တို့နဲ့ တိုက်ရိုက် ပတ်သက်နေတာက ပုလိပ်တွေပေါ့နော်။ ဘတ်ရှိရှိ မရှိရှိ အိမ်ခန်းတခန်းကို ဘတ် ၂၀၀ ကောက်တယ်။ သာမန်ဖြစ်ရိုးဖြစ်စဉ်ကတော့ လမ်းမှာ တွေ့တဲ့လူကို ကြုံရင် ကြုံသလို စစ်တယ်။ စစ်တယ်ဆိုတာ အကုန်ရှာတာပေါ့နော်။ ပိုက်ဆံတွေ့ရင် ပိုက်ဆံသိမ်းတယ်။ ဖုန်းရှိရင် ဖုန်းသိမ်းတယ်။ ဖုန်းသိမ်းတာကတော့ ထုံးစံလို ဖြစ်နေပါပြီ။ မြန်မာဆိုရင် မကိုင်ရဘူးဆိုတဲ့ သဘောပေါ့” ဟု ထားဝယ်သား ရေလုပ်သား ကိုနောင်က ပြောသည်။

လှေသားများက အလုပ်သမား လက်မှတ်ရှိကြောင်းနှင့် သူဌေးက အာမခံနိုင်ကြောင်း ပြောသော်လည်း ထိုင်းရဲများက အထက်က ကောက်ခိုင်းခြင်း ဖြစ်ကြောင်းနှင့် လူခွန် ကောက်ခံခြင်း ဖြစ်ကြောင်း ပြောသည်ဟု ကိုနောင်က ဆက်လက်ပြောပြသည်။

တချို့သော လှေသားများ၏ သူဌေးများက မတရားငွေကောက်သည့် ကိစ္စကို မကျေနပ်သဖြင့် လာကောက်သော ရဲများနှင့် ပြဿနာ ဖြစ်ကြသည်ဟုလည်း သိရသည်။

ပါနန်တွင် ဈေးရောင်းနေသူ မွန်အမျိုးသမီးတဦးက “ကျမတို့ အိမ်တန်းလျားတခုလုံးကိုလည်း ပိုက်ဆံ လာကောက် သွားတယ်။ ကျမတို့ကတော့ သူတို့ (ထိုင်းရဲ) နဲ့ စကားမများချင်လို့ ပေးလိုက်တယ်။ ဒါပေမယ့် အုန်းတော သူဌေးရဲ့ တန်းလျားဘက်မှာတော့ လာတောင်းတာ မပေးလို့ ပြဿနာဖြစ်ကြတယ်လို့ ကြားတယ်”ဟု ပြောသည်။

အုန်းတောသူဌေး၏ တန်းလျားသို့ ထိုင်းရဲက ပိုက်ဆံကောက်ရန် လာသောခါ သူဌေးက ပိုက်ဆံကောက်ခွင့် စာရွက်ပါ လျှင် ပြခိုင်းပြီး အမိန့် စာမပါပါက ပြန်သွားရန် မောင်းထုတ်ကြောင်း၊ အကယ်၍ တရားဝင် ကောက်သည်ဆိုပါက သူ ကိုယ်တိုင် ကောက်ပေးမည်ဟု ပြောသဖြင့် ရဲက မကျေမနပ်ဘဲ ပြန်သွားကြောင်း၊ အုန်းတော သူဌေးတွင် တရားမ၀င် အလုပ်သမားများရှိသည်ဟု စစ်တပ်ကိုတိုင်ကာ ဖမ်းဆီးခိုင်းကြောင်း သိရသည်။

အာဏာပိုင်များနှင့် အလုပ်ရှင်သူဌေးများ ခင်မင်ပါက မြန်မာအလုပ်သမားများ အတောင်းခံရသည့် ပိုက်ဆံ ပြန်ရသည် ဟု ဆိုသည်။
“အခန်းတွေ ပိုက်ဆံလိုက်ကောက်တာတော့ ပါနန်တခွင်လုံးပဲ။ ဒါပေမယ့် သူဌေးက ပုလိပ်နဲ့ သိရင်၊ လူကြီးနဲ့ သိရင်တော့ ဘယ်ပုလိပ်ဖမ်းသွားတယ်ဆိုတာကို ပြောနိုင်ရင် ပြန်တောင်းပေးတယ်။ ပိုက်ဆံဖြစ်ဖြစ်၊ နာရီဖြစ်ဖြစ်” ဟု ရခိုင်ပြည်နယ်သား ကိုအောင်သာထွန်းက ပြောသည်။

ပါနန်အရပ်တွင် ထိုင်းရဲများက ဖမ်းဆီးခြင်း၊ ငွေတောင်းခြင်းများသည် နှစ်နှင့်ချီ၍ ကြာနေပြီ ဖြစ်သော်လည်း လူခွန်ဟု ဆိုကာ ဘတ် ၂၀၀ စီကောက်ခံခြင်း၊ အထက်ကခိုင်းသည်ဟူ ဆိုကာ ငွေကြေး ကောက်ခံခြင်းတို့မှာ ၂လခန့်သာ ရှိသေးသည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပါနန်ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ အခန်းများကို ပိုက်ဆံ ကောက်ခြင်း မရှိကြောင်း၊ အလုပ်သမားလက်မှတ် ရှိမရှိကိုသာ စစ်ဆေးခြင်းဖြစ်ကြောင်း အဆိုပါ ရဲစခန်းမှ အမျိုးသမီး ရဲဝန်ထမ်း တဦးက ဖြေကြားသည်။

ပါနန်တွင် မြန်မာနိုင်ငံသား အများအပြားရှိသော်လည်း မြန်မာနိုင်ငံသားများ အရေးကို ဆောင်ရွက်သော အဖွဲ့အစည်း များ မရှိသောကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု၊ မြန်မာနိုင်ငံသားများ အနိုင်ကျင့်ခံနေရမှု သတင်းများကို ထုတ် ဖော်ရေးသားရန် ခက်ခဲကြောင်း သိရသည်။

source by : ဧရာဝတီ
ကိုထွေး | ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်ကို ထုတ်ပြန် ကြေညာခြင်း မရှိသေး သောကြောင့် ပါတီများ စည်းရုံး လှုပ်ရှားရမည့် အချိန် နည်းပါးသဖြင့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောဆိုသည်။

ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ ယမန်နေ့ နေ့လယ် ၁ နာရီ မှ ၃ နာရီ အထိ ၂ နာရီကြာ သွားရောက် တွေ့ဆုံရာတွင် ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောပြသည်။

ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက “ရွေးကောက်ပွဲ ကျင်းပမယ့်ရက် အခုထိ ကြေညာတာ မရှိသေးဘူး။ ဒီလို အခြေအနေမှာ ရွေးကောက်ပွဲ ၀င်မယ့် ပါတီတွေ အနေနဲ့က စည်းရုံး လှုပ်ရှားမယ့် အချိန်က အရမ်းနည်းတယ်။ တရားမျှတမှု ရှိမယ် ဆိုတာ ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“ရွေးကောက်ပွဲဝင်တဲ့ ပါတီအဖွဲ့ အစည်းတွေရဲ့ အသံကလည်း သိပ်ပြီးတော့ ကျယ်ကျယ်လောင်လောင် မကြားရဘူး လို့လည်း ပြောပါတယ်”ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံ လျှောက်လဲချက်နှင့် နေအိမ်ပြင်ဆင်မှုများကို ထပ်မံဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ဦးဉာဏ်ဝင်း က ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကျင်းပမည့် ရွေးကောက်ပွဲ သည် တရားမျှတမှုရှိမည် မဟုတ်သည့်အတွက် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

NLD သည် ပြီးခဲ့သည့် နှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာအသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုရန် စသည့် အချက်များကို စစ်အစိုးရက လိုက်လျောလျင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည်ဟူသော မူပေါ်တွင် ရပ်တည်ထားသည်။

နိုင်ငံတကာရှိ လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကလည်း စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိမည် မဟုတ်ကြောင်း ဝေဖန်ပြောဆိုလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင် တရားစွဲ ခံခဲ့ရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျနေချိန်တွင် ဥပဒေ ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေး အတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။

source by : ဧရာဝတီ
ကိုထွေး | မှတ်ပုံတင်ခွင့် ကျပြီးသည့် နိုင်ငံရေးပါတီ ၃၉ ခု အနက် ပထမဆုံး ထုတ်ဝေသည့် ပါတီ စာစောင်အဖြစ် ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ၏ “The Union” စာစောင် ဇူလိုင်လ ၂၆ ရက်နေ့က ထွက်ရှိ လာသည်။

ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံကို မျက်နှာဖုံး၌ ပုံနှိပ် ထုတ်ဝေ ခဲ့သော အဆိုပါ စာစောင်တွင် ပါတီ ခေါင်းဆောင်များနှင့် ပတ်သက်သည့် အချက် အလက်များ၊ ပါတီမူဝါဒ၊ လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများ အပြင် “ဒီမိုကရေစီ ရှာပုံတော်”၊ “အဂတိ လိုက်စားမှု တိုက်ဖျက်ရေး”၊ “လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုလျှင်” စသော ဆောင်းပါးများ ပါရှိသည်။

UDP ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းက “မျက်နှာဖုံးက ဗိုလ်ချုပ် အောင်ဆန်းပုံနဲ့ ထွက်တော့ လူတွေက ကြိုက်ကြ တယ်လို့ ကြားတယ်။ အဓိက ရည်ရွယ်ချက်က ပါတီရဲ့ မူဝါဒ သဘောထား တွေကို ပြည်သူ လူထုနဲ့ နီးစပ်စေဖို့နဲ့ ပါတီရန်ပုံငွေကို အထောက် အကူ ဖြစ်စေဖို့ပါ။ စာပေ ဖြန့်ချိရေး လုပ်ငန်း ကြီးတွေက ပါတီ စာစောင်ကို သိပ်မလုပ် ပေးချင်ဘူး။ သူတို့ ထိခိုက်မှာကို စိုးရိမ်နေ ကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အာမခံကြေးသာ သွင်းရပြီး စာပေစိစစ်ရေး မတင်ရသည့် ပါတီစာစောင်များ ထုတ်ဝေခွင့် ပြုထားပြီဖြစ်သော်လည်း နိုင်ငံရေးပါတီ ၁၃ ပါတီခန့်ကသာ စာစောင်ထုတ်ဝေခွင့်အတွက် ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားကြသေး သည်။

ပါတီအများစုမှာ စာစောင်ထုတ်ဝေရန် ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

UDP ၏ ပါတီ စာစောင်နှင့်ပတ်သက်သည့် ကုန်ကျစရိတ်ကို ပါတီဥက္ကဋ္ဌ က စိုက်ထုတ်ထားသည်ဟု အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က ပြောပြသည်။

The Union စာစောင်တွင် စာမျက်နှာ ၁၈ မျက်နှာပါရှိပြီး တစောင်လျှင် ၅၀၀ ကျပ်နှုန်းဖြင့် ပါတီဝင်များနှင့် ပြည်သူများ ထံသို့ ရောင်းချကြောင်း၊ စောင်ရေ ၁၅၀၀ ခန့်ပုံနှိပ်ပြီး စာစောင် ၁၁၀၀ ခန့်ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များသို့ ဖြန့်ဝေထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)ကလည်း ယခုတပတ်အတွင်း ပါတီစာစောင် ထုတ်ဝေသွားမည် ဖြစ်ကြောင်း ပါတီခေါင်းဆောင်များက ဆိုသည်။

မတ်လအတွင်းက နိုင်ငံရေး ပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပုံနှိပ်ထုတ်ဝေမည့် စာရွက်စာတမ်းများ အတွက် စာပေ စိစစ်နှင့် မှတ်ပုံတင်ဌာနသို့ မှတ်ပုံတင်ရန် ညွှန်ကြားချက်ကို စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ ပုံနှိပ်သူများ၊ ထုတ်ဝေ သူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်ဗဟို အဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယင်းညွှန်ကြားချက်တွင် စစ်အစိုးရကို မဆန့်ကျင်ရန်၊ စစ်တပ်ကို မပုတ်ခတ်ရန်၊ ထုတ်ပြန်ထားသော အမိန့်များအား မဆန့်ကျင်ရန် စသည့် ကန့်သတ်ချက်များအပြင် ပါတီများသည် မှတ်ပုံတင်ကြေး ကျပ် တသိန်းနှင့် အာမခံကြေး ကျပ် ငါးသိန်းကိုလည်း သွင်းရမည်ဟု ပါရှိသည်။

အကယ်၍ နိုင်ငံရေးပါတီများက သတ်မှတ်ချက်များကို ဖောက်ဖျက်ပါက အာမခံကြေး တစိတ်တဒေသဖြစ်စေ အားလုံး ကို ဖြစ်စေ သိမ်းယူခံရမည်ဖြစ်ပြီး ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူမည်ဟုလည်း ဖော်ပြထားသည်။

“စာပေစိစစ်ရေးက မနေ့က ခေါ်တွေ့တယ်။ ပါတီ သတင်းစာစောင် က ဂျာနယ်ပုံစံဖြစ်နေတယ် ဆိုပြီးတော့ ပြောတယ်။ ဒီနေ့ ထပ်တွေ့ဦးမယ်လို့လည်း ခေါ်ထားတယ်”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နောက်ဆုံး လျှောက်ထားသည့် ပါတီမှာ ဇူလိုင်လ ၂၇ ရက်နေ့တွင် လျှောက်ထားသည့် လူမျိုးပေါင်းစုံ စည်းလုံးညီညွတ် ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ကယားပြည်နယ်) ဖြစ်သည်။

source by : ဧရာဝတီ
အောင်ထက် | ရွှေတိဂုံစေတီ အရှေ့ဘက် စောင်းတန်းအနီး ပိဋကတ်တိုက်များတွင် သီတင်းသုံးနေထိုင်ကြသော ရဟန်းရှင်လူများအား ဇူလိုင် (၂၅) ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရန် ညွှန်ကြားထားသော်လည်း ရွှေပိဋကတ်တိုက် အမှတ် (၆) ရှိ စာသင်သံဃာတို့က ပိဋကတ်တိုက်အတွင်းမှ ဖယ်ရှားပေးခြင်း မရှိသေးကြောင်း သိရသည်။

အရှေ့ဘက် စောင်းတန်းအနီး ပိဋကတ်တိုက် (၈) ခုအနက် (၆) ခုတွင် သီတင်းသုံး နေထိုင်နေကြသော ရဟန်းရှင်လူများအား ရွှေတိဂုံစေတီ ဂေါပက၏ ညွှန်ကြားချက်ဖြင့် ဖယ်ရှားခိုင်းခြင်း ဖြစ်သည်။

အဆိုပါ စာသင်သားများကို ပြီးခဲ့သည့် ဇူလိုင် (၂၀) ရက်နေ့က ရန်ကုန်တိုင်း သံဃနာယကရုံးသို့ ပင့်ဖိတ်ခေါ်ယူကာ ရွှေတိဂုံ စေတီတော် ၀တ္တကမြေအတွင်းရှိ ဗုဒ္ဓသန္တက အဆောက်အအုံများမှ ဖယ်ရှားပေးရန် လက်မှတ် ရေးထိုးစေသည်ဟု ထိုစဉ်က အစည်းအဝေးတက်ရောက်ခဲ့သူ သံဃာတပါးက မိန့်ဆိုသည်။

ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ဝင်တဦးက “ပိဋကတ်တိုက် မူလ အဆောက်အအုံမှလွဲ၍ အသစ်ဆောက်လုပ်ထားတဲ့ အဆောက်အအုံ ပရိဘောဂတွေကို ဖြုတ်သိမ်းခွင့် ပေးပါတယ်။ ဂေါပကအဖွဲ့ကို အကြောင်းကြားရင် မော်တော်ယာဉ် စီစဉ်ပေးပါတယ်။ ရွှေ့ပြောင်းလိုတဲ့ ကျောင်းတိုက်ကို ပို့ဆောင်ပေးတယ်။ ပိဋကတ်တိုက်တခုကို ပြောင်းရွှေ့စရိတ် သိန်း (၃၀) ထုတ်ပေးပါတယ်” ဟု ပြောဆိုသည်။

ယခုအခါ ပိဋကတ်တိုက် (၅) တိုက် ဖယ်ရှားပြောင်းရွှေ့ပြီးဖြစ်ကာ ပြောင်းရွှေ့ပြီးသော ပိဋကတ်တိုက်အား ဂေါပကအဖွဲ့မှ ဓာတ်ပုံရိုက်ကာ အဆောက်အအုံအား သော့ခတ်လိုက်ကြောင်း ရွှေနံ့သာရပ်ကွက်နေသူတို့ထံမှ သိရသည်။

သို့သော် ရွှေပိဋကတ်တိုက် အမှတ် (၆) ရှိ စာသင်သံဃာတို့သည် ပြောင်းရွှေ့စရိတ် ကျပ်သိန်း (၃၀) ကို လက်ခံခြင်း မပြုသကဲ့သို့ ပိဋကတ်တိုက်အတွင်းမှလည်း ဖယ်ရှားခြင်းမပြုသေးပေ။

“ရွှေပိဋကတ်တိုက်က ညောင်တုန်း စာသင်တိုက်အခွဲ ဖြစ်ပါတယ်။ ညောင်တုန်း ဆရာတော်ဘုရားကြီးက ကိုယ်တော်တို့ ခြောက်တိုင်း ကြောက်စရာမလို။ လက်ရှိ ပိဋကတ်တိုက်အတွင်းမှ ဖယ်ရှားခြင်းမပြုရန် မိန့်မှာထားပါတယ်” ဟု ရွှေကျောင်းတိုက်နှင့် နီးစပ်သူတဦးက ပြောကြားသည်။

ရွှေပိဋကတ်တိုက်သည် ပြည်ပ အသံလွှင့်မီဒီယာများနှင့် ဆက်သွယ်မှုများကြောင့် ကျောင်းတိုက်အနီးတွင် အရပ်ဝတ်လုံခြုံရေးအချို့ချထားကာ အခြေအနေကို အနီးကပ် စောင့်ကြည့်နေသည်ဟုလည်း သိရသည်။

ရွှေတိဂုံစေတီ အရှေ့ဘက် စောင်းတန်းအနီး ပိဋကတ်တိုက် (၈) ခုရှိသော်လည်း ဒေါ်ငွေညွန့် ပိဋကတ်တိုက် အမှတ် (၃)၊ ဒေါ်လှဆင် ပိဋကတ်တိုက် အမှတ် (၄)၊ ရွှေပိဋကတ်တိုက် အမှတ် (၆)၊ ဦးဘန်နီကျော် ပိဋကတ်တိုက် အမှတ် (၂)၊ ဦးအုန်းဖေ ပိဋကတ်တိုက် အမှတ် (၇)၊ ဦးစိန်ဝင်း ပိဋကတ်တိုက် အမှတ် (၈) တို့ကို နေရာမှ ဖယ်ရှားခိုင်း သဖြင့် သံဃာတော် (၁၃) ပါးနှင့် ပိဋကတ်တိုက်ပိုင်ရှင်များဧ။် ဆွေမျိုးအဆက်ဆက် လူဦးရေ (၅၀) ကျော်တို့ ကျောင်းမဲ့၊ အိုးအိမ်မဲ့ ဖြစ်ကြရကြောင်း သိရသည်။

အဆိုပါ ပိဋကတ်တိုက်တို့သည် ပိုင်ရှင်အမည်ပေါက်ဂရန်နှင့် သားမြေးအမည်ပေါက် လျှပ်စစ်မီတာများရှိသော မြေကွက်များဖြစ်ပြီး သက်ဆိုင်ရာတို့က ၎င်းတို့အလိုရှိသောအခါ ၀တ္တကမြေဟု အဓမ္မသတ်မှတ်လိုက်ခြင်းသာဖြစ်ကြောင်း ပိဋကတ်တိုက် အမှတ် (၇) တွင် နေထိုင်သူတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ဖျာပုံ ( ဦးအုန်းဖေပိဋကတ်တိုက်) ပိုင်ရှင် ဦးအုန်းဖေဆိုတာ ရွှေတိဂုံဘုရားကို ရွှေပိသာနဲ့ချီလှူလာတာ။ ခု ပိဋကတ်တိုက်ကိုလည်း ရွှေဒင်္ဂါးပြားတွေရောင်းပြီး တည်ဆောက်ထားတာ။ အနှစ် (၇၀) မကတော့ဘူး။ သူတို့ပေးတဲ့ သိန်း (၃၀) ဆိုတာ မြို့သစ်မှာ (၁၀) ပေမြေတကွက်ဖိုးမရှိဘူး။ ဒါကြောင့် သူတို့ပေးတဲ့ငွေကို လုံးဝ လက်မခံခဲ့ဘူး။ သူဌေးရဲ့ သားစဉ်မြေးဆက်တွေ ခုထိ ရှိနေပါသေးတယ်” ဟု ဆိုသည်။

အဆိုပါ ပိဋကတ်တိုက်တို့သည် ရွှေတိဂုံစေတီ အရှေ့ဘက်စောင်းတန်းမှ ဦးထောင်ဘိုလမ်းထိပ် အထိ အတန်းလိုက် တည်ရှိပြီး အာဇာနည်လမ်း (ယခင်-ထရန်စပို့လမ်း) နှင့် ကပ်လျက်ဖြစ်သည်။

ယင်း ပိဋကတ်တိုက်တို့နှင့် တတန်းတည်း တည်ရှိနေသည့် ရဲပိဋကတ်တိုက် အမှတ် (၁)၊ ကြေးတိုင်နှင့် မြေစာရင်းဓမ္မာရုံတို့အတွင်း လက်ရှိနေထိုင်လျက်ရှိသည့် လူများကိုမူ ဂေါပကအဖွဲ့မှ ပြောင်းရွှေ့ပေးရန် ညွှန်ကြားခြင်း မရှိသည့်အတွက် ရွှေတိဂုံစေတီ ဂေါပက၏ ညွှန်ကြားချက်သည် တရားမျှတမှုမရှိဘဲ ဘက်လိုက်မှုများ ရှိနေသည်ဟု ပြောင်းရွှေ့ရသည့် ပိဋကတ်တိုက်များတွင် နေထိုင်သူတို့က ဆိုသည်။

source by : ခေတ်ပြိုင်


ခိုင်လင်း | ယခုလ (၂၅) ရက်၌ ကချင်ပြည်နယ်၊ ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဖားကန့်-ဆိပ်မူ ကားလမ်းပေါ်ရှိ ဥရုချောင်း ဖြတ်ကျော်သည့် သံဘောင်ဘီလီတံတားပေါ်၌ မြေစာများတင်လာသည့်ကား (၂) စီး ဖြတ်သန်းနေစဉ် တံတားကျိုးကျသဖြင့် လူ (၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်

ကျောက်ကျင်းမှစွန့်ပစ်မည့် ကျောက်မြေစာများ တင်လာသည့် မောနင်းစတားကျောက်ကုမ္ပဏီမှ ကား (၂) စီး ဖြတ်ကျော်နေစဉ် ကျိုးကျသဖြင့် အဆိုပါ ကားများနှင့်အတူ တံတားပေါ်တွင် မောင်းနှင်နေသည့် ဆိုင်ကယ်များပါ ဥရုချောင်းထဲ ကျသွားသည်ဟု ဖားကန့်ဒေသခံတဦးက ပြောသည်။

၎င်းက “တံတားက အလယ်လောက်မှာ ကျိုးသွားတာ။ ကားက မြေစာတင်ထားတယ်ဆိုတော့ အနည်းဆုံး (၁၅) တန်လောက်စီ ရှိနိုင်တယ်။ တစီးကျော်ပြီးမှ တစီးမဖြတ်ဘဲ ရှေ့နောက်သွားတော့ ဝန်မခံနိုင်ဘဲ ကျိုးပြီး (၂) စီးလုံး ကျသွားတယ်။ အဲဒီအချိန်မှာ တံတားပေါ်ရောက်နေတဲ့ ဆိုင်ကယ်တွေလည်း ကျသွားတယ်၊ (၃) စီးကျတယ်လို့ ပြောတယ်။ ဘယ်နှစီးကျမှန်း အတိအကျ မသိဘူး။ ရေကကြီးနေတာလေ။ ကားသမား (၁) ဦး သေတယ်ဆိုတာတော့ သိတယ်။ ကျန်တဲ့ဟာတွေက ရေကူး ပြန်တက်နိုင်တယ်လို့လည်း ပြောနေတယ်” ဟု ပြောသည်။

ဖားကန့်မြို့နှင့် မရှီးကထောင်းကျေးရွာအား ဆက်သွယ်ထားသည့် ဖားကန့်သံတံတားကြီးသည် အရှည်ပေ (၃ဝဝ) ဝန်းကျင်ရှိပြီး မကြာသေးသည့် နှစ်ပိုင်းကလည်း အလားတူ တံတားကျိုးကျခဲ့သေးကြောင်း၊ ယခုတံတားကျိုးမှုတွင် လူ (၁) ဦးထက်မနည်း သေဆုံးနိုင်ကြောင်း အဆိုပါ ဖားကန့်ဒေသခံက ပြောသည်။

၎င်းက “လွန်ခဲ့တဲ့ (၃၊ ၄) နှစ်ကလည်း အဲလို ကျိုးဖူးတယ်။ အဲဒီတုန်းကလည်း ကားဖြတ်နေတုန်း ကျိုးတာပဲ။ ရေလည်း ကြီးတော့ ကြီးနေတာပဲ။ ရေကြီးလို့ ကျိုးတာ မဟုတ်ဘူး။ တံတားက အလေးချိန် မခံနိုင်လို့ ကျိုးတာ။ အဲဒါ ကုမ္ပဏီက ပြန်လျော်ပေးရမယ်ဆိုပြီး ကုမ္ပဏီနဲ့ ဖားကန့်မြို့နယ် အာဏာပိုင်တွေနဲ့ တွေ့နေကြတယ်လို့ ပြောတယ်။ လူတွေကတော့ ကြိုးတံတားကနေ ကူးလို့ရနေတယ်၊ မရှီးကထောင်း ကြိုးတံတား ရှိနေတယ်။ ဒါပေမယ့် အခုသံတံတားကျိုးသွားတော့ ကုန်ကားတွေဖြတ်လို့ ဘယ်ရတော့မလဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှ စ၍ ဖားကန့်ဒေသအတွင်း မိုးများ ဆက်တိုက် ရွာသွန်းနေသဖြင့် ချောင်းများ ရေကြီးရေလျှံမှု ဖြစ်ကာ နေအိမ် ရာနှင့်ချီ ပျက်စီးခဲ့ပြီး ဒေသအတွင်း လမ်းများပျက်စီး၊ ရေများဖုံးလွှမ်းကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်နေချိန်တွင် ယခုကဲ့သို့ တံတားတခု ထပ်မံကျိုးကျခဲ့ခြင်းဖြစ်သည်။


source by :NEJ


ဦးကျော်ထင် | မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ တိုးတက်သော ဒီမိုကရက်တစ် ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့အတွက် စစ်အစိုးရက ဖိအားပေးထားချိန်မှာ နယ်ခြားစောင့်တပ် အသွင်မပြောင်းဖို့ ဆုံးဖြတ်ထားတဲ့ DKBA တပ်မဟာ ၅ နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်လာရင် KNU ကရင်အမျိုးသား အစည်းအရုံးက ကူညီ တိုက်ပေးမယ်လို့ ပြောလိုက်ပါတယ်။

KNU ကနေ ခွဲထွက်သွားတဲ့ DKBA တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကိုလည်း အစိုးရတပ်တွေနဲ့ တိုက်ပွဲဖြစ်လာရင် KNU နယ်မြေထဲမှာ လာရောက်ခိုလှုံကြဖို့ KNU က ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ တပ်မဟာ ၅ ကို အစိုးရတပ်တွေနဲ့ ပေါင်းတိုက်မယ်လို့ သတင်းတွေ ထွက်နေတဲ့ DKBA တပ်မဟာ ၉၉၉ က တပ်သားတယောက်ကလည်း တိုက်ပွဲပြင်နေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ခုရက်ပိုင်းတွေအတွင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံတဲ့ DKBA တပ်မဟာ ၅ နဲ့ စစ်အစိုးရအကြား တင်းမာမှုတွေ သိသိသာသာ များလာပါတယ်။ အကယ်၍ စစ်အစိုးရနဲ့ တပ်မဟာ ၅ အကြား တိုက်ခိုက်မှုတွေ ဖြစ်လာခဲ့ရင် KNU ကရင်အမျိုးသား အစည်းအရုံးက ကူညီတိုက်ခိုက်မယ်လို့ ဆိုပါတယ်။


KNU ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါက ကူညီဖို့ အဆင်သင့်ရှိတယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ကတော့ ကူတိုက်ရမှာပေါ့ဗျာ၊ ကူတိုက်တာလား၊ သူတို့ကပဲ ကူတိုက်တာလားတော့ မသိဘူး။ တိုက်ပွဲတွေကတော့ ပြန်ပြီးတော့ များလာမှာပေါ့။ ကျနော်တို့ကတော့ အမြဲတမ်း တိုက်နေတာပဲ။ တိုက်ပွဲတွေက ဖြစ်နေတယ်။ သူတို့အနေအထားကို ကြည့်ရတာတော့ သူတို့လာတိုက်ရင် သူတို့တိုက်မှာပဲ။ သူတို့ကတော့ သွားတိုက်မယ့်ပုံ မဟုတ်ဘူးပေါ့ဗျာ။ မြောက်ပိုင်းက KIO တို့၊ ၀တို့ အနေအထားမျိုးနဲ့ တူတယ်။”

မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကို ဗိုလ်မှူးကြီး စောလားပွယ်ရဲ့ တပ်မဟာ ၅ ကလွဲလို့ ကျန်တဲ့ DKBA ခေါင်းဆောင်ပိုင်းတွေက ပြီးခဲ့တဲ့ ဧပြီလက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ ငြင်းဆန်စဉ်ကတည်းက KNU ဟာ တပ်မဟာ၅ ကို ဆက်သွယ်ခဲ့တယ်လို့ ဒေးဗစ်သာကပေါက ဆိုပါတယ်။

“နအဖ အစီအစဉ်ကို လက်မခံဘူးပေါ့ဗျာ။ လက်မခံတဲ့ အခါကျတော့ ကျနော်တို့ကလည်း ဆက်သွယ်ပါတယ်။ နအဖကတော့ စစ်အာဏာရှင်စနစ် တည်မြဲရေးနဲ့ ရွေးကောက်ပွဲတို့ ဘာတို့လုပ်မယ်၊ Constitution ကလည်း မူမမှန်ဘူး၊ သဘောတရားရေးရာ ရှင်းပြတာပေါ့၊ အဲဒါတွေ ရှိပါတယ်။ မင်းတို့ နအဖ လက်အောက်ခံ မလုပ်နိုင်ရင်လည်း တို့နယ်မြေမှာ လာပြီး ခိုလှုံလို့ရတယ်၊ အဲဒီသဘောထားတွေတော့ ရှိပါတယ်။”

တချိန်တည်းမှာပဲ မြန်မာစစ်တပ်နဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ ၉၉၉ တပ်မဟာ ပေါင်းပြီး တပ်မဟာ ၅ ကို တိုက်ခိုက်လာနိုင်တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ၉၉၉ တပ်မဟာ အရာရှိ တယောက်ကတော့ ဒီသတင်းကို ငြင်းဆိုလိုက်ပါတယ်။

“အဲဒီသတင်းတွေက အမှားတွေ ဖြစ်နေတယ်။ အခုချိန်မှာတော့ အားလုံး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။ အားလုံး လုပ်စရာရှိတာတွေ အကုန် ပုံမှန်ပဲ ဆက်လုပ်နေပါတယ်။ သူတို့ဘက်က တင်းမာတယ်လို့တော့ မရှိပါဘူး။ လက်ရှိ အခြေအနေကတော့ အားလုံး အေးဆေးပါပဲ။”

DKBA ဟာ ၁၉၉၄ ခုနှစ်မှာKNU က ခွဲထွက်ပြီး စစ်အစိုးရနဲ့ ပူးပေါင်းခဲ့ပါတယ်။ အဲဒီနောက် မရှေးမနှောင်းမှာပဲ စစ်အစိုးရ တပ်တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာကြောင့် KNU ဟာ ဌာနချုပ် မာနယ်ပလောကို ၁၉၉၆ မှာ လက်လွှတ်ခဲ့ရပါတယ်။

စစ်အစိုးရဟာ DKBA နဲ့ အပစ်ရပ်စဉ်တုန်းက ကတိက၀တ်တွေကိုလည်း ဖောက်ဖျက်တယ်လို့ ဒေးဗစ်သာကပေါက ဝေဖန်လိုက်ပါတယ်။

“အရင်က အပစ်အခတ် ရပ်စဲရေး လုပ်တုန်းက သူတို့က မာနယ်ပလောကျပြီးရင် DKBA ဟာ ကရင်ပြည်နယ်ရဲ့ အစိုးရ ဖြစ်လာမယ်ဆိုတဲ့ ကတိပေးထားတာ ရှိတယ်။ အဲဒါ ဖြစ်မလာဘူး။ နောက် BGF လုပ်တဲ့အခါမှာ နအဖရဲ့ အရာရှိတွေက လာပြီး အုပ်ထိန်းမယ်၊ နောက်တချက်က သူတို့ DKBA ၅၀ အထက် ခေါင်းဆောင်တွေကို ဖယ်ရှားပစ်မယ်၊ စစ်ထဲမှာ မလုပ်ရတော့ဘူး ဆိုတဲ့အခါကျတော့ သူတို့မှာ ခြေလွတ်လက်လွတ် ဖြစ်ကုန်တာပေါ့ဗျာ။ အဲဒီလို ခြေလွတ်လက်လွတ်ဖြစ်တဲ့ အနေအထားကို သူတို့က လက်မခံနိုင်တဲ့ သဘောပါ။”

DKBA မှာ စုစုပေါင်းအင်အား ၄,၀၀၀ ကျော်လောက်ရှိပြီး အဲဒီအထဲက နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ တပ်မဟာ ၅ မှာတော့ အင်အား ၁,၂၀၀ ကျော်လောက် ရှိမယ်လို့ နယ်စပ် အကဲခတ်တွေက ခန့်မှန်းကြပါတယ်။


source by :voa



ဒေါ်လှလှသန်း | အာဆီယံနိုင်ငံ ဆယ်နိုင်ငံနဲ့ မဟာမိတ်နိုင်ငံတွေ တက်ရောက်ကြတဲ့ ဟနွိုင်းမြို့ တော်မှာ ဒီကနေ့စတင်မယ့် ၁၇ ကြိမ်မြောက် ARF ခေါ် အာဆီယံဒေသတွင်း လုံခြုံရေးဆိုင်ရာ ညီလာခံမှာ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံကိစ္စတွေကို ဦးစားပေးဆွေးနွေးကြဖို့ရှိပါတယ်။ အထူးသဖြင့် မကြာသေးမီက မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာနိုင်ငံဆီကို လက်နက်ပစ္စည်း ပို့ဆောင်ခဲ့ တယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ဇူလိုင်လ ၂၂ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

ARF ခေါ် အာဆီယံဒေသတွင်းညီလာခံကို တက်ရောက်ဖို့ ဟနွိုင်းကို ရောက်ရှိ နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဗီယက်နမ် ဒုတိယ၀န်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Pham Gia Khiem နဲ့ ဇူလိုင်လ ၂၂ ရက်နေ့က ဒေသတွင်းလုံခြုံရေးရဲ့ အကဲစမ်းမှုတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား ဆွေးနွေးခဲ့ရာမှာ မြန်မာ၊ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ စိုးရိမ်မကင်းဖြစ်မှုတွေကို မျှဝေခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေဟာ မြန်မာ ပြည်သူလူထုအပေါ်မှာသာမက အိမ်နီးနားခြင်းနိုင်ငံတွေကိုပါ သွားရောက် ထိခိုက်စေတယ်လို့လည်း ၀န်ကြီးကလင်တန်က ပြောခဲ့ပါတယ်။

ဒါ့အပြင် ဘယ်တော့ကျင်းပမယ်ဆိုတဲ့ အသေးစိတ် အချက်အလက်တွေ မသိရ သေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲများအရေးနဲ့ ပတ်သက်လို့လည်း စိုးရိမ်မကင်းဖြစ် မှုတွေရှိသလို မြောက်ကိုရီးယားထံက စစ်လက်နက်ပစ္စည်းတွေ မြန်မာနိုင်ငံကို ပို့ဆောင်နေတယ်ဆိုတဲ့ အချက်နဲ့ပတ်သက်လို့လည်း ဗီယက်နမ်ဝန်ကြီးနဲ့ စိုးရိမ် မကင်းဖြစ်မှုကို မျှဝေခဲ့တယ်လို့ ၀န်ကြီးကလင်တန်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းနဲ့ ကိရိယာတွေကို မြန်မာနိုင်ငံကို တင်ပို့နေတာနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုတွေကို ဗီယက်နမ်ဝန်ကြီးနဲ့အတူ ကျမတို့ ထုတ်ဖော်ပြောဆိုဖြစ်ပါတယ်။ မြောက်ကိုရီးယားက သင်္ဘောတစီးဟာ မကြာသေးမီတုန်းက မြန်မာနိုင်ငံကို စစ်ပစ္စည်းတွေ ပို့ဆောင်ခဲ့တယ်ဆိုတာကို လည်း ကျမတို့သိထားပါတယ်။

“ဒါ့အပြင် မြန်မာနိုင်ငံက မြောက်ကိုရီးယားဆီကနေ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အကူအညီရယူဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းတွေကြောင့် လည်း ကျမတို့ ဆက်ပြီး စိုးရိမ်မကင်းဖြစ်မိပါတယ်။”

ဝန်ကြီးကလင်တန် ကိုးကားခဲ့သလို မြောက်ကိုရီးယားထံက လက်နက်ဝယ်ယူမှု ရှိခဲ့ရင် မြန်မာနိုင်ငံဟာ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ချမှတ် ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ နဲ့ ငြိစွန်းရာ ရောက်နိုင်ပါတယ်။

ခုလို မြန်မာနိုင်ငံကို မြောက်ကိုရီးယားထံက လတ်တလောအကျဆုံး လက်နက် တင်ပို့မှုဟာ သင်္ကြန်တွင်းကာလက ဖြစ်နိုင်တယ်လို့ ၀ါရှင်တန်ရှိ မြန်မာစစ်သံမှူး ဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်က ဗွီအိုအေကိုပြောခဲ့ပါတယ်။

“ကျနော် အတွင်းထဲကရတဲ့ သတင်းတွေအရ သိသလောက် သင်္ကြန်မှာ ဗုံးကွဲပါ တယ်။ ဒီ သင်္ကြန်ဗုံးကွဲတာဟာ တဘက်က ဗုံးကွဲတဲ့အခါမှာ နိုင်ငံတကာကကော၊ ပြည်တွင်းကကော အာရုံက ဒီဗုံးကွဲတဲ့ဆီကို ရောက်သွားတဲ့အခါမှာ မြောက်ကို ရီးယား လက်နက်တင်လာတဲ့သင်္ဘောဟာ ရန်ကုန်ဆိပ်ကမ်းပေါ့လေ၊ အထူးသဖြင့်တော့ သီလ၀ါဘက်မှာ ကပ်တာများပါတယ်၊ အသာလေးကပ်ပြီး တော့ ညဘက်မှာ ပစ္စည်းတွေသယ်သွားတာရှိပါတယ်။

“အဲဒီတော့ ခိုးပြီးတော့မှ ပို့ခဲ့တယ်ပေါ့ဗျာ။ ကျနော် အတွင်းကရတဲ့ သတင်းအရ ဘယ်လိုမှ ဖုံးလို့ဖိလို့ မရပါဘူး။ အခုနောက်ပိုင်းတော့ အဲဒီလိုခိုးပို့လို့ သိပ်မလွယ် တော့ဘူး။ ဒီလို မလွယ်တဲ့အခါမှာ အခု မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ မြန်မာအစိုးရတို့ တိုင်ပင်ရပါလိမ့်မယ်။ အဲဒီအတွက်ကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မြန်မာပြည်ကို ရောက်လာတဲ့ အနေအထားမျိုး ရှိတယ်လို့ ကျနော်သုံးသပ်ပါတယ်ခင်ဗျ။”

ဗြိတိန်ထုတ် Jane’s ထောက်လှမ်းရေးမဂ္ဂဇင်းကလည်း အင်္ဂါနေ့ကဖော်ပြခဲ့တဲ့ ဆောင်းပါးတခုမှာ မြန်မာနိုင်ငံကနေ ပြည်ပကိုထွက်ပြေးခဲ့ပြီး မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းလိုတဲ့ဆန္ဒရှိတဲ့အကြောင်း ဓာတ်ပုံအထောက်အထားတို့ကို (နော်ဝေးနိုင်ငံ) အော်စလိုမြို့အခြေစိုက် DVB ဒီမိုကရက်တစ်မြန်မာ့အသံနဲ့ အယ်လ်ဂျာဇီးရားရုပ်သံလွှင့်ဌာနကို သတင်းပေး ခဲ့သူ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်း ပြောပြခဲ့တဲ့အချက်အလက်တွေကို နောက်ဆုံး ရရှိတဲ့ ဆက်သွယ်ရေးဂြိုဟ်တုကတဆင့် ရိုက်ကူးတဲ့ ဓာတ်ပုံအသစ်တွေက ပိုပြီး ခိုင်လုံစေတယ်လို့လည်း မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် P. J. Crowley ကတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုမှန်သမျှကို နီးနီးကပ်ကပ် စောင့်ကြည့်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

“မြောက်ကိုရီးယားရဲ့ အရင်ကမှတ်တမ်းတွေအရ ဒါဟာ အနီးကပ်စောင့်ကြည့်ရ မယ့် ကိစ္စတခုဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံနဲ့ မြောက်ကိုရီးယားနဲ့ ဘယ်လိုမျိုး ဆက်ဆံရေးပဲဖြစ်ဖြစ်၊ ကုန်သွယ်ရေးအရ ဆက်ဆံရေးပဲဖြစ်ဖြစ် အန္တရာယ်ပြုနိုင် မယ့် အလားအလာ ရှိနေတာပါပဲ။

“မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လိုက်နာဖို့ လိုအပ်တယ်ဆိုတာကို ကျနော်တို့ အလေးအနက် ဆက်ပြောနေပါတယ်။”

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားအစီအစဉ် ဖော်ဆောင်ဖို့ စိတ်ဝင်စားမှုမရှိဘူးလို့ ညီလာခံမှာ ငြင်းဆိုခဲ့ပါတယ်။

ဝန်ကြီးကလင်တန် ဒီကနေ့တက်ရောက်မယ့် ARF ညီလာခံမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Pak Ui Chun လည်း တက်ရောက်ဖို့ရှိပါတယ်။ အဲဒီ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ARF ညီလာခံအပြီးမှာတော့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

source by :VOA


NEJ | ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင် ကျင်းပနေသော (၁၇) ကြိမ်မြောက် အာဆီယံဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ဖိနှိပ်မှုများအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း အမေရိကန်နိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် တိုင်းရင်းသားလူမျိုးစုများအပေါ် တိုက်ခိုက်နေမှုများအား ရပ်တန့်ရန် တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ယနေ့ကျင်းပသည့် အာဆီယံဒေတွင်း လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ (အေအာအက်ဖ်) တက်ရောက်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟင်လာရီကလင်တန်က ကန့်သတ်ချုပ်ချယ်ထားသည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေများသည် ပြည်သူများကို ပိုမိုဖိနှိပ်ထားပြီး ယခုနှစ်ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှု မရှိနိုင်ကြောင်း ပြောဆိုလိုက်သည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဖိနှိပ်မှုတွေအပေါ် အထူးစိုးရိမ်ပူပန်နေပါတယ်” ဟု မစ္စစ်ကလင်တန်က အာဆီယံဒေသတွင်း ထိပ်သီးဆေးနွေးပွဲ တက်ရောက်သည့် အေအာအက်ဖ်အဖွဲ့ဝင် (၂၇) နိုင်ငံမှ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံစေရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး၊ တိုင်းရင်းသားများအပေါ် တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် လူ့အခွင့်အရေးများ လေးစားလိုက်နာရေးတို့အပါအ၀င် လိုအပ်သည့်အခြေအနေများကို လုပ်ဆောင်ရန် မစ္စစ်ကလင်တန်က မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။

ထို့အပြင် စစ်အစိုးရက နိုင်ငံတကာနျူကလီးယား မပြန့်ပွားရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုမူနေထိုင်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်း အာဆီယံနိုင်ငံများက သတိပေးပြောကြားရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားမှ စစ်လက်နက်ပစ္စည်းများ မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည့်သတင်းနှင့် မြန်မာစစ်အစိုးရအနေဖြင့် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး မြောက်ကိုရီးယားထံမှ အကူအညီရယူရန် ကြိုးပမ်းနေသည်ဆိုသော သတင်းထွက်ပေါ်ချက်များကြောင့်လည်း အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း မစ္စစ်ကလင်တန်က ယမန်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယနေ့စတင်ကျင်းပသည့် အေအာအက်ဖ် ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံ (၁၀) နိုင်ငံနှင့် မဟာမိတ်နိုင်ငံများအပါအ၀င် စုစုပေါင်းနိုင်ငံ (၂၇) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ဆွေးနွေးနေကြခြင်းဖြစ်သည်။

source by :NEJ


ဦးဇော်ဝင်းလှိုင် |၂၀၁၀ ရွေးကောက်ပွဲမှာ လူထုအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲမပေးလိုကြတဲ့အတွက် တခြား ဒီမိုကရေစီအရေး လိုလားတဲ့ နိုင်ငံရေးပါတီတွေကို မျှော်လင့် စောင့်စားနေကြတယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ နေရာမှာ စစ်အစိုးရက ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွဲလို့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ နယ်တွေကို အရောက်နည်းတဲ့အတွက် ဒေသခံတွေက နိုင်ငံရေးပါတီတွေ သူတို့ဒေသမှာ လာရောက် မဲဆွယ် စည်းရုံးကြဖို့ မျှော်လင့်နေတယ်လို့ နိုင်ငံရေးပါတီ တချို့က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့အတွက် မှတ်ပုံတင်ထားကြတဲ့ နိုင်ငံရေးပါတီတွေ အနေနဲ့ ကော်မရှင်က သတ်မှတ်ထားတဲ့ ပါတီဝင် အရေအတွက် ပြည့်ရေးနဲ့ တခြား ဘဏ္ဍာရေး အခက်အခဲတွေကို ဖြေရှင်းနေကြရတာကြောင့် နယ်တွေကိုသွားပြီး ထင်သလောက် မဲဆွယ်စည်းရုံးခြင်း မလုပ်နိုင်ကြသေးဘဲ ဖြစ်နေတာပါ။

အထူးသဖြင့် လူထုအနေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲမပေးချင်ကြတဲ့အတွက် အခုလို ဒီမိုကရေစီအရေး လိုလားတဲ့ နိုင်ငံရေးပါတီတွေ သူတို့ထံ လာရောက် စည်းရုံးကြဖို့ မျှော်လင့်နေကြတာလို့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ကိုယ်တိုင် လုပ်ဆောင်နေတဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။
“ကျနော်တို့သွားတဲ့၊ ရောက်တဲ့ မြို့နယ်တွေ ခပ်များများပေါ့၊ အဲဒီမှာ ပါတီတွေက စည်းရုံးရေး ဆင်းတဲ့လူတွေ တော်တော်နည်းသေးတယ်။ ဘယ်သူ့တွေ့ရလဲဆိုတော့ အထူးသဖြင့်ကတော့ ကြံ့ခိုင်ရေးပဲ တွေ့ရတယ်။ ကြံ့ခိုင်ရေးလည်း စနစ်တကျ စည်းရုံးတာတွေ ဘာတွေ သိပ်မရှိဘူး။ ကျနော်တို့ တွေ့ရသလောက်ကတော့ အိမ်တွေကို ဆင်းသွားတယ်၊ လူနာမည် စာရင်းတွေ မေးပြီးတော့ အဲဒါတွေက သူတို့ ကြံ့ခိုင်ရေး ဆိုပြီးတော့ ထည့်လိုက်တယ်။ မလိမ့်တပတ် လုပ်သွားတာလောက်၊ အဲဒါမျိုး စည်းရုံးရေးမျိုးပဲ ရှိတယ်။ ဆိုင်းဘုတ်တွေ ဘာလေးတွေတော့ ရှိတာပေါ့။

“ဒါပေမဲ့ တခြားပါတီတွေက စည်းရုံးရေး သိပ်မလုပ်ကြသေးဘူး။ အထူးသဖြင့် ပါတီတွေက ဘာလုပ်နေကြလဲဆိုတော့ ပါတီဝင် ၁,၀၀၀ ရရှိရေးအတွက် စုတာတို့ ဘာတို့ ဒီလောက်ပဲ ရှိသေးတာ တွေ့တယ်။ သိပ်ပြီးတော့ မတွေ့သေးဘူး။ အဲတော့ လူတွေက ဘာပြောလဲဆိုတော့ ပရိသတ်တွေကို ကျနော်တို့ တွေ့တော့ သူတို့က ကြံ့ခိုင်ရေးကို မဲမပေးချင်ဘူး၊ မဲမပေးချင်တော့ ကျန်တဲ့ နိုင်ငံရေးပါတီတွေ လာပြီး ပြိုင်စေချင်တယ်၊ ဘယ်သူမှလည်း မလာကြသေးဘူး။ အဲဒါမျိုးတွေပဲ တွေ့တယ်ပေါ့။ အဲတော့ မြန်မြန်လာကြပါ၊ မြန်မြန်ပြိုင်ကြပါ၊ ကျနော်တို့က ခင်ဗျားတို့ကို မဲပေးချင်နေတာပါ၊ ဆိုတော့ ကျနော်တို့ကလည်း အခက်အခဲကတော့ ဘဏ္ဍာရေး အခက်အခဲပါ။ ဘဏ္ဍာရေး အခက်အခဲသာ မရှိဘူးဆိုရင် ကျနော်တို့ အများကြီး အခုကတည်းက ကိုယ်စားလှယ်တွေ ရွေးပြီး ဖြစ်နေလောက်ပြီ။”

နယ်တွေကို လိုက်လံ စည်းရုံးရေး ဆင်းနေတဲ့ နိုင်ငံရေးပါတီတွေ နောက်ကို ထောက်လှမ်းရေးနဲ့ အာဏာပိုင်တွေက တကောက်ကောက်နဲ့ နောက်ယောင်ခံ လိုက်နေတဲ့အတွက် လူထုအနေနဲ့ မဲဆွယ် စည်းရုံးတာတွေကို လာရောက် နားထောင်ကြဖို့ ကြောက်လန့်တဲ့ အဖြစ်မျိုးနဲ့လည်း ရင်ဆိုင်ကြရတယ်လို့ ဦးသုဝေက ဆက်ပြောပြပါတယ်။

“သူတို့ကို မြင်တဲ့အခါကြတော့ ကြောက်တာပေါ့။ ရဲရဲတင်းတင်း မဆွေးနွေးရဲကြဘူး။ သူတို့ကလည်း လာတာက သတင်းလိုချင်လို့ လာတယ်လို့ ပြောတာကိုး။ သူတို့ကို ခိုင်းချင်တာ ခိုင်းရအောင်လို့ လာတယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့ လာတယ် ပြောတာပေါ့။ သို့သော် ကျနော်တို့က သူတို့ကို လူတွေက တွေ့တဲ့အခါကြတော့ အဟန့်အတားရှိတယ်၊ အနှောင့်အယှက်ရှိတယ်၊ ဖြစ်တယ်၊ ဒါလောက်ပါပဲ။”

တဘက်က နိုင်ငံရေးပါတီတွေ အခက်အခဲရှိအောင် အာဏာပိုင်တွေက လုပ်ဆောင်နေတဲ့ တချိန်တည်းမှာပဲ သူတို့ထောက်ခံထားတဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကတော့ ငွေအလုံးအရင်းနဲ့ မဲဆွယ် စည်းရုံးမှုတွေ နိုင်ငံအနှံ့ လုပ်ဆောင်နေပါတယ်။

“သူတို့ကတော့ သက်ဆိုင်ရာနဲ့ နီးစပ်တဲ့လူတွေ၊ သူတို့အဖွဲ့တွေဆိုတော့ လွယ်တာပေါ့၊ အခက်အခဲ မရှိဘူးပေါ့။ ငွေလည်း ရှိတယ်၊ အာဏာလည်း ရှိတယ်၊ အခွင့်အရေးလည်း ရှိတယ်။ အဲဒါတွေရှိတော့ သူတို့က တပန်းသာတယ်။ ဒါပေမဲ့ ကျနော်တို့ နယ်တွေ ဆင်းသွားတဲ့အခါမှာ လူထုက ကောင်းကောင်းသိတယ်၊ ဒီလိုအခက်အခဲတွေကို ကျနော်တို့ပါတီကို လုပ်တယ်ဆိုရင် သူတို့က မကြိုက်လေပေါ့။ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေကို မကျေနပ်လေပေါ့။ အဲဒီတော့ ဒီလို အခက်အခဲတွေ များများတွေ့လေ၊ ကျနော်ထင်တာကတော့ လူထုက ကျနော်တို့ကိုပဲ မဲပေးလေ ဖြစ်လိမ့်မယ်ထင်တယ်။ ပိုလာမှာပဲ၊ အခွင့်အရေးက ပိုကောင်းလိမ့်မယ် ထင်တယ်၊ သူတို့မှာ ငွေရှိလို့၊ အာဏာရှိလို့ ကြောက်စရာမလိုဘူး ထင်တာပဲ။ လူထုမဲ ကျနော်တို့ ရမှာပါ။”

နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတဲ့ နေရာမှာ အဲဒီလို အခက်အခဲ၊ အတားအဆီးတွေနဲ့ ရင်ဆိုင်နေကြရပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာရှိတဲ့ နိုင်ငံခြားဘာသာ အထူးပြု တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူ ၂,၀၀၀ လောက်ကို ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် အောင်မျိုးမင်းက မဲဆွယ်စည်းရုံးရေးစကား ပြောခဲ့တာမှာ လာမယ့် ရွေးကောက်ပွဲကျရင် စစ်တပ်ကနေ သွေးထွက်သံယို ဖြစ်တာမျိုး မလိုလားဘူး၊ အာဏာသိမ်းတာမျိုး မလိုလားဘူး၊ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေကို မဲပေးကြပါလို့ ပြောင်ပဲ စည်းရုံး ပြောကြားသွားတယ်လို့ ကျောင်းသားတချို့က ပြန်ပြောကြပါတယ်။

တချိန်တည်းမှာပဲ သူတို့ကို မဲပေးရင် ပျက်နေတဲ့လမ်းတွေ ကောင်းသွားအောင် ပြင်ပေးမယ်ဆိုပြီး ရန်ကုန်တ၀ိုက်မှာ ကြံ့ခိုင်ရေးပါတီက လိုက်လံစည်းရုံး မဲဆွယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ် အတွက်တော့ လူထုထံမှာ လိုက်လံ တောင်းဆိုနေတယ်လို့ ဆိုပါတယ်။

စစ်အစိုးရ အာဏာပိုင်တွေ၊ ၀န်ကြီးတွေ ကိုယ်တိုင်က သူတို့ပါတီကို ထောက်ခံကြဖို့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေနဲ့ ဘယ်လိုပဲ မဲဆွယ် စည်းရုံးနေကြပေမဲ့ လူထုကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲမပေးချင်ဘူးလို့ ပြောဆိုနေကြတဲ့အကြောင်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေတဲ့ နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။

source by :VOA


ဦးကျော်အောင်လွင် | ဆိုမာလီ ပင်လယ်ဓားပြတွေက ၄ လကျော် ပြန်ပေးဆွဲထားတဲ့ မြန်မာသင်္ဘောသား ၂၁ ဦးဟာ ကျန်းကျန်းမာမာနဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြန်လွတ်လာကြပြီလို့ သင်္ဘောကုမ္ပဏီက ပြောပါတယ်။ ကုမ္ပဏီအနေနဲ့ ဒီသင်္ဘောသားတွေရဲ့ ရပိုင်ခွင့် အပြည့်အ၀ ရရှိအောင် လုပ်ပေးဖို့တော့ မြန်မာသင်္ဘောသား အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းတုန်းက မြန်မာသင်္ဘောသား ၂၁ ဦးပါတဲ့ နော်ဝေပိုင် UBT Ocean သင်္ဘောကို ဆိုမာလီ ပင်လယ်ဓားပြတွေက ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့တာ အခုတော့ သင်္ဘောနဲ့အတူ သင်္ဘောသားတွေ အားလုံး ပြန်လွတ်မြောက်လာကြပါပြီ။ သူတို့တွေ အခြေအနေ ကောင်းတဲ့အကြောင်း သင်္ဘောကုမ္ပဏီဖြစ်တဲ့ စင်ကာပူ အခြေစိုက် နောတစ်တန့်ခ် (Nautictank) ကုမ္ပဏီက ပြောပါတယ်။

“သင်္ဘောသားတွေ အားလုံး အခြေအနေ ကောင်းကြတယ်ဆိုတာ ကျနော် အတည်ပြုချက် ပေးနိုင်ပါတယ်။ သူတို့အားလုံး ကျန်းမာရေး အခြေအနေတွေ ကောင်းကြတယ်၊ အားလုံးပဲ စိတ်ချရတဲ့ အနေအထားမှာ ရှိနေတယ်၊ သူတို့ရဲ့ မိသားစုတွေနဲ့ အမြန်ဆုံး ပြန်တွေ့နိုင်အောင် ကျနော်တို့ စီစဉ်နေပါတယ်၊ လောလောဆယ် သူတို့ သင်္ဘောပေါ်မှာပါ၊ စိတ်ချရပါတယ်။” လို့ နောတစ်တန့်ခ် သင်္ဘောကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အက်ဒ်ဝပ် အိုင်ရွန် ပြောခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောသားတွေရဲ့ လုံခြုံရေးအတွက် တခြား သတင်း အချက်အလက်တွေကိုတော့ မပေးနိုင်ဘူးလို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်သူရကတော့ အခုလို အချိန်ကြာကြာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာသင်္ဘောသားတွေရဲ့ ရပိုင်ခွင့်တွေကို သင်္ဘောကုမ္ပဏီဘက်က အပြည့်အ၀ ပြန်ပြီး မပေးမှာကို စိုးရိမ်နေပါတယ်။

“သင်္ဘောသားတွေကို ခန့်တဲ့ ကုမ္ပဏီတွေ ကိုယ်တိုင်က လုပ်သင့်လုပ်ထိုက်တဲ့ အရာလေးတွေ လုပ်ဖို့ ကျနော်တို့ ကုမ္ပဏီတွေကို တိုက်တွန်းထားတယ်။ အဲဒီမှာ အရေးအကြီးဆုံး အချက်က ကုမ္ပဏီက သူတို့ရဲ့ ကုန်တွေကို အန္တရာယ်ရှိတဲ့၊ ပင်လယ်ဓားပြတွေရှိတဲ့ လမ်းကြောင်းပေါ်ကို သွားမယ်ဆိုရင် သင်္ဘောသားတွေဘက်က ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ ကျနော်တို့ရဲ့ ရပိုင်ခွင့်က ဒီလမ်းကြောင်းအတွက် လိုက်ပါဆောင်ရွက်ခွင့် မပြုနိုင်တဲ့အကြောင်း လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ ကိုယ့်ရဲ့အလုပ်ကို မဆုံးရှုံးဘဲနဲ့ ရွေးချယ်ပိုင်ခွင့် ရှိတဲ့ဟာကို ကုမ္ပဏီတွေက ခွင့်ပေးရမယ်။ ဒါက မဖြစ်ခင် တားဆီးတာပေါ့။

“အကယ်၍ ဖြစ်သွားပြီဆိုရင်လည်း များသောအားဖြင့် ကျနော်တို့ မြန်မာသင်္ဘောသားတွေ တချို့က ကုမ္ပဏီတွေရဲ့ တင်းမာတဲ့ အမိန့်တွေ အောက်မှာသာလျှင် အလုပ် လုပ်ရတာများတော့ ကျနော်တို့မှာ ရွေးချယ်ပိုင်ခွင့် နည်းတဲ့အခါမျိုးကျရင် ဒီသင်္ဘောသားတွေရဲ့ စိတ်နေစိတ်ထားသည် နဂိုမူလ ပုံမှန်အနေအထားရဲ့ အခြေအနေမျိုး ဖြစ်လာအောင် တွေ့ကြုံရတဲ့ အန္တရာယ်ကြီးမှာဆိုရင် သူတို့ဟာ တစုံတရာ အတိုင်းအတာအားဖြင့် ထိခိုက်မှုတွေ ရှိတဲ့ဟာကို ကုမ္ပဏီ အနေနဲ့ရော၊ ကျနော်တို့ အဖွဲ့အစည်း အနေနဲ့ရော ၀ိုင်းဝန်းပြီးတော့၊ ပြီးရင် အစိုးရပိုင်း အနေနဲ့ရော ရှေ့ဆက်ပြီးတော့ သူတို့ ပုံမှန် အနေအထားနဲ့ ဖြစ်ဖို့ ပြန်လည် မွေးမြူပေးဖို့ဆိုတဲ့ အပိုင်းကိုလည်း တာဝန်ယူကြဖို့ ကျနော်တို့ အကြံပြုတာတွေ ရှိပါတယ်။”

ဆိုမာလီ ပင်လယ်ဓားပြတွေရဲ့ လက်ထဲမှာ မြန်မာသင်္ဘောသားတွေ အခုလို အဖမ်းခံခဲ့ရတာဟာ ပထမဦးဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ အရင်အကြိမ်တွေ တုန်းကလည်း ပြန်လွတ်မြောက်လာခဲ့ကြတဲ့ မြန်မာသင်္ဘောသားတွေကို သင်္ဘောကုမ္ပဏီတွေဘက်က နစ်နာကြေး ပေးတာ၊ ရသင့်တဲ့ ခံစားခွင့်တွေကို တိတိကျကျ ပေးတာမျိုးတွေ မလုပ်ခဲ့တဲ့ အတွက်လည်း အခုတခေါက် သင်္ဘောသားတွေအတွက် စိုးရိမ်မှုတွေ ရှိနေတာပါ။ သင်္ဘောကုမ္ပဏီတွေက သင်္ဘောသားတွေရဲ့ ဘ၀နဲ့ အသက်ထက် သူတို့ရဲ့ သင်္ဘောနဲ့ သင်္ဘောပေါ်မှာပါတဲ့ ကုန်ပစ္စည်းတွေကိုပဲ အဓိက ထားတတ်ကြတယ်လို့လည်း ဆိုပါတယ်။

အခု ပြန်ပေးဆွဲခံခဲ့ရတဲ့ သင်္ဘောဟာ ITF ခေါ် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်နဲ့ သင်္ဘောသားတွေရဲ့ အခွင့်အရေးဆိုင်ရာ စာချုပ် ချုပ်ထားတဲ့သင်္ဘော မဟုတ်တဲ့အတွက်လည်း မြန်မာ ပင်လယ်ပျော်များ သမဂ္ဂဘက်က စိုးရိမ်မှုတွေ ရှိနေတာပါ။

“အခု သင်္ဘော UBT Ocean ဆိုရင် ITF နဲ့ စာချုပ် ချုပ်ထားတဲ့သင်္ဘော မဟုတ်ဘူး။ ITF က ကျနော်တို့လို သမဂ္ဂတွေ ဖွဲ့ထားတဲ့ အဖွဲ့ချုပ် ဆိုတာကလည်း သူတို့ဆီမှာ စံချိန်စံညွှန်းနဲ့ညီတဲ့ စာချုပ်ရှိတယ်။ ကုမ္ပဏီနဲ့ ချုပ်ထားတဲ့အထဲမှာ ဒီကိစ္စသည် အရေးကြီးတဲ့အတွက် သူတို့ရဲ့ ကုမ္ပဏီက ဒီအချက်ကိုတော့ လိုက်နာရမယ် ဆိုတဲ့ဟာ ကျနော်တို့နဲ့ ချုပ်ထားထား၊ မချုပ်ထားထား ဒီအချက်က အင်မတန် သင်္ဘောသားတွေအတွက် သူတို့ရဲ့ ရပိုင်ခွင့်ဖြစ်တယ် ဆိုတဲ့ အချက်ကို ကျနော်တို့ အမြဲတမ်း ကုမ္ပဏီကို သတိပေး မီးမောင်းထိုးတာပေါ့လေ။”

မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂရဲ့ ဥက္ကဋ္ဌ ဦးအောင်သူရ ပြောသွားတာ ဖြစ်ပါတယ်။

UBT Ocean သင်္ဘောဟာ ပြီးခဲ့တဲ့ မတ်လတုန်းက အိန္ဒိယ သမုဒ္ဒရာ မာဒါဂတ်စကာ ကမ်းရိုးတန်းမှာ ခုတ်မောင်းနေတုန်း ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။


source by :VOA
စိုင်းဇွမ်ဆိုင်း | စစ်အစိုးရ၏ စီမံကိန်းတခု ဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရွှေလီ ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) မှ ဖြန့်ဝေပေး နေသော လျှပ်စစ်မီးသည် ဒေသခံများ အတွက် အထောက်အကူ မဖြစ်ကြောင်း သိရှိရသည်။


ရွှေလီ ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁)
(ဓာတ်ပုံ- သျှမ်းသံတော်ဆင့်)
တရုတ် - မြန်မာ နယ်စပ်မြို့များ ဖြစ်သော မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း စသည့် မြို့များတွင် ယခင်က တရုတ် နိုင်ငံမှ လျှပ်စစ်မီး ကိုသာ သုံးစွဲနေကြ သော်လည်း ရွှေလီ ရေအားလျှပ်စစ် စီမံကိန်း ဖွင့်လှစ်ပြီးခဲ့သည့် နောက်ပိုင်း ယင်းစီမံကိန်းမှ လျှပ်စစ်မီး ကိုသာ သုံးစွဲကြရမည်ဟု ဒေသခံ အာဏာပိုင်များမှ ယခုနှစ် ဧပြီလတွင် ညွှန်ကြား သဖြင့် တရုတ်မီးကို မသုံး ကြတော့ဘဲ ရွှေလီမီး ကိုသာ သုံးစွဲ ကြရကြောင်း မူဆယ်မြို့ခံ တဦးက ပြောသည်။

မူဆယ်၊ နမ့်ခမ်းနှင့် ပန်ဆိုင်းမြို့များသည် ၁၉၈၉- ၉၀ ဝန်းကျင်မှ စတင်ကာ တရုတ်မီးကို အသုံးပြုခဲ့ကြကြောင်း သိရသည်။

မူဆယ်မြို့တွင် စက်မှုဇုန်တခု ရှိပြီး ၎င်းစက်မှုဇုန်တွင် မော်တော်ကား၊ ထော်လာဂျီ၊ ထရက်တာ စသည်တို့ကို ပြင်ဆင်ခြင်း၊ တပ်ဆင်ခြင်း၊ စသည့်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။

ရွှေလီမီးသည် မီးအားပြည့်သော်လည်း ပုံမှန် မလာခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် လျှပ်စစ်မီးနှင့် အလုပ်လုပ်သူများ အနေဖြင့် လုပ်ငန်း မတွင်ကျယ်ကြောင်း လုပ်ငန်းရှင်များ က ဆိုသည်။

“ကျနော်တို့အလုပ်မှာ အဓိကကတော့ လျှပ်စစ်စွမ်းအင်ပါပဲ၊ တချိန်လုံးမီးလာနေတယ် ဆိုရင်တော့ အဆင်ပြေတယ်၊ အဲဒီ လို မဟုတ်ဘဲနဲ့ လာလိုက် ပျက်လိုက်နဲ့ ဆိုရင်တော့ အလုပ်ရှင်တွေရော အလုပ်သမားတွေပါ စိတ်အနှောင့်အယှက် ဖြစ်ရ တယ်၊ အလုပ်လည်း မတွင်ဘူး”ဟု မူဆယ်မြို့မှ စက်မှုလုပ်ငန်းရှင် တဦးက ပြောသည်။

ထော်လာဂျီများ ကိုတပ်ဆင်ရောင်းချသည့် လုပ်ငန်းရှင် တဦးက“တရုတ်မီး ဆိုရင် မီတာဘောက်စ် ထိန်းသိမ်း စောင့် ရှောက်ခတွေ ဘာတွေလည်း ဘာမှ ပေးစရာမလိုဘူး၊ ရွှေလီမီးသုံးရမယ်ဆိုမှ ဘာကြေး၊ ညာကြေး၊ ပြီးတော့ မီးလည်း မမှန်ဘူး၊ အတင်း သုံးခိုင်းလို့သာ သုံးနေရတယ်”ဟု ဆိုသည်။

ရေခဲစက်ပိုင်ရှင် တဦးကလည်း“အရင် တရုတ်မီး သုံးနေတုန်းကဆိုရင် ဘာမှပြဿနာမရှိဘူး၊ ဒီ ရွှေလီမီး ကို မယူလို့လည်း မရတော့ သုံးနေရတာပေါ့၊ ဈေးကလည်း ပိုကြီးသေးတယ်၊ အဆင်လည်းမပြေဘူး”ဟု ဆိုသည်။

ယင်းစီမံကိန်းမှ လျှပ်စစ်မီးကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စတင်ဖြန့်ဖြုးပေးနိုင်သော်လည်း ယင်းစီမံကိန်းအနီးရှိ မြို့များ ဖြစ်သော မူဆယ်နှင့် နမ့်ခမ်းမြို့တို့ကို ယခုနှစ် ဧပြီလမှသာ လျှပ်စစ်မီး ပေးနိုင်ခဲ့သည်။ စတင်ဖြန့်ဖြူးချိန်တွင် မီတာခကို တရုတ် ယွမ်ငွေဖြင့် ပေးဆောင်ရသည်။ သို့သော် ယခုလအကုန်တွင် မြန်မာကျပ်ငွေဖြင့်သာ ပြန်လည်ပေးဆောင်ရမည်ဟု မူဆယ်မြို့ခံ တဦးက ဆိုသည်။

မူဆယ်၊ နမ့်ခမ်းနှင့် ပန်ဆိုင်းမြို့များတွင် ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်မီး အတွက် တယူနစ်လျှင် တရုတ်ငွေ ၂ ယွမ် (၃၁၄ ကျပ်) ပေးဆောင်ရသည်။ ဒေသခံများ ယခင်က အသုံးပြုသည့် တရုတ်မီး အတွက် တယူနစ်လျှင် ၁.၂ ယွမ် ခန့်သာ ပေးဆောင်ကြရကြောင်းလည်း မူဆယ်မြို့ခံက ပြောသည်။

ရွှေလီရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်မီးကို လားရှိုး၊ မန္တလေး စသည့်မြို့များသို့ပါ ဖြန့်ဖြူးပေးရန်အတွက် လျှပ်စစ် မီးကြိုးများ သွယ်တန်းနေပြီဖြစ်ပြီး လားရှိုးမြို့ရှိ နေရာအများစုတွင်လည်း ရွှေလီမီးကို အသုံးပြုနေကြပြီဖြစ်ကြောင်း သိရှိရ သည်။ သို့သော် ယင်းမြို့များတွင် နယ်စပ်မြို့များကဲ့သို့ အတင်းအကျပ် သုံးစွဲစေခြင်းမျိုးများမရှိကြောင်း သိရှိရသည်။

“ဒီမှာကတော့ မီတာခကို မြန်မာငွေနဲ့ပဲ ဆောင်ရပါတယ်၊ ရွှေလီမီးကိုရော အရင်တုန်းက သုံးနေတဲ့မီးကိုရော အစိုးရ EPC ကပဲ စီမံခန့်ခွဲတာပါ၊ ဒီမှာရှိတဲ့ ဆီစက် အများစု ကတော့ ရွှေလီမီးက ဈေးပိုကြီးတဲ့အတွက် အသုံးပြုဖို့ ဘယ်သူမှ မလျှောက်ကြတော့ဘဲ အရင်တုန်းကရှိတဲ့ ပါဝါမီတာကိုပဲ ဆက်သုံးပါတယ်”ဟု လားရှိုးမြို့ခံတဦးက ပြောသည်။

ရွှေလီရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) သည် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် ၁၇ မိုင်အကွာတွင် တည်ရှိသည်။ စီမံကိန်း အမှတ် (၂) နှင့် (၃) တို့မှာ မိုးမိတ်မြို့အနီးတွင် တည်ရှိပြီး ၎င်းစီမံကိန်းများမှာ အကောင်အထည်ဖော်နေဆဲ ဖြစ် ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပလောင် ကျောင်းသား လူငယ်များ အစည်းအရုံး (TSYO) မှ မိုင်အောင်ကိုက ပြောသည်။

စီမံကိန်း အမှတ် (၁) မှ နှစ်စဉ် ၄၀၃၃ ဂျီဂါဝပ်(GWh)ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယင်းစီမံကိန်း တခုတည်း အတွက် အမေရိကန် ဒေါ်လာ ၁၈၅ သန်း ကုန်ကျခဲ့သည်ဟု TSYO ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ရွှေလီရေအားလျှပ်စစ်စီမံကိန်း အမှတ် (၁)ကို ၂၀၀၀ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ စီမံကိန်းအတွက် နေရာဒေသရှင်းလင်း ခြင်း၊ ကျေးရွာများအား ရွှေ့ပြောင်းစေခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် စီမံကိန်း စတင် လည် ပတ် နိုင်ခဲ့ပြီး ဖွင့်လှစ်ခဲ့သည်။

စတင် ဖွင့်လှစ်ချိန်တွင် မြန်မာ နိုင်ငံဘက်သို့ လျှပ်စစ် ဖြန့်ဖြူး ပေးခြင်း မရှိဘဲ တရုတ်နိုင်ငံ ဘက်သို့သာ ဖြန့်ဖြူး ပေးခဲ့ပြီး မြန်မာနိုင်ငံ တွင်းသို့ ယခုနှစ်ဆန်းပိုင်းမှသာ ဖြန့်ဖြူးပေးနိုင်ခဲ့သည်ဟု မိုင်အောင်ကိုက ပြောသည်။

ယင်းစီမံကိန်းမှ ရရှိလာမည့် လျှပ်စစ်မီးကို နမ္မတူ သတ္ထုမိုင်း၊ မုံရွာ ကြေးနီမိုင်း၊ သပိတ်ကျင်း နီကယ်မိုင်းတို့ကို ပေးပို့မည်ဟု စွမ်းအင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင်ပါဝင်သည်ဟုTSYO ၏ အစီရင်ခံစာတွင် ပါရှိသည်။

ရေအား လျှပ်စစ် စီမံကိန်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အကြီးစား စက်မှုပစ္စည်း သွင်းကုန်- ထုတ်ကုန် ကုမ္ပဏီ လီမိတက် (YMEC) နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အေးရှားဝေါလ်ကုမ္ပဏီ ကလည်း လမ်းဖောက်သည့် လုပ်ငန်းပိုင်းများတွင် ပါဝင်ခဲ့သည်ဟု မိုင်အောင်ကို က ဧရာဝတီသို့ ပြောသည်။

source by : ဧရာဝတီ
ခင်ဦးသာ | ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်ရှိ ကျောင်းတိုက် တချို့တွင် သီတင်းသုံး နေကြသော ရဟန်း သံဃာတော်များကို ဇူလိုင်လ ၂၅ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းတိုက်များမှ ဖယ်ရှား ပေးရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။


ရွှေတိဂုံ အရှေ့ဘက်မုခ် (ဓာတ်ပုံ - Shwewei)
ဖယ်ရှားရမည့် ကျောင်းများမှာ ရွှေင်္ဟသာ ပိဋကတ် ကျောင်းတိုက်၊ ညောင်တုန်း ပိဋကတ် ကျောင်းတိုက်၊ ဒေါ်လှဆင် ပိဋကတ် ကျောင်းတိုက် စသည့် ကျောင်းတိုက်များနှင့် အနီးရှိ လူနေတိုက်တာ အဆောက်အုံ တချို့တို့ ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

အဆောက် အအုံများမှာ ဟောင်းနွမ်းနေ၍ ပြင်ဆင်ရန် ဖယ်ရှားပေး ရမည် ဖြစ်ကြောင်း၊ သတ်မှတ် ရက်တွင် ဖယ်ရှား မပေးပါက ရွှေတိဂုံ စေတီတော် ဂေါပက စည်းမျဉ်းအရ လည်းကောင်း၊ တည်ဆဲ ဥပဒေအရ လည်းကောင်း အရေးယူ သွားမည်ဟု ဇူလိုင် လဆန်းပိုင်းတွင် ပေးပို့သည့် ညွှန်ကြားစာ၌ ဖော်ပြထားသည်ဟု ဆရာတော် တပါးက မိန့်ကြားသည်။

ရပ်ကွက်သား တဦးက “ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေကြတဲ့ ဘုန်းကြီးတွေ အကုန်လုံးကို အမြန်ဆုံး ဖယ်ရှားပေးဖို့ရယ်၊ ကျနော်တို့ ရပ်ကွက်က လူနေတဲ့တိုက်က လူတွေလည်း ဆင်းပေးဖို့ လာပြောထားတယ်။ လူတွေက ကြိုက်တဲ့ အချိန် ပြောင်းလို့ ရပေမယ့် ဘုန်းကြီးတွေက ၀ါတွင်းဆိုတော့ ပိုပြီး အခက်တွေ့ နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျောင်းတိုက်များတွင် ကျောင်းထိုင်ဆရာတော်များ အပါအ၀င် သံဃာတော် ၁၀ ပါး ၀န်းကျင်စီနှင့် သာမဏေများ သီတင်းသုံးနေသည့်အပြင် တပည့်ဒါယကာများလည်း နေထိုင်ကြကြောင်း၊ သံဃာများ သီတင်းသုံးလာသည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိပြီဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော် တပါးက မိန့်ကြားသည်။

“ဘုန်းဘုန်း ဒီကျောင်းမှာ သီတင်းသုံးလာတာ နှစ်ပေါင်း ၆၀ ရှိပြီ။ ဟောင်းနေပြီဆိုပေမယ့် နှစ်ပေါင်း ၇၀၊ ၈၀ လောက် ကောင်းကောင်း နေလို့ရသေးတယ်။ ပျက်စီးယိုယွင်းနေတာ ဘာမှမရှိသေးဘူး။ လတ်တလောကြီး ဖယ်ရှားခိုင်းတာဆိုတော့ အကုန် ဒုက္ခတွေ့နေကြတယ်”ဟု အဆိုပါ ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ရွှေတိဂုံဘုရားဝန်းကျင်ရှိ အဆောက်အအုံအများစုမှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သော်လည်း ပြုပြင်ရန် လိုအပ်ပါက ပြုပြင် ၍ နေထိုင်ကြကြောင်း၊ ဖယ်ရှားပေးရခြင်းမျိုး မရှိခဲ့ဘူးကြောင်း၊ လူနေအိမ်များကိုသာ ဖယ်ရှားမှုမျိုး ရှိခဲ့ကြောင်း ဗဟန်း ၂ လမ်း ရပ်ကွက်သား တဦးက ပြောသည်။

ယခု ဖယ်ရှားခိုင်းသည် ပိဋကတ်ကျောင်းတိုက်များမှာ မြန်မာ သက္ကရာဇ် ၁၂၉၅ ခုနှစ် ၀န်းကျင်က ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဇွန်လတုန်းကလည်း တခါလာပြီး ဖယ်ရှားခိုင်းသေးတယ်။ အဲဒီတုန်းကပြောတာ ပိုဆိုးတယ်။ ဒီတခါတော့ ဖယ်ရှားပေးမယ် ဆိုရင် ပိုက်ဆံ သိန်း ၃၀ ကျပ် ပေးမယ်ပြောတယ်။ ဘုန်းဘုန်းတို့က ငွေမလိုဘူး၊ သီတင်းသုံးဖို့ နေရာရရင် တော်ပြီ”ဟု ကျောင်းထိုင် ဆရာတော်တပါးက မိန့်ကြားသည်။

ရဟန်းသံဃာများအား နောက်ဆုံးဖယ်ရှားခိုင်းသည့်ရက်မှာ ၀ါဆိုကာလ မတိုင်မီ နောက်ဆုံးရက်ဖြစ်နေ၍ ပိုမိုအခက် တွေ့နိုင်ကြောင်း၊ အာဏာပိုင်များက သီတင်းသုံးမည့်နေရာ စီစဉ်မပေးဘဲ မိမိတို့သွားလိုရာ သွားနိုင်သည်ဟု ပြောကြောင်း ရွှေ့ပေးရမည့် ကျောင်းတိုက်တခုမှ ကပ္ပိယတဦးက ပြောသည်။

ထိုကျောင်းတိုက်များမှ မပြောင်းရွှေ့ရရေး အတွက် သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့၊ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သို့ တောင်းဆို တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း ဆရာတော်တပါးက မိန့်ကြားသည်။

အဆိုပါ ကျောင်းတိုက်များနှင့် အနီးတ၀ိုက်ကို အာဏာပိုင်များက ရယူလိုခြင်းမှာ သီရိလင်္ကာနိုင်ငံသို့ ရောင်းချရန် စီစဉ် နေခြင်းကြောင့် ဖြစ်ကြောင်း၊ ကျောင်းတိုက် တခု၏ တန်ဖိုးမှာ ကာလပေါက်ဈေး အနည်းဆုံး ကျပ်သိန်း ၃ ထောင်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မည်ဆိုပါက “ဤအဆောက်အအုံသည် အန္တရာယ်ရှိ အဆောက်အအုံဖြစ်၍ နေထိုင်ရန်မသင့်” ဟု ဆိုင်းဘုတ်တင်လေ့ ရှိသော်လည်း ယခု ဖယ်ရှား ခိုင်းသည့် အဆောက်အအုံများတွင် ယင်းသို့ကြောညာ အသိပေးထားခြင်း မရှိကြောင်း သိရသည်။

source by : ဧရာဝတီ
ရန်ပိုင် | ရွေးကောက်ပွဲကို မည်သည့် နေ့ရက်တွင် ကျင်းပမည် ဆိုသည်ကို မသိရှိကြောင်း မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် အာဆီယံ နိုင်ငံများ၏ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် ပြောဆိုလိုက် သည်။


ဟနွိုင်းမြို့တွင် ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း (ဓာတ်ပုံ - ရိုက်တာ)
“ဒီကိစ္စတွေကို ကျနော်တို့ နိုင်ငံခြားရေး ဌာနက မသိပါဘူး။ ဒီလို ပြောဆိုဖို့ ရွေးကောက်ပွဲ ကော်မရှင်မှာသာ တာဝန် ရှိပါတယ်” ဟု ပြောကြောင်း AP သတင်းဌာနက ဖော်ပြသည်။

အဆိုပါ အစည်းအဝေးသို့ တက်ရောက် လာသည့် နိုင်ငံခြားရေး ၀န်ကြီးများက စစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲသည် အားလုံး ပါဝင်ပြီး လွတ်လပ်၍ တရား မျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရန်လည်း မြန်မာ ကိုယ်စားလှယ် ဦးဉာဏ်ဝင်းကို တိုက်တွန်း ပြောဆိုကြောင်း အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က ဆိုသည်။

“မြန်မာ နိုင်ငံခြားရေးဝန်ကြီးကို ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အာဆီယံက စိုးရိမ်တဲ့အကြောင်း ၀ိုင်းပြောကြတာ နားငြီး လောက်တယ်”ဟု ၎င်းက ပြောသည်။


ထို့အပြင် မြန်မာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖြစ်ပေါ်လာမည့် ကောင်းကျိုးဆိုးကျိုးမှန်သမျှ အာဆီယံအဖွဲ့ကြီး အပေါ်တွင် ရိုက်ခတ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဖြစ်ပေါ်လာမည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လိုလားကြောင်း နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကို အာဆီယံ ဝန်ကြီးများက အသိပေး ပြောဆိုခဲ့သည်ဟု သိရသည်။

ထိုအစည်းအဝေး အပြီးတွင် နိုင်ငံခြားရေး ၀န်ကြီးများက စာပိုဒ်ရေ ၇၃ ပိုဒ် ပါဝင်သည့် ပူးတွဲကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။

သို့သော် ထိုစာပိုဒ်များတွင် မြန်မာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ် တရားမျှတပြီး အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရေးသည် အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တည်ငြိမ် တိုးတက်ရေး အတွက် အရေးကြီးသည်ဟု ရေးသား ထားသည့် စာပိုဒ် တပိုဒ်သာ ပါရှိပြီး မြန်မာ့ နိုင်ငံရေးတွင် အရေးကြီးသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး စသည့် အချက်များ မပါဝင်ပေ။

အာဆီယံ အဖွဲ့ကြီးအနေဖြင့် ယခု ကျင်းပမည့် ရွေးကောက်ပွဲသို့ စောင့်ကြည့် လေ့လာရေး အဖွဲ့ စေလွှတ်ရန်လည်း မြန်မာ စစ်အစိုးရ ကို တောင်းဆိုခဲ့ကြောင်း သိရသည်။

စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဂျော့ရိုးကမူ လေ့လာသူများ စေလွှတ်ရေးနှင့် ပတ်သက်၍ မြန်မာအစိုးရအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးသွားမည်ဟု ပြောသည်။

“မြန်မာ့ ပြည်တွင်းရေး ဆိုပေမယ့် လေ့လာရေးအဖွဲ့ စေလွှတ်ရေးကို ကျနော်တို့ အတော်ကို ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်” ဟု ဂျော့ရိုး က ဆိုသည်။

နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းက နေပြည်တော်ရှိ စစ်ခေါင်းဆောင်များကို ပြန်လည်တင်ပြပါလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောသည်။

သို့သော် ထိုသို့ တောင်းဆိုချက်များသည် တဦးချင်းအနေဖြင့်သာ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် မပါရှိပေ။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီ နာတလာဂါဝါ က “ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ မလေ့လာ သေးဘဲနဲ့ ဆုံးဖြတ်ချက် မချချင်ဘူး၊ အဓိက ကတော့ မြန်မာ ပြည်သူတွေ ဒီရွေးကောက်ပွဲ အပေါ်မှာ ဘယ်လို သဘောထားလဲ ဆိုတာက အရေးကြီးတယ်”ဟု ဆိုသည်။

အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် ကျင်းပခဲ့ခြင်းဖြစ် သည်။

source by : ဧရာဝတီ
အောင်သက်ဝိုင်း | စစ်အစိုးရ ဝန်ကြီးဌာန ၄ ခုအောက်မှ ဌာနခွဲများ ပူးပေါင်း ဖွဲ့စည်းထားသော အထူးအဖွဲ့က လိုင်စင်မဲ့ ကားများကို တန်ဖိုး သတ်မှတ် အခွန် ဆောင်စေပြီး တနေရာတည်းတွင် အပြီး ဆောင်ရွက်ပေးမည့် စနစ်ဖြင့် တရားဝင် လိုင်စင်များ ထုတ်ပေးရန် အကောင်အထည် ဖော်လျက်ရှိကြောင်း သတင်းရရှိသည်။


ဟံသာဝတီ ကားရောင်းဝယ်ရေး ဈေးကွက် (ဓာတ်ပုံ - gobagan.com)
“လိုင်စင်မဲ့ ကားတွေကို ဒဏ်ရိုက်ပြီး တရားဝင် အခွန်ဆောင် နံပါတ် ထုတ်ပေးဖို့ ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့တွေနဲ့ စနစ်တကျ လုပ်သွားဖို့ ရှိတယ်။ တနေရာတည်း၊ တချိန်တည်းမှာ ပြီးပြတ်အောင် စီစဉ်ပေးမယ့် One Stop Service ပုံစံပါ” ဟု ရန်ကုန်ရှိ အကောက်ခွန် ဦးစီးဌာန ရုံးချုပ်မှ အဆင့်မြင့် အရာရှိ တဦးက ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၄ ခု လက်အောက်မှ ဌာနခွဲများ ပူးပေါင်း ပါဝင်သည့် အထူးအဖွဲ့က လိုင်စင်မဲ့ ကားများကို တန်ဖိုးဖြတ်ကာ အခွန်ဆောင်စေပြီး တရားဝင် မော်တော်ယာဉ် နံပါတ်များ ထုတ်ပေးမည် ဖြစ်ကြောင်း အဆိုပါ အဆင့်မြင့် အရာရှိက ပြောသည်။

ပူးပေါင်းထားသည့်ဌာနခွဲများတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနနှင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနတို့ ပါဝင်သည်။

လိုင်စင်မဲ့ ကားများကို ရာဖြတ်အဖွဲ့၏ သတ်မှတ်ချက်အတိုင်း ကားတန်ဖိုး၏ ၈၅ ရာခိုင်နှုန်း ပေးဆောင်စေကာ တရားဝင် လိုင်စင်များ ထုတ်ပေး သွားမည်ဟု အစောပိုင်းတွင် သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ သက်ဆိုင်ရာ အဖွဲ့များ၏ ဘုတ်ထိုင် ဆုံးဖြတ်ချက်အရ ပေးဆောင်ရမည့် ကားတန်ဖိုးကို ၅၀ ရာခိုင်နှုန်း အထိ လျှော့ချသွားမည်ဟု သတင်းရရှိသည်။

လိုင်စင်မဲ့ကားများကို အခွန်ဆောင်စေပြီး တရားဝင်နံပါတ် ထုတ်ပေးရာတွင် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများ အတွင်းသာ စီးနင်းခွင့်ရှိသည့် နံပါတ်အမျိုးအစားများသာ ဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် နယ်စပ်ဒေသများရှိ လိုင်စင်မဲ့ယာဉ်များကို ရည်ရွယ်ပြီး အဆိုပါ အစီအစဉ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အစိုးရ သတင်းရပ်ကွက်များမှ သိရသည်ဟု ရန်ကုန်မြို့ရှိ အကောက်ခွန်ဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီ အသိုင်းအဝန်းက ပြောသည်။

မြန်မာနိုင်ငံ အကောက်ခွန် လုပ်ငန်းများဆိုင်ရာ ဝန်ဆောင်သူများအသင်းမှ တာဝန်ရှိသူတဦးက “ရှမ်းပြည်နယ်ထဲက လိုင်စင်မဲ့ကားက တရားဝင် အခွန်ဆောင် နံပါတ်ယူပြီးရင် ရှမ်းပြည်ထဲမှာပဲ စီးခွင့်ရမယ်။ နယ်စပ်ဒေသတွေမှာ လိုင်စင်မဲ့ကားတွေက ဘယ်လောက်ဖမ်းဖမ်း ပျောက်မသွားတော့ ဒီ အခွန်ဆောင် နံပါတ်ထုတ်စနစ်မျိုး လုပ်တာလို့ ကြားတယ်” ဟု ဆိုသည်။

လိုင်စင်မဲ့ကားများအတွက် အခွန်ဆောင်ရန် ကားအမျိုးအစားနှင့် ထုတ်လုပ်သည့် နှစ်အလိုက် ကောက်ခံရမည့် အခွန်နှုန်းထားစာရင်း တရားဝင် ထွက်ရှိနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။

လိုင်စင်မဲ့ကားများကို တရားဝင်နံပါတ် ထုတ်ပေးမည်ဆိုသော သတင်းများကြောင့် ရန်ကုန် ကားဈေးကွက်တွင် သိသိသာသာ အရောင်းအ၀ယ် ရပ်ဆိုင်းသွားကြောင်း ကားပွဲစားများက ဆိုသည်။

“လောလောဆယ်တော့ ကားဈေးတွေ မကျဘူး။ ဒါပေမယ့် အရောင်းအ၀ယ် မရှိတော့ဘူး။ နဂိုကတည်းက
အရောင်းအ၀ယ် အေးနေတဲ့ကားဈေးကွက် အခု ရပ်သလောက်နီးပါး ဖြစ်နေပြီ” ဟု ရန်ကုန်ရှိ ဟံသာဝတီ ကားပွဲစားတန်းမှ ပွဲစားတဦးက ပြောသည်။

လိုင်စင်မဲ့ကားများကို ပြည်နယ်နှင့် တိုင်းအလိုက် နယ်မြေအကန့်အသတ်ဖြင့်သာ စီးခွင့်ပြုသော လိုင်စင်မျိုး ထုတ်ပေးလျှင် ကားဈေးနှုန်းနှင့် ဈေးကွက်အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိနိုင်ကြောင်း ကားပွဲစားများက သုံးသပ်သည်။

“နယ်မြေအကန့်အသတ်နဲ့ လိုင်စင်ထုတ်ပေးရင် တနိုင်ငံလုံးစီးလို့ရတဲ့ ကားတွေက ဆက်ပြီး ဈေးမာမယ်။ ဈေးမကျဘူး။ ဒါပေမယ့် နယ်ကနေ ရန်ကုန်တက်ပြီး ကားဝယ်တဲ့သူ အရေအတွက် လျော့သွားမယ်” ဟု တာမွေမြို့နယ်ရှိ သတိပဋ္ဌာန် ကားပွဲစားတန်းမှ ပွဲစားတဦးက ပြောသည်။

စစ်အစိုးရက ကားတင်သွင်းခွင့်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသော ကားဈေးနှုန်းမှာ နိုင်ငံတကာ ကားဈေးကွက် ပေါက်ဈေးနှုန်းများထက် အဆပေါင်းများစွာ မြင့်မားနေပြီး အမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်ကို လိုက်၍ ကားတစီးလျှင် အနည်းဆုံး ကျပ် သိန်း ၈၀ ခန့်မှ သိန်းထောင်ဂဏန်းအထိ ဈေးနှုန်းရှိကြောင်း သိရသည်။

၂၀၀၆ ခုနှစ်အတွင်းက လိုင်စင်မဲ့ကားများကို စက်မှုဇုန်ထုတ် ကားများအဖြစ် ပုံပြောင်း ပြင်ဆင်ခဲ့သော ကားအစီး ၆၀ ကျော်ကို တစီးလျှင် သိန်းရာနှင့်ချီ၍ ဒဏ်ရိုက်ပြီး တရားဝင်ယာဉ်များအဖြစ် အသိအမှတ် ပြုပေးခဲ့ကြောင်း ရန်ကုန်မြို့ အကောက်ခွန် ဦးစီးဌာန ရုံးချုပ်မှ ရရှိသော မှတ်တမ်းများအရ သိရသည်။

ထိုသို့ ဒဏ်ရိုက်ပြီး အသိအမှတ် ပြုပေးခဲ့ခြင်းမှာ ကားပိုင်ရှင်များသည် စစ်အစိုးရ အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ ဖြစ်နေသောကြောင့် ဟု ကားပွဲစား အသိုင်းအဝန်းက ဆိုသည်။

လိုင်စင်မဲ့ကား အများစုမှာ စစ်အစိုးရ အာဏာပိုင်များ၏ သားသမီး၊ ဆွေမျိုးများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များနှင့် နယ်စပ်ကုန်သွယ်ရေး အရာရှိများ ပူးပေါင်း၍ ပြည်တွင်းသို့ တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။

source by : ဧရာဝတီ
သန်းထိုက်ဦး | ၂၀၁၀ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆိုင်ရာ ဆောင်းပါးကြောင့် ပြည်တွင်း အပတ်စဉ်ထုတ် The Voice Weekly ဂျာနယ်ကို စာပေ စိစစ်ရေးက သီတင်း ၂ ပတ် ထုတ်ဝေခွင့် ပိတ်လိုက်ကြောင်း သိရသည်။

ဇူလိုင်လ ဒုတိယပတ် အတွက် ထုတ်ဝေခဲ့သည့် အတွဲ ၆၊ အမှတ် ၃၄ တွင် ပါရှိသော ဆောင်းပါးရှင် အောင်ထွဋ်၏ “Concept နှင့် Process” နိုင်ငံရေး ဆောင်းပါးကြောင့် အပိတ်ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ဂျာနယ်နှင့် နီးစပ်သူတဦးက ပြောသည်။

ယင်း ဆောင်းပါးသည် စစ်အစိုးရက ရေးဆွဲ ထားသည့် အခြေခံဥပဒေနှင့် ရွေးကောက်ပွဲကို ထောက်ခံ ရေးသားထား သော်လည်း “မြန်မာ မိတ်ဆွေများကို ရှင်းပြသကဲ့သို့ လက်ဝင်ခြင်း မရှိ”ဟူသော စာသားသည် မြန်မာ စစ်ဗိုလ်များကို စိတ်ဆိုး ဒေါသထွက်စေနိုင်ကြောင်းနှင့် ဆောင်းပါးပါ အခြား အချက်အလက်များသည်လည်း မြန်မာစစ်တပ်သည် ဒီမိုကရေစီ စနစ်ကို မကျင့်သုံးလိုဟု အဓိပ္ပာယ် ထွက်နေကြောင်း စာနယ်ဇင်းသမားတဦးက ဆိုသည်။

“စာပေစိစစ်ရေးက ခွင့်ပြုလိုက်ပြီးသားကို အထက်က ဖတ်မိပြီး ပြန်ကန့်ကွက်လို့ အပိတ်ခံရတာလို့ ကြားတယ်”ဟု သတင်း ဂျာနယ်တစောင်မှ အယ်ဒီတာ တဦးက ပြောသည်။

အောင်ထွဋ် သည် ဂျာနယ်ကို ဦးစီးထုတ်ဝေနေသူ ဦးနေ၀င်းမောင်၏ ကလောင်ခွဲဖြစ်ကြောင်း သိရသည်။

The Voice Weekly ဂျာနယ်သည် ၂၀၀၈ အခြေခံ ဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသည့် အယ်ဒီတာ့ အာဘော်များကို အများဆုံး ရေးသားခဲ့သော်လည်း ယခုကဲ့သို့ ပိတ်ပင်ခံရခြင်းသည် စစ်အစိုးရ၏ လက်အောက်၌ နိုင်ငံရေး နေရာတခု ရရှိရန် ကြိုးစားနေကြသော နိုင်ငံရေးသမားများအတွက် ဥပမာတခုဖြစ်ကြောင်း လေ့လာသူများက ပြောသည်။

ဦးနေ၀င်းမောင်သည် Living Color မဂ္ဂဇင်းကိုလည်း ထုတ်ဝေလျက်ရှိပြီး ယင်းမဂ္ဂဇင်းသည် ယခင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်၏သားဖြစ်သူ ဒေါက်တာ ရဲနိုင်ဝင်း၏ အမည်ဖြင့် ထုတ်ဝေခွင့်ကတ် ရရှိခဲ့ခြင်း ဖြစ်သည်။

အမေရိကန် အခြေစိုက် ၀ါရှင်တန်ပို့စ် သတင်းစာက ဦးနေ၀င်းမောင်ကို ပညာတတ် စစ်အသိုင်းအ၀ိုင်းကြားတွင် မွေးဖွားလာသော စစ်အရာရှိ၏ သားတဦး၊ စစ်တပ်အသိုင်းအ၀ိုင်းနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသူတဦးဖြစ် ထုတ်ဖော်ရေးသားခဲ့သည်။

ယခုအခါ The Voice Weekly ဂျာနယ် ၂ ပတ် အပိတ်ခံရမည့် အစား ၁ ပတ်သာ ပိတ်ပါရန် စာပေစိစစ်ရေးသို့ အသနားခံစာ တင်ခဲ့သော်လည်း ခွင့်မပြုကြောင်း စာနယ်ဇင်းသမားတဦးက ဆိုသည်။

“နောက်ပိုင်းမှာ စိစစ်ရေးက ပိတ်တယ်ဆိုတာမျိုး အဖြစ်မခံတော့ဘူးတဲ့။ ကိုယ့်ဂျာနယ် အကြောင်းကြောင်းကြောင့် မထွက်နိုင် ပါဘူးဆိုတာကို ကိုယ့်ဘာသာ ကြေညာရမယ်လို့ပြောတယ်” ဟု အယ်ဒီတာ တဦးက ပြောသည်။

ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်တွင်လည်း The Voice Weekly ဂျာနယ်နှင့် The First Music News ဂျာနယ်တို့ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီ ပိတ်ခဲ့သည်။ ပိတ်ရခြင်း အကြောင်းရင်းကို စာပေစိစစ်ရေးက ထုတ်ပြန်ခြင်း မပြုသော်လည်း သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် စာနယ်ဇင်းသမားတဦးတို့ အချင်းများသည့် ကိစ္စနှင့် ပတ်သက်သည်ဟု သတင်းဖော်ပြ ချက်များအရ သိရသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသည် ဇူလိုင် လဆန်းပိုင်းမှ စ၍ သတင်း ဂျာနယ်များကို သေချာစွာ ပိုမိုစိစစ် ဖြတ်တောက်သွားမည် ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် နောက်ဆက်တွဲ စာမူများ ပြန်မကျမီ ဖြန့်ချိရမည် ရက်ထက် စော၍ ထုတ်ဝေသည့် ဂျာနယ်များကိုလည်း တင်းကျပ်စွာ အရေးယူမည်ဟူသော သတင်းများ ပြည်တွင်း စာနယ်ဇင်းလောကတွင် ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အား ကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားသည်။

source by : ဧရာဝတီ
နရီလင်းလက် | ရန်ကုန် - နေပြည်တော် မြန်နှုန်းမြင့် ရထားလမ်းကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဖောက်လုပ် သွားမည် ဖြစ်ကြောင်း နေပြည်တော် ရထား ပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ရောင်းချမှု အောင်မြင်ခဲ့သည့် အတွက် ချစ်ကြည်ရေး လက်ဆောင် အနေနှင့် ဤမြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ် ပေးခြင်းဖြစ်ပြီး ရထားတွဲ ဆိုင်းများကိုလည်း တရုတ်နိုင်ငံမှ လာရောက် တပ်ဆင် ပေးသွားမည် ဖြစ်ကြောင်း နေပြည်တော် ရထားပို့ဆောင် ရေးဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

“၂၀၀၉ ခုနှစ်အတွင်းမှာ ချုပ်ထားတဲ့ စာချုပ်အရ တရုတ်ကို ဓာတ်ငွေ့တွေ တော်တော်ရောင်းလိုက်ရတယ်။ ဒီအတွက် တရုတ်က ချစ်ကြည်ရေးအနေနဲ့ ဆိုပြီး ပြန်လုပ်ပေးတာ။ ပြီးရင် သတင်းစာမှာ တရုတ်နဲ့ ချစ်ကြည်ရင်းနှီးမှုရလို့ တရုတ်က ဘယ်လိုတွေ အကူအညီပေးတာဆိုပြီး ပြောဦးမယ်။ အမှန်တော့ ကိုယ့်နိုင်ငံက အရင်းအမြစ်တွေ အများကြီးဆုံးရှုံးသွားတာကို မသိချင်ယောင်ဆောင်နေတယ်” ဟု သူက ဆိုသည်။

ရန်ကုန်မှ ပျဉ်းမနား ရေဆင်း အကျော်၊ နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနအထိ မီးရထားလမ်းကြောင်းဆွဲထားကြောင်း၊ ရန်ကုန်-နေပြည်တော်လမ်းမှာ ၂၂၆ မိုင်ရှိပြီး ဖောက်လုပ်မည့် မြန်နှုန်းမြင့်ရထားလမ်း တလျှောက်တွင် လျှပ်စစ်မီးအပြည့်အ၀ ရရှိရန် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

“ဘူတာကတော့ ပေါင်းလောင်း စစ်ရေးပြကွင်းနားမှာရှိတယ်။ ဒီပရောဂျက် လုပ်နေတာတော့ကြာပြီ” ဟု အဆိုပါ ရထားပို့ဆောင်ရေး အရာရှိကပြောသည်။

လာမည့် ၂၀၁၃ တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမီ ယခု ရထားလမ်းကို ဖောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီ မြန်နှုန်းမြင့် ရထားလမ်းကို ရန်ကုန်-နေပြည်တော် ကားလမ်းမကြီးနဲ့ ယှဉ်ပြီးဖောက်သွားမယ်။ မြန်နှုန်းမြင့် ဆိုတဲ့ အတိုင်းအချိန် ၃ နာရီပဲ ကြာမယ်” ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး တဦးကဆိုသည်။

ပြည်ပနိုင်ငံများတွင် သုံးစွဲနေသော မြန်နှုန်းမြင့်ရထားများသည် လျှပ်စစ်ဓာတ်အားကို အသုံးပြု ပြေးဆွဲလျက်ရှိသော်လည်း လျှပ်စစ် ဓာတ်အားလုံလောက်မှု မရှိသည့် မြန်မာနိုင်ငံအနေနှင့် မည်ကဲ့သို့ ပြေးဆွဲနိုင်ရန် စီစဉ်မည်ကို မသိရကြောင်း သူ ကပြောသည်။

“တပြည်လုံးကို မီးမှန်အောင် မပေးနိုင်သေးတဲ့ အတိုင်းအတာမှာ လျှပ်စစ်နဲ့ ပြေးမယ့် မြန်နှုန်းမြင့်ရထားဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆရပေမယ့် အာဏာပိုင်တွေ တည်ထားတဲ့ နေပြည်တော်ကို ဆက်သွယ်ပေးမယ့်လမ်း ဆိုတော့ လုပ်ချင်ရင် ဖြစ်အောင်လုပ်လို့ ရတယ်လေ” ဟု နေပြည်တော် ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ အကြီးတန်း အင်ဂျင်နီယာ တဦးက ဆိုသည်။

ဇူလိုင် ၈ ရက်နေ့တွင် အတွင်းရေးမှူး ၁ ဗိုလ်ချူပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တရုတ်ပြည်သို့ ချစ်ကြည်ရေးခရီးသွား ရောက်ခဲ့စဉ်က မီးရထားစက်ခေါင်း ထုတ်လုပ်ရေးစက်ရုံ၌ မြေအောက်ရထားတွဲ ဆောက်လုပ်ရေးလုပ်ငန်းများအား ကြည့်ရှုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံနှင့် သဘောတူညီထားသော စာချုပ်အရ စိန် သဘာဝဓာတ်ငွေ့မြေနှင့် ပတ္တမြား ဓာတ်ငွေ့မြေတို့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ၊ ကူမင်းသို့ ပိုက်လိုင်းဖြင့် တင်ပို့ ရောင်းချသွားမည်ဖြစ်ပြီး ယင်း ဓာတ်ငွေ့မြေ နှစ်ခ်ုမှ သဘာဝဓာတ်ငွေ့ထွက်ရှိမှုသည် တနေ့လျှင် ကုဗသန်း ၇၀၀ ခန့်ရှိကြောင်းသိရသည်။

source by : ဧရာဝတီ

ဇူလိုင်လ ၁၉ ရက်၊ ၂၀၁၀ ခုနှစ်။

ရန်ကုန်|009|ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင် ကြီးများ ကျဆုံးသည့် ဇူလိုင်လ ၁၉ ရက် ၁၉၄၇ ခုနှစ် မှစတင် ကာ ၀မ်းနည်းသည့် အထိမ်း အမှတ် တခု အဖြစ် နှစ်စဉ် နှစ်တိုင်း ဇူလိုင်လ ၁၉ ရက်နေ့ကျ ရောက်လျှင် နိုင်ငံတော် အလံ တော်အား တိုင် တစ်ဝက် သို့ချ ၍ လွှင့်ထူ လာသည် မှာ မပျက် မကွက် လိုက်နာ ရမည့် အစဉ် အလာ တစ်ခု ဖြစ်ပါသည်။

“အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်းကြီးများကို ဂုဏ်ပြုဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဤသို့အလံအား တဝက်လွှင့်ကြပါသည်”

ယနေ့ကျရောက် သော အာဇာနည် နေ့တွင် ရန်ကုန်တိုင်း တရားရုံး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် နှင် ကမ်းနားလမ်း ရှိ အကောက်ခွန်ရုံး တို့မှာ အာဇာနည် နေ့ ကို မေ့နေ၍ သော်လည်းကောင်း၊ ဂရုစိုက် စရာ မလို ဟုထင်၍ သော်လည်းကောင်း နိုင်ငံ တော် အလံ အား တိုင်ထိပ် အထိ ပုံမှန် လွှင့်တင် ထားသည် ကိုတွေ့ရပါသဖြင့် ရန်ကုန် မြို့တွင်းတွင် အလုပ်လုပ် နေကြ သော ပြည်သူ့ဝန်ထမ်းများ နှင့် ပြည်သူ အများ စိတ်မသက် သာ ဖြစ်နေကြ ကြောင်း သိရပါသည်။

မြို့တော်ခမ်းမ၊ ဗဟိုတရားရုံးချုပ် နှင့် မြန်မာ့လေကြောင်း တို့တွင် တော့ အလံတိုင်များကို တိုင် တက်သို့လွှင့်ထားသည် ကိုတွေ့ရပါသည်။


သတင်းပေးပို့ပေးသော ပြည်တွင်းမှမျိုးဆက်သစ်လူငယ်များ နှင့် ၀၀၉ အားကျေးဇူးတင်ရှိပါသည်။


ခိုင်စု | 7 Day ဂျာနယ်မှ သတင်းထောက် မအေးသူစံ တရားစွဲဆိုသော အမှုအတွက် ၈ ကြိမ်မြောက် ယနေ့ တရားရုံးချိန်းသို့ ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦး လာရောက် ရင်ဆိုင်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ရန်ကုန်ရှိ ဆီဒိုးနားဟိုတယ်၌ သတင်းထောက်၏ အင်တာဗျူး မေးခွန်းများအပေါ် မကျေနပ်ရာမှ ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ရိုက်နှက်သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည့် အမှုဖြစ်သည်။

ယနေ့ နေ့လည်ပိုင်းတွင် ထက်ထက်မိုးဦးတို့ ဇနီးမောင်နှံ ရန်ကင်းမြို့နယ် တရားရုံးသို့ ရောက်ရှိလာရာ တရားသူကြီးက ကိုယ်ရေးရာဇဝင် တောင်းယူပြီး၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခဲ့ကာ ထက်ထက်မိုးဦးဘက်က ရှေ့နေပါဝါ တင်ပြီးနောက် အာမခံ ရယူသွားခဲ့သည်။

ထက်ထက်မိုးဦးအား ပြစ်မှုကျင့်ထုံးဥပဒေ ၄၉၆ အရ အာမခံငွေ ကျပ် ၁၀ သိန်းဖြင့် အာမခံပေးခြင်း ဖြစ်ကြောင်း ယနေ့ရုံးချိန်းသို့ သွားရောက်ခဲ့သူ ပြည်တွင်း သတင်းထောက် တဦးက မဇ္ဈိမကို ပြောပြသည်။

သူက “ဒီနေ့ ထက်ထက်မိုးဦးတို့ လင်မယား ရောက်တယ်။ ကျပ် ၁၀ သိန်းနဲ့ အာမခံတင်သွားတယ်” ဟု ပြောသည်။
ရန်ကင်းမြို့နယ် တရားရုံးက မေလ ၂၄ ရက်နေ့တွင် စတင် ကြားနာစစ်ဆေးခဲ့ပြီး ယခုလ ၃ ရက်နေ့တွင်မူ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် မအေးသူစံက တရားစွဲဆိုခွင့် ရရှိခဲ့သော်လည်း ထက်ထက်မိုးဦးက လာရောက်ကြားနာခြင်း မရှိဘဲ ယခု ၈ ကြိမ်မြောက်ကျမှ လာရောက်ကာ တရားရင်ဆိုင်ခြင်း ဖြစ်သည်။

အမှုကို ယခုလ ၂၇ ရက်နေ့တွင် တရားလို ထွက်ဆိုချက်များကို ဆက်လက် ကြားနာမည်ဟု သိရသည်။

source by : မဇ္ဈိမ

ဦးကျော်အောင်လွင် | မြန်မာစစ်အစိုးရကို တရားစွဲဖို့ ဆောင်ရွက်နေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းကို ပိတ်တဲ့သဘော မဟုတ်ဘူးလို့ နေအိမ်မှာ အကျဉ်းချခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ ဒေါ်အောင်ဆန်းကြည်တို့ ဒီကနေ့ တွေ့ဆုံခွင့်ရတုန်း အခုလို ပြောဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဘက်က မြန်မာစစ်အစိုးရကို နောက်တကြိမ် တရားထပ်စွဲဖို့လည်း ပြင်ဆင်နေပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် မဆောင်ရွက်တာကြောင့် မြန်မာစစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြီးခဲ့တဲ့ ဧပြီလတုန်းက တရားစွဲခဲ့ပေမဲ့ ဒီစွဲဆိုမှုကို တရားရုံးက ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုငြင်းပယ်တာဟာ ဥပဒေအရ လုပ်ခွင့်မရှိဘူး ဆိုတဲ့အကြောင်းနဲ့ နောက်တကြိမ် တရားစွဲဖို့ ပြင်ဆင်နေကြတာပါ။ ဒီလိုဆောင်ရွက်တာဟာ စစ်အစိုးရနဲ့ NLD တို့အကြား အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မလာအောင် ပိတ်ဆို့တဲ့သဘော မဟုတ်ဘူး ဆိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ ပြောဆိုခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြန်ရှင်းပြပါတယ်။
“ဇွန်လ ၂၁ ရက် ရက်စွဲနဲ့ နအဖကို တရားစွဲဆိုမယ် ဆိုတဲ့အကြောင်း နို့တစ်စာကို ကျနော်တို့ ပို့ထားပါတယ်။ အဲဒီနို့တစ်စာထဲမှာ ဒီလိုတရားစွဲဖို့ ဆောင်ရွက်နေတာဟာ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒိုင်ယာလော့ဂ် (Dialogue) ကို ပိတ်တာမဟုတ်ဘူး။ အမြဲတမ်း အမျိုးသား ရင်ကြားစေ့ရေးအတွက်၊ ဒိုင်ယာလော့ဂ်အတွက် အဆင်သင့် ရှိပါတယ် ဆိုတာလည်း ကျနော်တို့ ဖော်ပြပါတယ်။”

နိုင်ငံ့ဝန်ထမ်းဟာ ဥပဒေပြဋ္ဌာန်းချက်အရ လုပ်ရမယ့် တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေလို့ နိုင်ငံတော် တရားရုံးကတဆင့် ဆောင်ရွက်ပေးဖို့ အမိန့်ချနိုင်အောင် နစ်နာတဲ့သူက လျှောက်ထားတဲ့ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၅ နဲ့ ၅၄ တို့အရ တရားစွဲဆိုရေး NLD ဘက်က လုပ်ဆောင်နေတာပါ။ စစ်အစိုးရကို နောက်ထပ် တရားစွဲဆိုမှု တခုကလည်း NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တရားဝင် အနိုင်ရလို့ တည်ရှိနေကြသူတွေ ဖြစ်တယ်၊ တရားဥပဒေအရ သူတို့ဟာ ဆက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ် ရပ်တည်ပိုင်ခွင့် ရှိတဲ့အကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ပုဒ်မ ၄၂ နဲ့ စွဲဆိုကြတဲ့ အမှုပါ။

“ပထမတခါ စွဲပြီးပြီ၊ အဲဒီ စွဲတာကို သူတို့ တရားရုံးက ငြင်းတယ်။ အဲဒီငြင်းတာကို ကျနော်တို့ နေပြည်တော်ကို စာရေးပြီးတော့ ဒီလို ငြင်းခွင့်မရှိဘူးဆိုတာ တင်ပြထားတယ်။ အဲဒီတင်ပြချက်က Response မလာသေးဘူး။ သို့သော် နောက်တခု ဒီအလားတူ စွဲဖို့ကို လိုအပ်တဲ့ နို့တစ်ကို ကျနော်တို့ အခုပေးနေတာ ဖြစ်တယ်။ ကျနော်တို့ ပိုပြီးတော့ နည်းစနစ်ကျအောင် ဆောင်ရွက်နေတာပါ။ ဥပဒေလမ်းကြောင်းအရ ဆိုရင် ဒီအမှုကို ကြားနာရမှာ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးလည်းဖြစ်ပြီး NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဦးဉာဏ်ဝင်းနဲ့ ရှေ့နေ ဦးကြည်ဝင်းတို့ ၂ ဦး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဒီကနေ့ နေ့လယ် ၂ နာရီကနေ ၄ နာရီအထိ သွားခွင့်ရခဲ့ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့အမှု အထူးအယူခံ လျှောက်လွှာ တင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။


source by :ဗွီအိုအေ