ခင်ဦးသာ | ရန်ကုန်မြို့ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်ရှိ ကျောင်းတိုက် တချို့တွင် သီတင်းသုံး နေကြသော ရဟန်း သံဃာတော်များကို ဇူလိုင်လ ၂၅ ရက်နေ့ နောက်ဆုံး ထား၍ ကျောင်းတိုက်များမှ ဖယ်ရှား ပေးရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။


ရွှေတိဂုံ အရှေ့ဘက်မုခ် (ဓာတ်ပုံ - Shwewei)
ဖယ်ရှားရမည့် ကျောင်းများမှာ ရွှေင်္ဟသာ ပိဋကတ် ကျောင်းတိုက်၊ ညောင်တုန်း ပိဋကတ် ကျောင်းတိုက်၊ ဒေါ်လှဆင် ပိဋကတ် ကျောင်းတိုက် စသည့် ကျောင်းတိုက်များနှင့် အနီးရှိ လူနေတိုက်တာ အဆောက်အုံ တချို့တို့ ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

အဆောက် အအုံများမှာ ဟောင်းနွမ်းနေ၍ ပြင်ဆင်ရန် ဖယ်ရှားပေး ရမည် ဖြစ်ကြောင်း၊ သတ်မှတ် ရက်တွင် ဖယ်ရှား မပေးပါက ရွှေတိဂုံ စေတီတော် ဂေါပက စည်းမျဉ်းအရ လည်းကောင်း၊ တည်ဆဲ ဥပဒေအရ လည်းကောင်း အရေးယူ သွားမည်ဟု ဇူလိုင် လဆန်းပိုင်းတွင် ပေးပို့သည့် ညွှန်ကြားစာ၌ ဖော်ပြထားသည်ဟု ဆရာတော် တပါးက မိန့်ကြားသည်။

ရပ်ကွက်သား တဦးက “ဘုန်းကြီးကျောင်းမှာ သီတင်းသုံး နေကြတဲ့ ဘုန်းကြီးတွေ အကုန်လုံးကို အမြန်ဆုံး ဖယ်ရှားပေးဖို့ရယ်၊ ကျနော်တို့ ရပ်ကွက်က လူနေတဲ့တိုက်က လူတွေလည်း ဆင်းပေးဖို့ လာပြောထားတယ်။ လူတွေက ကြိုက်တဲ့ အချိန် ပြောင်းလို့ ရပေမယ့် ဘုန်းကြီးတွေက ၀ါတွင်းဆိုတော့ ပိုပြီး အခက်တွေ့ နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျောင်းတိုက်များတွင် ကျောင်းထိုင်ဆရာတော်များ အပါအ၀င် သံဃာတော် ၁၀ ပါး ၀န်းကျင်စီနှင့် သာမဏေများ သီတင်းသုံးနေသည့်အပြင် တပည့်ဒါယကာများလည်း နေထိုင်ကြကြောင်း၊ သံဃာများ သီတင်းသုံးလာသည်မှာ နှစ်ပေါင်း ၆၀ ခန့် ရှိပြီဖြစ်ကြောင်း ကျောင်းထိုင် ဆရာတော် တပါးက မိန့်ကြားသည်။

“ဘုန်းဘုန်း ဒီကျောင်းမှာ သီတင်းသုံးလာတာ နှစ်ပေါင်း ၆၀ ရှိပြီ။ ဟောင်းနေပြီဆိုပေမယ့် နှစ်ပေါင်း ၇၀၊ ၈၀ လောက် ကောင်းကောင်း နေလို့ရသေးတယ်။ ပျက်စီးယိုယွင်းနေတာ ဘာမှမရှိသေးဘူး။ လတ်တလောကြီး ဖယ်ရှားခိုင်းတာဆိုတော့ အကုန် ဒုက္ခတွေ့နေကြတယ်”ဟု အဆိုပါ ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ရွှေတိဂုံဘုရားဝန်းကျင်ရှိ အဆောက်အအုံအများစုမှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သော်လည်း ပြုပြင်ရန် လိုအပ်ပါက ပြုပြင် ၍ နေထိုင်ကြကြောင်း၊ ဖယ်ရှားပေးရခြင်းမျိုး မရှိခဲ့ဘူးကြောင်း၊ လူနေအိမ်များကိုသာ ဖယ်ရှားမှုမျိုး ရှိခဲ့ကြောင်း ဗဟန်း ၂ လမ်း ရပ်ကွက်သား တဦးက ပြောသည်။

ယခု ဖယ်ရှားခိုင်းသည် ပိဋကတ်ကျောင်းတိုက်များမှာ မြန်မာ သက္ကရာဇ် ၁၂၉၅ ခုနှစ် ၀န်းကျင်က ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဇွန်လတုန်းကလည်း တခါလာပြီး ဖယ်ရှားခိုင်းသေးတယ်။ အဲဒီတုန်းကပြောတာ ပိုဆိုးတယ်။ ဒီတခါတော့ ဖယ်ရှားပေးမယ် ဆိုရင် ပိုက်ဆံ သိန်း ၃၀ ကျပ် ပေးမယ်ပြောတယ်။ ဘုန်းဘုန်းတို့က ငွေမလိုဘူး၊ သီတင်းသုံးဖို့ နေရာရရင် တော်ပြီ”ဟု ကျောင်းထိုင် ဆရာတော်တပါးက မိန့်ကြားသည်။

ရဟန်းသံဃာများအား နောက်ဆုံးဖယ်ရှားခိုင်းသည့်ရက်မှာ ၀ါဆိုကာလ မတိုင်မီ နောက်ဆုံးရက်ဖြစ်နေ၍ ပိုမိုအခက် တွေ့နိုင်ကြောင်း၊ အာဏာပိုင်များက သီတင်းသုံးမည့်နေရာ စီစဉ်မပေးဘဲ မိမိတို့သွားလိုရာ သွားနိုင်သည်ဟု ပြောကြောင်း ရွှေ့ပေးရမည့် ကျောင်းတိုက်တခုမှ ကပ္ပိယတဦးက ပြောသည်။

ထိုကျောင်းတိုက်များမှ မပြောင်းရွှေ့ရရေး အတွက် သက်ဆိုင်ရာ မြို့နယ် သံဃနာယက အဖွဲ့၊ နိုင်ငံတော် သံဃ မဟာ နာယက အဖွဲ့၊ တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့သို့ တောင်းဆို တင်ပြခဲ့သော်လည်း ထူးခြားမှု မရှိကြောင်း ဆရာတော်တပါးက မိန့်ကြားသည်။

အဆိုပါ ကျောင်းတိုက်များနှင့် အနီးတ၀ိုက်ကို အာဏာပိုင်များက ရယူလိုခြင်းမှာ သီရိလင်္ကာနိုင်ငံသို့ ရောင်းချရန် စီစဉ် နေခြင်းကြောင့် ဖြစ်ကြောင်း၊ ကျောင်းတိုက် တခု၏ တန်ဖိုးမှာ ကာလပေါက်ဈေး အနည်းဆုံး ကျပ်သိန်း ၃ ထောင်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်တွင် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်မည်ဆိုပါက “ဤအဆောက်အအုံသည် အန္တရာယ်ရှိ အဆောက်အအုံဖြစ်၍ နေထိုင်ရန်မသင့်” ဟု ဆိုင်းဘုတ်တင်လေ့ ရှိသော်လည်း ယခု ဖယ်ရှား ခိုင်းသည့် အဆောက်အအုံများတွင် ယင်းသို့ကြောညာ အသိပေးထားခြင်း မရှိကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။