ခိုင်စု | 7 Day ဂျာနယ်မှ သတင်းထောက် မအေးသူစံ တရားစွဲဆိုသော အမှုအတွက် ၈ ကြိမ်မြောက် ယနေ့ တရားရုံးချိန်းသို့ ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦး လာရောက် ရင်ဆိုင်ခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ရန်ကုန်ရှိ ဆီဒိုးနားဟိုတယ်၌ သတင်းထောက်၏ အင်တာဗျူး မေးခွန်းများအပေါ် မကျေနပ်ရာမှ ထက်ထက်မိုးဦးက ကိုယ်ထိလက်ရောက် ရိုက်နှက်သဖြင့် ရန်ကင်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည့် အမှုဖြစ်သည်။

ယနေ့ နေ့လည်ပိုင်းတွင် ထက်ထက်မိုးဦးတို့ ဇနီးမောင်နှံ ရန်ကင်းမြို့နယ် တရားရုံးသို့ ရောက်ရှိလာရာ တရားသူကြီးက ကိုယ်ရေးရာဇဝင် တောင်းယူပြီး၊ အမှုစွဲတင်ထားမှုကို ဖတ်ပြခဲ့ကာ ထက်ထက်မိုးဦးဘက်က ရှေ့နေပါဝါ တင်ပြီးနောက် အာမခံ ရယူသွားခဲ့သည်။

ထက်ထက်မိုးဦးအား ပြစ်မှုကျင့်ထုံးဥပဒေ ၄၉၆ အရ အာမခံငွေ ကျပ် ၁၀ သိန်းဖြင့် အာမခံပေးခြင်း ဖြစ်ကြောင်း ယနေ့ရုံးချိန်းသို့ သွားရောက်ခဲ့သူ ပြည်တွင်း သတင်းထောက် တဦးက မဇ္ဈိမကို ပြောပြသည်။

သူက “ဒီနေ့ ထက်ထက်မိုးဦးတို့ လင်မယား ရောက်တယ်။ ကျပ် ၁၀ သိန်းနဲ့ အာမခံတင်သွားတယ်” ဟု ပြောသည်။
ရန်ကင်းမြို့နယ် တရားရုံးက မေလ ၂၄ ရက်နေ့တွင် စတင် ကြားနာစစ်ဆေးခဲ့ပြီး ယခုလ ၃ ရက်နေ့တွင်မူ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် မအေးသူစံက တရားစွဲဆိုခွင့် ရရှိခဲ့သော်လည်း ထက်ထက်မိုးဦးက လာရောက်ကြားနာခြင်း မရှိဘဲ ယခု ၈ ကြိမ်မြောက်ကျမှ လာရောက်ကာ တရားရင်ဆိုင်ခြင်း ဖြစ်သည်။

အမှုကို ယခုလ ၂၇ ရက်နေ့တွင် တရားလို ထွက်ဆိုချက်များကို ဆက်လက် ကြားနာမည်ဟု သိရသည်။

source by : မဇ္ဈိမ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။