NEJ | ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့တွင် ကျင်းပနေသော (၁၇) ကြိမ်မြောက် အာဆီယံဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ ဖိနှိပ်မှုများအတွက် အထူးစိုးရိမ်ပူပန်မိကြောင်း အမေရိကန်နိုင်ငံက ထုတ်ဖော်ပြောဆိုလိုက်ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် တိုင်းရင်းသားလူမျိုးစုများအပေါ် တိုက်ခိုက်နေမှုများအား ရပ်တန့်ရန် တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ယနေ့ကျင်းပသည့် အာဆီယံဒေတွင်း လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ (အေအာအက်ဖ်) တက်ရောက်နေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ဟင်လာရီကလင်တန်က ကန့်သတ်ချုပ်ချယ်ထားသည့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေများသည် ပြည်သူများကို ပိုမိုဖိနှိပ်ထားပြီး ယခုနှစ်ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတမှု မရှိနိုင်ကြောင်း ပြောဆိုလိုက်သည်။
“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဖိနှိပ်မှုတွေအပေါ် အထူးစိုးရိမ်ပူပန်နေပါတယ်” ဟု မစ္စစ်ကလင်တန်က အာဆီယံဒေသတွင်း ထိပ်သီးဆေးနွေးပွဲ တက်ရောက်သည့် အေအာအက်ဖ်အဖွဲ့ဝင် (၂၇) နိုင်ငံမှ ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။
နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးကျင်းပမည့် ရွေးကောက်ပွဲကို အများက ယုံကြည်လက်ခံစေရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး၊ တိုင်းရင်းသားများအပေါ် တိုက်ခိုက်မှုများ ရပ်စဲရေးနှင့် လူ့အခွင့်အရေးများ လေးစားလိုက်နာရေးတို့အပါအ၀င် လိုအပ်သည့်အခြေအနေများကို လုပ်ဆောင်ရန် မစ္စစ်ကလင်တန်က မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။
ထို့အပြင် စစ်အစိုးရက နိုင်ငံတကာနျူကလီးယား မပြန့်ပွားရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုမူနေထိုင်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်း အာဆီယံနိုင်ငံများက သတိပေးပြောကြားရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားမှ စစ်လက်နက်ပစ္စည်းများ မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့သည့်သတင်းနှင့် မြန်မာစစ်အစိုးရအနေဖြင့် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး မြောက်ကိုရီးယားထံမှ အကူအညီရယူရန် ကြိုးပမ်းနေသည်ဆိုသော သတင်းထွက်ပေါ်ချက်များကြောင့်လည်း အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း မစ္စစ်ကလင်တန်က ယမန်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယနေ့စတင်ကျင်းပသည့် အေအာအက်ဖ် ထိပ်သီးဆွေးနွေးပွဲတွင် အာဆီယံ (၁၀) နိုင်ငံနှင့် မဟာမိတ်နိုင်ငံများအပါအ၀င် စုစုပေါင်းနိုင်ငံ (၂၇) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ဆွေးနွေးနေကြခြင်းဖြစ်သည်။
source by :NEJ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။