ဘရိုင်ယန်မက်ကာတန် (Brian McCartan) | ဘန်ကောက် (မဇ္ဈိမ) ။ ။ လွန်ခဲ့သော ရက်သတ္တပတ်ကုန်က မြန်မာပြည်သို့ သွားရောက် လည်ပတ် ခဲ့သော တရုတ် ဒုသမတ ရှီကျင်းဖျင်၏ ခရီးစဉ်က နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ထပ်မံ အတည်ပြု ပေးလိုက်ပြီး အငြင်းပွါးဖွယ် ရေနံ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက် လုပ်ကိုင်ခွင့် သီးသန့် အခွင့်အရေးကိုလည်း ရရှိစေခဲ့သည်။ သို့သော် ပီကင်းနှင့် နေပြည်တော် အကြား ဆက်ဆံရေးမှာ လွန်ခဲ့သော နှစ်အတွင်း အစဉ်အမြဲ ချောမွေ့ ပြေပြစ် နေခဲ့သည်တော့ မဟုတ်ပါ။
ဤခရီးစဉ်သည် ကမ္ဘောဒီးယား၊ တောင်ကိုရီးယား၊ ဂျပန်တို့အပါအဝင် သူ၏အာရှ ၄ နိုင်ငံခရီးစဉ်၏ အစိတ်အပိုင်း တရပ်ဖြစ်သည်။ ဤရက်သတ္တပတ်ကုန် ခရီးစဉ်ကို လေ့လာသူများက အနာဂါတ် သမ္မတလောင်းနှင့် မြန်မာ ခေါင်းဆောင်များကို မိတ်ဆက်ပေးသော ခရီးစဉ်အဖြစ် ရှုမြင်ကြသည်။ နှစ်နိုင်ငံအကြား ဆက်ဆံရေးများ လအတန်ကြာ တင်းမာနေခဲ့ပြီးနောက် ဗိုလ်ချုပ်ကြီးများကို ထောက်ခံပါကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်ဖွယ် ရှိပါသည်။
ရှီသည် ၂ဝ၁၂ ခုနှစ်တွင် လက်ရှိသမ္မတ ဟူကျင်းတောင် ကိုဆက်ခံမည့်သူအဖြစ် ထိပ်ဆုံးမှ တစ်ပြေးနေကြောင်း အများက ယုံကြည်နေကြသည်။ သူသည် လတ်တလောတွင် တရုတ် ကွန်မြူနစ် ပါတီ၏ အတွင်းရေးမှူးအဖွဲ့တွင် အမြင့်ဆုံး အဆင့်ရှိသူဖြစ်ပြီး ပေါလစ်ဗျူရို အမြဲတမ်း ကော်မတီတွင် ဆဌမမြောက် အဆင့်တွင်ရှိသူ ဖြစ်သည်။

စက်တင်ဘာလ အတွင်းက သူသည် အရေးပါလှသည့် စစ်ကော်မရှင် ဒုဥက္ကဋ္ဌရာထူးတွင် ရွေးချယ် တာဝန် ပေးအပ်ခြင်း မခံခဲ့ရသော်လည်း အာဏာရှိသူအဖြစ် ယုံကြည်နေကြဆဲပင် ဖြစ်သည်။ ဤခရီးစဉ်အတွင်း အရေး အပါဆုံး ကိစ္စရပ်မှာ ရေနံစိမ်း ပိုက်လိုင်း တည်ဆောက် လုပ်ကိုင်ခွင့် သီးသန့် အခွင့်အရေးကို တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) အား ပေးအပ်သည့် စာချုပ်ကို လက်မှတ်ရေးထိုးခြင်းအား သူ့ရှေ့မှောက်တွင် သူ၏ ကြီးကြပ်မှု အောက်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အရှည် ကီလိုမီတာ ၂၀၀၀ ရှည်လျားမည့် ပိုက်လိုင်းသည် မြန်မာနိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းမှ တနိုင်ငံလုံးသို့ ဖြတ်သန်းကာ တရုတ်နိုင်ငံ အနောက်တောင် ယူနန်ပြည်နယ်၊ ထိုမှတဆင့် ချုံကင်းမြို့ ထိရောက်ရှိမည် ဖြစ်သည်။
ဤပိုက်လိုင်းအား CNPC က ထိန်းချုပ်ထားသည့် အရှေ့တောင် အာရှ ရေနံစိမ်း ပိုက်လိုင်း လီမိတက်က လုပ်ကိုင် သွားမည်ဖြစ်ပြီး တည်ဆောက်ရေး လုပ်ငန်းသုံး ပစ္စည်များ တင်သွင်းရာတွင် အခွန် လျှော့ပေါ့ခွင့်နှင့် အကောင်ခွန် ရှင်းလင်းရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ကိုလည်း ယခု သဘောတူညီချက်၏ တစိတ်တဒေသ အဖြစ် ရရှိမည် ဖြစ်သည်။
ပိုက်လိုင်း တည်ဆောက်ခြင်း လုပ်ငန်းကို နိုဝင်ဘာလ အတွင်းက စတင်ခဲ့ပြီဖြစ်ပြီး ပြီးစီးသွားပါက တနှစ်လျှင် ရေနံစိမ်း တန်ပေါင်း ၁၂ သန်း ကနဦး သယ်ပို့ ပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားသည်။ ရေနံစိမ်း ဆိပ်ကမ်းကို မြန်မာပြည် အနောက်ဘက် ရခိုင် ပြည်နယ် ကျောက်ဖြူကျွန်းတွင် အောက်တိုဘာလ ကတည်းက CNPC က စတင် ဆောက်လုပ်နေပြီ ဖြစ်သည်။
ယခု ရေနံဆိပ်ကမ်းနှင့် ပိုက်လိုင်းမှာ အလွယ်တကူ ပိတ်ဆို့လိုက်နိုင်သည့် မလက္ကာ ရေလက်ကြားမှ တဆင့် ရေနံတင် သင်္ဘောများနှင့် တင်ပို့ နေရခြင်းကို ရှောင်ရှားနိုင်ရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုတရပ် ဖြစ်သည်။ ထို့အပြင် ကမ်းလွန် ရွှေဓါတ်ငွေ့မြေမှ သဘာဝ ဓါတ်ငွေ့ များကို သယ်ယူနိုင်မည့် ဓါတ်ငွေ့ ပိုက်လိုင်း တခုကိုလည်း CNPC က တည်ဆောက်ရန် စီစဉ်ထားသည်။ ၂ဝ၁၂ ခုနှစ်တွင် ပြီးစီးပြီး စတင် အသုံးပြုနိုင်မည့် အဆိုပါ ဓါတ်ငွေ့ ပိုက်လိုင်းမှ တရုတ်ပြည်သို့ နှစ်စဉ် ဓါတ်ငွေ့ ကုဗယူနစ် ၁၂ ဘီလျံမျှ သယ်ပို့ပေးနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ အတွင်း ဖြတ်သန်းသွားမည့် အရှည် ၇၇၁ ကီလိုမီတာရှိ ရေနံပိုက်လိုင်း တလျှောက် လုံခြုံရေး ယူပေးရန် မြန်မာ အာဏာပိုင် များက တရုတ်သမ္မတ ရှီ ကို အာမခံ ပြောကြားလိုက်သည်။ ဤပြဿနာသည် လူ့အခွင့်အရေး အဖွဲ့အစည်းများအကြား အငြင်းပွါးဖွယ် ပြဿနာဖြစ်နေသည်။ ဤဒေသတလျှောက် စစ်တပ်က လုံခြုံရေး ရယူရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြီးအကျယ် ဖြစ်ပွါးနိုင်သည်ဟု သူတို့က စွပ်စွဲ ပြောကြားထားကြသည်။
ထိုင်းနိုင်ငံသို့ ဓါတ်ငွေ့ တင်ပို့သည့် အလားတူ ရတနာ ဓါတ်ငွေ့ပိုက်လိုင်း ၁၉၉၀ စုနှစ်များအတွင်း တည်ဆောက် စဉ်ကလည်း ထိုသို့ လုံခြုံရေး ယူခဲ့ရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကျယ်အပြန့် ဖြစ်ပေါ်စေခဲ့သည်ဟု လူ့အခွင့်အရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများ ဖြစ်သော Earth Rights International လို အဖွဲ့မျိုးက ပြောဆိုကြသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ အတွက် သဘာဝ သယံဇာတ အထူးသဖြင့် ရေနံနှင့် ဓါတ်ငွေ့ ရရှိရာ အရေးကြီး သော ရင်းမြစ် ဖြစ်လာနေသည်။ တရုတ်ပြည်က သူတို့၏ ကုန်းတွင်းပိတ် ပြည်နယ်ဖြစ်သော အနောက်တောင် အရပ်ရှိ ယူနန်ပြည်နယ်ကို ဖွံ့ဖြိုး တိုးတက်လာစေအောင် ပြုလုပ်ရာတွင် မြန်မာနိုင်ငံသည် အလွန်အရေး ပါသည်ဟု ရှုမြင်ထားကြသည်။ ဤရည်မှန်းချက် အထမြောက်စေရန်အတွက် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ကုန်စည်များ တင်ပို့နိုင်ရေးအတွက် ဆိပ်ကမ်းများ၊ လမ်းကွန်ရက်များ တည်ဆောက်ခြင်းကို တရုတ်နိုင်ငံက အားသွန်ခွန်စိုက် လုပ်ဆောင်နေသည်။
၁၉၈ဝ စုနှစ်များအတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ခံအားပေးနေခြင်းကိုရပ်စဲ၍ ဗဟို အစိုးရနှင့် ဆက်ဆံရေးများ ကောင်းအောင် လုပ်လာကတဲက တရုတ်ပြည်၏ မြန်မာနိုင်ငံအတွင်း စီးပွါးရေး သြဇာ အာဏာမှာ ကြီးထွားလာခဲ့သည်။ တရုတ်နိုင်ငံ၏ တရားဝင် စာရင်းဇယားများအရ နှစ် နိုင်ငံကြား ကုန်သွယ်မှု ပမာဏမှာ ၂၀၀၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂.၆ ဘီလျံရှိခဲ့ပြီး ယမန်နှစ်ကထက် ၂၆.၄% မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်းရင်းနှီးမြှုပ်နှံရာတွင် လည်း တရုတ်နိုင်ငံသည် စတုတ္ထမြောက် အကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်လာခဲ့ပြီး ၂ဝဝ၈ ခုနှစ် ကုန်တွင် အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံ အထိ ရှိနေပြီဖြစ်သည်။ မြန်မာ နိုင်ငံနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံက စိုးရိမ်ပူပန်နေသည်မှာ တည်ငြိမ်မှုရှိရေးပင် ဖြစ်သည်။ နိုင်ငံတွင်း တရုတ်ပြည်၏ မဟာဗျူဟာမြောက် စီးပွါးရေး အကျိုးစီးပွါးများကို အကာအကွယ်ပေးရန်နှင့် နှစ်နိုင်ငံ နယ်စပ်တလျှောက် တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် လိုလားနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင်း မှ သဘာဝ သယံဇာတများရယူရာတွင် လုံခြုံစိတ်ချရမှုရှိစေရေးနှင့် အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ကို အာမခံချက် ရှိစေခြင်းငှါ တရုတ်က လိုလားသည်။ နယ်စပ်တလျှောက်ဖြစ်ပွါးသော ပဋိပက္ခများ တရုတ်နိုင်ငံတွင်းသို့ရောက်ရှိပျံ့ပွါးလာပြီး အနောက်တောင်ဒေသ မတည်မငြိမ်ရှိမည်ကိုလည်း တရုတ်က စိုးရိမ်ပူပန်နေသည်။ သြဂုတ်လအတွင်း မြန်မာစစ်တပ်က ကိုးကန့်သူပုန်များအပေါ် ထိုးစစ်တခု ခဏကြာ ဆင်နွှဲခဲ့ခြင်း ကြောင့် ဤဒေသအတွင်း တည်ငြိမ်မှုပျက်ပြားခဲ့ရသည်။ ဒုက္ခသည်ပေါင်း ၃၇၀၀၀ ကျော်တရုတ် ပြည်တွင်းသို့ ထွက်ပြေး ခိုလှုံလာခဲ့ကြသည်။
အောက်တိုဘာလတွင်ကျင်းပမည့် တရုတ်ကွန်မြူနစ်ပါတီ၏ စိုးမိုးအုပ်ချုပ်မှု နှစ် ၆ဝ ပြည့် အခမ်းအနား ကျင်းပချိန် အထိ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုလုပ်ဘဲ ထိန်းထားပါရန် ပွင့်ပွင့်လင်းလင်း မေတ္တာရပ်ခံ ထားခဲ့သည့် တရုတ်အစိုးရ အဘို့ ဤတိုက်ခိုက်မှု ကြောင့် အထူး စိတ်ပျက် စရာဖြစ်ခဲ့ရသည်။ ဗမာပြည် ကွန်မြူနစ် ပါတီအား ထောက်ခံအားပေးထားခြင်းကို တရုတ်နိုင်ငံက ပြန်လည် ရုတ်သိမ်းခဲ့သော်လည်း ၁၉၈၉ ခုနှစ်ပါတီ ပြိုပျက်ပြီးနောက်ပိုင်း ပေါ်ထွက်လာသည့် တိုင်းရင်းသားတပ်ဖွဲ့မျိုးစုံ နှင့်ဆက်ဆံရေးကိုမူ တရုတ်က ဆက်လက်ထိန်းသိမ်းထားရှိခဲ့သည်။
ဤနည်းဖြင့် မြန်မာ့နိုင်ငံရေးအပေါ် တရုတ်၏ သြဇာအာဏာကို တစုံတရာ ဆက်လက် ထိန်းသိမ်းထား ရှိနိုင်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရမတည်မငြိမ်မှုများပေါ်ပေါက်လာခဲ့ပါကလည်း ဤတပ်ဖွဲ့များက အလွန်အဆင်ပြေသော ကြားခံအဖြစ် အသုံးတော် ခံနိုင်သေးသည်။ စစ်အစိုးရကမူ ပီကင်းဘက်မှ ဖြစ်ပေါ်လာနိုင် သည့် ဂယက်ရိုက်ခတ်မှုများအပေါ် စိုးရိမ်ပူပန်ခဲ့ဟန် မရှိပါ။ နယ်စပ် အဖွဲ့များထဲမှ အားအနည်းဆုံးအဖွဲ့ကို စတင်တိုက်ခိုက်လိုက်ခြင်းဖြင့် စစ်အစိုးရက တရုတ်နိုင်ငံက မည်သို့ တုံ့ပြန်မည်ကို သွေးတိုး စမ်းကြည့် ခဲ့ခြင်း ဖြစ်သည်ဟု အချို့သော မြန်မာ့ အရေးအကဲခတ်များက ယုံကြည် ကြသည်။
ကျန်အဖွဲ့များကိုဆက်လက်တိုက်ခိုက်ခဲ့ပါက တရုတ်က မည်သို့တုံ့ပြန်မည်၊ ဤအဖွဲ့များအပေါ် ထောက်ခံ အားပေးနေမှု မည်သို့ဖြစ်သွားမည်ဆိုသည်ကို သွေးတိုးစမ်းခဲ့ခြင်းဖြစ်သည်ဟု သူတို့ကယုံကြည်ကြသည်။ စစ်အစိုးရကို ကြုံတောင့်ကြုံခဲ ပြစ်တင် မောင်းမဲခဲ့ခြင်းမှတပါး ဤတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် အပြင်ပန်းအားဖြင့် ထောက်ခံအားပေးခြင်းကိုတရုတ်အစိုးရက အနည်းငယ်မျှသာပြုခဲ့သည်။
မြန်မာ တရုတ်နှစ်နိုင်ငံအကြား သံတမန်များ နှင့် စစ်ဘက်အရာရှိများ ပျားပန်းခတ်မျှတွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆက်ဆံရေးမှာ အပြင်ပန်းအားဖြင့် ပုံမှန်အခြေအနေသို့ပြန်လည် ရောက်ရှိလာခဲ့သည်။ `နယ်စပ်တလျှေက် တည်ငြိမ်အေးချမ်းမှုရှိစေရေးအတွက် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အစဉ်အမြဲ ကြိုးစားပမ်းစား လုပ်ဆောင်သွားမည်´ ဟု မြန်မာခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေက ရှီ ကို သူ၏ ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။
`မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား တွင် အလွန်ရှည်လျားသော နယ်နိမိတ်ရှိပြီး အဆိုပါ နယ်နိမိတ်တွင် တည်ငြိမ်အေးချမ်းမှုရှိရေးသည် နှစ်နိုင်ငံလုံး အတွက် အလွန်အရေးပါကြောင်း မြန်မာနိုင်ငံက နက်နက် ရှိုင်းရှိုင်း နားလည်သဘော ပေါက်ထားပါသည်´ ဟု သူက ပြောဆိုခဲ့သည်။ နယ်စပ် တိုင်းရင်းသား အဖွဲ့များနှင့် သဘောတူညီချက်တစုံတရာရအောင်လုပ်ဆောင်ပြီး နယ်စပ် တိုက်ပွဲများ ဖြစ်ပွါးစေပြီး နယ်စပ် ဖြတ်ကျော်၍ ဒုက္ခသည်များ သောင်းနှင့်ချီ၍ တရုတ် ပြည်တွင်းသို့ ထွက်ပြေး ခိုလှုံလာအောင် လုပ်ဆောင်မည် မဟုတ်ကြောင်း မြန်မာအစိုးရက ဤကြေငြာချက်ဖြင့် တရုတ်ကို အာမခံလိုပုံရသည်။
စစ်အစိုးရက နယ်စပ် တလျှောက်ရှိ တိုင်းရင်းသား အခြေခံတပ်ဖွဲ့များကို မြန်မာစစ်တပ်၏ ခေါင်းဆောင်မှု အောက်တွင် ထားရှိမည့် နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အတင်းအကြပ် ပြောင်းလဲခိုင်းနေ သဖြင့် နယ်စပ် တလျှောက် တင်းမာမှုများမှာမူ ဆက်လက် ဖြစ်ပေါ် နေဆဲပင် ရှိသည်။ ဤသို့ပြောင်းလဲ ဖွဲ့ စည်းလိုက်လျှင် ဗိုလ်ချုပ်ကြီးများနှင့် ဆွေးနွေး ညှိနှိုင်းနိုင်မည့် အနေအထားသော်၎င်း၊ သူတို့၏ အာဏာ သော်၎င်း၊ ယုတ်လျော့ ကျဆင်းသွားမည်ကို အဆိုပါ အဖွဲ့များက စိုးရိမ် ပူပန်နေကြသည်။
ယခု လကုန် နောက်ဆုံး သတ်မှတ်ရက် မတိုင်မီ စစ်အစိုးရနှင့် ပိုမိုကောင်းမွန်သည့် ဆွေးနွေးညှိနှိုင်းအဖြေရှာမှု တရပ်ရရှိရန် သူတို့က လောလောဆယ်ကြိုးစားနေကြသည်။ ထိုသတ်မှတ်ရက်ကျော်လွန်လျှင် သဘောတူညီချက် ရရင်ရ၊ မရလျှင် အသစ်တဖန် တိုက်ခိုက်မှုများ ထပ်မံပေါ်ထွက်လာမည်ဖြစ်သည်။ နောက်ထပ် ပဋိပက္ခများထပ်မံ ပေါ်ပေါက်လာမည်ကို ရှောင်ရှားနိုင်ရေး အတွက် ယခု နှစ်ကုန် နောက်ဆုံး သတ်မှတ်ရက် မတိုင်မီ သဘောတူညီ ချက် တရပ် ရရှိစေရန် မြန်မာအစိုးရ၊ တရုတ်အရာရှိများနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အကြား ဆွေးနွေး ညှိနှိုင်းမှုများကြိတ်၍ ပြုလုပ်နေကြသည်ဟု တိုင်းရင်းသား အဖွဲ့များနှင့် နီးစပ်သော သတင်း ရပ်ကွက်များက ပြောသည်။
မြန်မာ အစိုးရကို သတိပေး သည့်အနေနှင့် ၁၉၇ဝ စုနှစ်များက ဤဒေသအတွင်း တိုက်ခိုက်ခဲ့ကြသော တရုတ် အပျော်တမ်း တပ်ဖွဲ့ဝင် ဟောင်းများနှင့် ဝရဲဘော်ဟောင်းများသည် တရုပ်နိုင်ငံအတွင်း စုစည်း နေကြပြီဟု ပြည်ပ သတင်းဌာနများဖြစ်သော မဇ္ဈိမ သတင်း ဌာနနှင့် ရှမ်းသံတော်ဆင့် သတင်းဌာနတို့က ပြောသည်။ တိုက်ပွဲများ အသစ်တဖန် ပြန်လည်ဖြစ်ပွါးလာခဲ့ပါက ဝင်ရောက် ကူညီနိုင်ရေး အတွက် နည်းလမ်းများ ရှာဖွေရန် ဤသို့စုစည်းနေကြခြင်းဖြစ်သည်။
ဤသို့ဆောင်ရွက်ရန်ကိစ္စမှာ တရုတ်အာဏာပိုင်များ ၏နားလည်မှုဖြင့်ခွင့်မပေးဘဲလုပ်၍မရပါ။ နယ်စပ် အခြေအနေများ မည်သို့ပင် ရှိနေသည် ဖြစ်စေ၊ နိုင်ငံတကာအစည်းအဝေးများတွင်မူ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ ခိုင်မာသော ထောက်ခံအားပေးသူ အဖြစ်ရှိမြဲရှိနေသည်။ အထူးသဖြင့် လုံခြုံရေး ကောင်စီမှ တဆင့်အရေးယူရန် အမေရိကန်နှင့် ယင်း၏မဟာမိတ်များက အဆိုတင်တိုင်း ပီကင်းက မကြာခဏ ပိတ်ဆို့ ဟန့်တားပေး၍ မြန်မာနိုင်ငံကို ထောက်ခံပေးခဲ့သည်။ ယခု ရက်သတ္တပတ်ကုန် ရှီ ၏ ခရီးစဉ် အတွင်းတွင် လည်း ထိုသို့ ပီကင်းက ဆက်လက် ထောက်ခံသွား မည့်အကြောင်း သူက အာမခံ ပြောကြားခဲ့သည်။
ထို့ပြင် နေပြည်တော်နှင့် ဆက်ဆံရေးများ တိုးတက်စေရန်အတွက် အချက် ၄ ချက်ပါ အဆိုပြုချက် တရပ်ကိုလည်း တရုတ် ကိုယ်စားလှယ် အဖွဲ့က တင်ပြခဲ့သည်။ အဆိုပါအဆိုပြုချက်တွင် အဆင့်မြင့် ဆက်ဆံရေးများ ထူထောင် ထားရှိရန်၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း ဆောက်ရွက်ရန်၊ နယ်စပ် ဒေသတွင် သာယာဝပြောရေးနှင့်ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားရှိရန်၊ နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များတွင် ညှိနှိုင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန်တို့ပါရှိ သည်။
တရုတ်၏အဆိုပြုချက်သည် မကြာမီက အမေရိကန်က ဆောင်ရွက်ခဲ့သော ဒေသတွင်း ယင်း၏ အကျိုးစီးပွါးများကို ထိန်းသိမ်း ကာကွယ်ရန် ကြိုးပမ်း လာခြင်းအား တုံ့ပြန် ဆောင်ရွက်ခြင်း ဖြစ်ပုံရသည်။ ယခုအထိမူ ဒေသတွင်းတွင် တရုတ် တနိုင်ငံတည်းကသာ လက်ဝါးကြီး အုပ်ထိန်း ချုပ်ခွင့် ရရှိထားသည်။ သို့သော် ယခုအထိမူ သံတမန်များ အပြန်အလှန် လည်ပတ် တွေ့ဆုံခြင်းထက်ကျော်လွန်၍ ခိုင်ခိုင်မာမာ တုံ့ပြန် ပြောဆိုချက် များကို အမေရိကန်နိုင်ငံက မြန်မာဘက်မှ မရရှိသေးပါ။
အမေရိကန်က မြန်မာ ဗိုလ်ချုပ်ကြီးများ အပေါ် သူတို့၏သြဇာအာဏာကို တိုးတက်ရရှိလာစေချင်သည်။ အထူး သဖြင့် နောက်နှစ်တွင် ကျင်းပမည်ဟု ကြေငြာထားသည့် နိုင်ငံလုံးကျွတ်ရွေးချယ်တင်မြှောက်ပွဲများ ကျင်းပအပြီး တွင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မဟာမိတ် နိုင်ငံတနိုင်ငံ အဖြစ် မကြာခဏ ရည်ညွှန်း ဖော်ပြ ခံနေရသော်လည်း မြန်မာ ဗိုလ်ချုပ်ကြီးများ နှင့် သူတို့၏ဆက်ဆံရေးတွင် အကန့်အသတ်များရှိပုံကို တရုပ်အရာရှိများက သဘောပေါက်သည်။ မြန်မာနှင့် အမေရိကန်အကြား ဆက်ဆံရေးများ ဖြစ်ထွန်း တိုးတက်လာပုံကို တရုတ်က နီးနီးကပ်ကပ် စောင့်ကြည့် အကဲခတ်နေသည်ဟု ဆိုသည်။
ဆက်ဆံရေးများတိုးတက်လာ ရေးအတွက် နှစ်ဘက်စလုံးက မည်မျှ လိုလိုလားလားရှိသည်ကို ထိုသို့ စောင့်ကြည့် အကဲခတ်နေ ခြင်းဖြစ်သည်။ ထိုနှစ်နိုင်ငံအကြား မည်သည့် ဆက်ဆံရေး ပြေလည်လာမှုမျိုးကို မဆို ပီကင်းက သူ၏ ဒေသတွင်း အကျိုးစီးပွါးကို ခြိမ်းခြောက်မှု တရပ်အဖြစ် ရှုမြင်မည်ဆိုသည်မှာ သံသယ ဖြစ်စရာ မလိုပါ။ အမေရိကန်နှင့် ဆက်ဆံရေးကြောင့် မြန်မာဗိုလ်ချုပ်ကြီးများက တရုတ်နိုင်ငံ၏ စိုးရိမ်ပူပန် နေမှုများ အပေါ် အလေးမထားမှာကို၎င်း၊ တရုတ်နိုင်ငံက ရရှိထားပြီးဖြစ်သော မလက္ကာရေလက်ကြားဖြတ် သန်းသွားရသည့် သင်္ဘော လမ်းကြောင်းများကို ရှောင်ကွင်းလိုက်နိုင်သည့် အားသာချက်များ အဟောသိကံ ဖြစ်သွားမည်ကို၎င်း၊ တရုတ်နိုင်ငံက စိုးရိမ်ပူပန် နေသည်။
တရုတ်အရာရှိများက နောက်နှစ်တွင် ဒီမိုကရေစီနည်းကျ အထွေထွေရွေးကောက်ပွဲများကျင်းပ ပေးမည်ဟု ကြေငြာထားသည့် စစ်အစိုးရ၏ `ဒီမိုကရေစီလမ်းပြမြေပုံ´ အပေါ်တွင်လည်းစိုးရိမ်ပူ ပန်မှုများရှိနေကြသည်။
ပြည်ပရောက် အဖွဲ့အစည်းအများစုနှင့် မြန်မာ့အရေး အကဲခတ်စောင့်ကြည့် နေသူများက အဆိုပါ ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမှု ရှိမည်မဟုတ်ဟု ယုံကြည်နေကြသောကြောင့် နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည့် အလားအလာများရှိနေသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်ကျင့်သုံးသည်၊ သို့တည်းမဟုတ် အာဏာရှင် စနစ်ကျင့်သုံးနေသည် ဆိုသည်ကို တရုတ်နိုင်ငံက စိတ်ဝင်စားသည် မဟုတ်ပါ။ သူအလေးထားသည်မှာ မည်သည့်အစိုးရ ပင်တက်နေနေ၊ တရုတ် နိုင်ငံ၏ အကျိုးစီးပွါးများကို ခြိမ်းခြောက်ခြင်း မရှိစေရန်နှင့် တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်း ထားနိုင် ရေးပင် ဖြစ်သည်။ စစ်အစိုးရ၏ အငြင်းပွါးဖွယ် ဖွဲ့စည်းပုံ အခြေခံဥပဒေက လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများနှင့် နိုင်ငံရေး အတိုက်အခံများကို စိတ်ပျက်လက်ပျက်ဖြစ်စေခဲ့သော်လည်း အဆိုပါ အခြေခံ ဥပဒေအရ အစိုးရအဖွဲ့၏ အရေးပါသော အာဏာပိုင် အဖွဲ့အစည်းများအပေါ် စစ်တပ်က အပြည့်အဝ ထိန်းချုပ် ထားနိုင်သည့် ပြဌာန်းချက်များ ထည့်သွင်း ထားခြင်းအတွက် တရုတ်နိုင်ငံက အားရဝမ်းသာ ဖြစ်နေပုံရသည်။
ယခု ရက်သတ္တပတ်ကုန် ခရီးစဉ်အတွင်း ရှီ က မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည် လျှောက်လှမ်းနေသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းမြောက်ကြောင်း မြန်မာ ခေါင်းဆောင်များကို ထောက်ခံ ပြောကြားခဲ့သည်။ မြန်မာအစိုးရက နိုင်ငံရေး ရည်မှန်းချက်များကို ပေါက်ရောက်အောင်မြင်ပြီး အမျိုးသား တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း သူက ပြောကြားခဲ့သည်။
နယ်စပ်ဒေသထိုးစစ်များပြုလုပ်ရာတွင် မိမိတို့ ဖာသာ လွတ်လွတ် လပ်လပ် ပြုလုပ်လိုကြောင်း ပြသခဲ့ခြင်းနှင့် ယခု အမေရိကန်နှင့် ဆက်ဆံရေး မူဝါဒသစ် တို့ကြောင့် တရုတ် နိုင်ငံကလည်း ယင်း၏ မဟာဗျူဟာ အကျိုး စီးပွားများကို ကာကွယ်နိုင်ရန် အတွက် မြန်မာ နိုင်ငံ ဆိုင်ရာ မူဝါဒကို ပြန်လည်စဉ်းစား သုံးသပ်ရန် အကြောင်း ပေါ်ပေါက်လာ သည်။ ရှီ၏ ခရီးစဉ်က ပီကင်းသည် မြန်မာ စစ်ခေါင်းဆောင် များကို အဆင့်မြင့် ထောက်ခံ အားပေးမှုများ ဆက်လက် ပြုလုပ်သွားမည့် အကြောင်း ထုတ်ဖော်ပြသခဲ့သည်။
မြန်မာနိုင်ငံက နောက်နှစ်တွင် အထွေထွေ ရွေးကောက်ပွဲများ ကျင်းပရန် လုပ်ဆောင်နေချိန်တွင် အဆိုပါ ထောက်ခံမှုသည် အလွန်အရေးပါဖွယ်ရှိသည်။
source by : မဇ္ဈိမ

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။