စိုင်းဇွမ်ဆိုင်း | စစ်အစိုးရ၏ စီမံကိန်းတခု ဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ရွှေလီ ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) မှ ဖြန့်ဝေပေး နေသော လျှပ်စစ်မီးသည် ဒေသခံများ အတွက် အထောက်အကူ မဖြစ်ကြောင်း သိရှိရသည်။


ရွှေလီ ရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁)
(ဓာတ်ပုံ- သျှမ်းသံတော်ဆင့်)
တရုတ် - မြန်မာ နယ်စပ်မြို့များ ဖြစ်သော မူဆယ်၊ နမ့်ခမ်း၊ ပန်ဆိုင်း စသည့် မြို့များတွင် ယခင်က တရုတ် နိုင်ငံမှ လျှပ်စစ်မီး ကိုသာ သုံးစွဲနေကြ သော်လည်း ရွှေလီ ရေအားလျှပ်စစ် စီမံကိန်း ဖွင့်လှစ်ပြီးခဲ့သည့် နောက်ပိုင်း ယင်းစီမံကိန်းမှ လျှပ်စစ်မီး ကိုသာ သုံးစွဲကြရမည်ဟု ဒေသခံ အာဏာပိုင်များမှ ယခုနှစ် ဧပြီလတွင် ညွှန်ကြား သဖြင့် တရုတ်မီးကို မသုံး ကြတော့ဘဲ ရွှေလီမီး ကိုသာ သုံးစွဲ ကြရကြောင်း မူဆယ်မြို့ခံ တဦးက ပြောသည်။

မူဆယ်၊ နမ့်ခမ်းနှင့် ပန်ဆိုင်းမြို့များသည် ၁၉၈၉- ၉၀ ဝန်းကျင်မှ စတင်ကာ တရုတ်မီးကို အသုံးပြုခဲ့ကြကြောင်း သိရသည်။

မူဆယ်မြို့တွင် စက်မှုဇုန်တခု ရှိပြီး ၎င်းစက်မှုဇုန်တွင် မော်တော်ကား၊ ထော်လာဂျီ၊ ထရက်တာ စသည်တို့ကို ပြင်ဆင်ခြင်း၊ တပ်ဆင်ခြင်း၊ စသည့်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။

ရွှေလီမီးသည် မီးအားပြည့်သော်လည်း ပုံမှန် မလာခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် လျှပ်စစ်မီးနှင့် အလုပ်လုပ်သူများ အနေဖြင့် လုပ်ငန်း မတွင်ကျယ်ကြောင်း လုပ်ငန်းရှင်များ က ဆိုသည်။

“ကျနော်တို့အလုပ်မှာ အဓိကကတော့ လျှပ်စစ်စွမ်းအင်ပါပဲ၊ တချိန်လုံးမီးလာနေတယ် ဆိုရင်တော့ အဆင်ပြေတယ်၊ အဲဒီ လို မဟုတ်ဘဲနဲ့ လာလိုက် ပျက်လိုက်နဲ့ ဆိုရင်တော့ အလုပ်ရှင်တွေရော အလုပ်သမားတွေပါ စိတ်အနှောင့်အယှက် ဖြစ်ရ တယ်၊ အလုပ်လည်း မတွင်ဘူး”ဟု မူဆယ်မြို့မှ စက်မှုလုပ်ငန်းရှင် တဦးက ပြောသည်။

ထော်လာဂျီများ ကိုတပ်ဆင်ရောင်းချသည့် လုပ်ငန်းရှင် တဦးက“တရုတ်မီး ဆိုရင် မီတာဘောက်စ် ထိန်းသိမ်း စောင့် ရှောက်ခတွေ ဘာတွေလည်း ဘာမှ ပေးစရာမလိုဘူး၊ ရွှေလီမီးသုံးရမယ်ဆိုမှ ဘာကြေး၊ ညာကြေး၊ ပြီးတော့ မီးလည်း မမှန်ဘူး၊ အတင်း သုံးခိုင်းလို့သာ သုံးနေရတယ်”ဟု ဆိုသည်။

ရေခဲစက်ပိုင်ရှင် တဦးကလည်း“အရင် တရုတ်မီး သုံးနေတုန်းကဆိုရင် ဘာမှပြဿနာမရှိဘူး၊ ဒီ ရွှေလီမီး ကို မယူလို့လည်း မရတော့ သုံးနေရတာပေါ့၊ ဈေးကလည်း ပိုကြီးသေးတယ်၊ အဆင်လည်းမပြေဘူး”ဟု ဆိုသည်။

ယင်းစီမံကိန်းမှ လျှပ်စစ်မီးကို ၂၀၀၉ နှစ်ဆန်းပိုင်းတွင် စတင်ဖြန့်ဖြုးပေးနိုင်သော်လည်း ယင်းစီမံကိန်းအနီးရှိ မြို့များ ဖြစ်သော မူဆယ်နှင့် နမ့်ခမ်းမြို့တို့ကို ယခုနှစ် ဧပြီလမှသာ လျှပ်စစ်မီး ပေးနိုင်ခဲ့သည်။ စတင်ဖြန့်ဖြူးချိန်တွင် မီတာခကို တရုတ် ယွမ်ငွေဖြင့် ပေးဆောင်ရသည်။ သို့သော် ယခုလအကုန်တွင် မြန်မာကျပ်ငွေဖြင့်သာ ပြန်လည်ပေးဆောင်ရမည်ဟု မူဆယ်မြို့ခံ တဦးက ဆိုသည်။

မူဆယ်၊ နမ့်ခမ်းနှင့် ပန်ဆိုင်းမြို့များတွင် ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှ လျှပ်စစ်မီး အတွက် တယူနစ်လျှင် တရုတ်ငွေ ၂ ယွမ် (၃၁၄ ကျပ်) ပေးဆောင်ရသည်။ ဒေသခံများ ယခင်က အသုံးပြုသည့် တရုတ်မီး အတွက် တယူနစ်လျှင် ၁.၂ ယွမ် ခန့်သာ ပေးဆောင်ကြရကြောင်းလည်း မူဆယ်မြို့ခံက ပြောသည်။

ရွှေလီရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်မီးကို လားရှိုး၊ မန္တလေး စသည့်မြို့များသို့ပါ ဖြန့်ဖြူးပေးရန်အတွက် လျှပ်စစ် မီးကြိုးများ သွယ်တန်းနေပြီဖြစ်ပြီး လားရှိုးမြို့ရှိ နေရာအများစုတွင်လည်း ရွှေလီမီးကို အသုံးပြုနေကြပြီဖြစ်ကြောင်း သိရှိရ သည်။ သို့သော် ယင်းမြို့များတွင် နယ်စပ်မြို့များကဲ့သို့ အတင်းအကျပ် သုံးစွဲစေခြင်းမျိုးများမရှိကြောင်း သိရှိရသည်။

“ဒီမှာကတော့ မီတာခကို မြန်မာငွေနဲ့ပဲ ဆောင်ရပါတယ်၊ ရွှေလီမီးကိုရော အရင်တုန်းက သုံးနေတဲ့မီးကိုရော အစိုးရ EPC ကပဲ စီမံခန့်ခွဲတာပါ၊ ဒီမှာရှိတဲ့ ဆီစက် အများစု ကတော့ ရွှေလီမီးက ဈေးပိုကြီးတဲ့အတွက် အသုံးပြုဖို့ ဘယ်သူမှ မလျှောက်ကြတော့ဘဲ အရင်တုန်းကရှိတဲ့ ပါဝါမီတာကိုပဲ ဆက်သုံးပါတယ်”ဟု လားရှိုးမြို့ခံတဦးက ပြောသည်။

ရွှေလီရေအားလျှပ်စစ် စီမံကိန်း အမှတ် (၁) သည် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နှင့် ၁၇ မိုင်အကွာတွင် တည်ရှိသည်။ စီမံကိန်း အမှတ် (၂) နှင့် (၃) တို့မှာ မိုးမိတ်မြို့အနီးတွင် တည်ရှိပြီး ၎င်းစီမံကိန်းများမှာ အကောင်အထည်ဖော်နေဆဲ ဖြစ် ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ပလောင် ကျောင်းသား လူငယ်များ အစည်းအရုံး (TSYO) မှ မိုင်အောင်ကိုက ပြောသည်။

စီမံကိန်း အမှတ် (၁) မှ နှစ်စဉ် ၄၀၃၃ ဂျီဂါဝပ်(GWh)ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ယင်းစီမံကိန်း တခုတည်း အတွက် အမေရိကန် ဒေါ်လာ ၁၈၅ သန်း ကုန်ကျခဲ့သည်ဟု TSYO ၏ အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ရွှေလီရေအားလျှပ်စစ်စီမံကိန်း အမှတ် (၁)ကို ၂၀၀၀ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ စီမံကိန်းအတွက် နေရာဒေသရှင်းလင်း ခြင်း၊ ကျေးရွာများအား ရွှေ့ပြောင်းစေခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြသည်။ ၂၀၀၈ ခုနှစ်တွင် စီမံကိန်း စတင် လည် ပတ် နိုင်ခဲ့ပြီး ဖွင့်လှစ်ခဲ့သည်။

စတင် ဖွင့်လှစ်ချိန်တွင် မြန်မာ နိုင်ငံဘက်သို့ လျှပ်စစ် ဖြန့်ဖြူး ပေးခြင်း မရှိဘဲ တရုတ်နိုင်ငံ ဘက်သို့သာ ဖြန့်ဖြူး ပေးခဲ့ပြီး မြန်မာနိုင်ငံ တွင်းသို့ ယခုနှစ်ဆန်းပိုင်းမှသာ ဖြန့်ဖြူးပေးနိုင်ခဲ့သည်ဟု မိုင်အောင်ကိုက ပြောသည်။

ယင်းစီမံကိန်းမှ ရရှိလာမည့် လျှပ်စစ်မီးကို နမ္မတူ သတ္ထုမိုင်း၊ မုံရွာ ကြေးနီမိုင်း၊ သပိတ်ကျင်း နီကယ်မိုင်းတို့ကို ပေးပို့မည်ဟု စွမ်းအင် ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များတွင်ပါဝင်သည်ဟုTSYO ၏ အစီရင်ခံစာတွင် ပါရှိသည်။

ရေအား လျှပ်စစ် စီမံကိန်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အကြီးစား စက်မှုပစ္စည်း သွင်းကုန်- ထုတ်ကုန် ကုမ္ပဏီ လီမိတက် (YMEC) နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အေးရှားဝေါလ်ကုမ္ပဏီ ကလည်း လမ်းဖောက်သည့် လုပ်ငန်းပိုင်းများတွင် ပါဝင်ခဲ့သည်ဟု မိုင်အောင်ကို က ဧရာဝတီသို့ ပြောသည်။

source by : ဧရာဝတီ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။