ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ပြောပြချင်တာက ဒီအစီအစဉ်မှာ ပါဝင်သူတွေ၊ ပြောဆိုကြသူအားလုံးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ဘယ်လောက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်၊ ဂုဏ်ယူတဲ့အကြောင်းကို စတင်ပြောဆိုကြပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပျော်ရွင်စွာ နဲ့ မြန်မာပြည်သူပြည်သားတွေကို ဆက်လက် ဦးဆောင်လမ်းညွှန်မှု ပေးနိုင်ပါနိုင်ပါစေလို့ ဆုတောင်းပြော ဆိုကြပါတယ်။ ပထမဦးဆုံး ဆက်သွယ်ထားသူက မဇင်ဇင် ဖြစ်ပါတယ်။ မဇင်ဇင်က အမေရိကန် ပြည်ထောင်စုမှာ လာရောက်ပြီးတော့ အင်္ဂလိပ်စာသင်ကြားရေးနဲ့ ပတ်သက်ပြီး ဘွဲ့လွန်ပညာ ဆည်းပူး လေ့လာနေသူ ဖြစ်ပါတယ်။
မဇင်ဇင် ။ ။ ပြောချင်တာကတော့ အထူးသဖြင့် ကလေးပညာရေးတွေနဲ့ ပတ်သက်ပြီး ပြောချင်တာပါ။ ကလေးတွေ တော်တော်များများက ပညာသင်ကြားဖို့ အခွင့်အရေးတောင်မှ အထူးသဖြင့် နယ်စပ်က ကလေးတွေက မရဘူးဖြစ်နေပါတယ်။ မြို့ ကြီးတွေမှာလည်း street children တွေက များလာနေပါပြီ။ တချို့တွေမှာ ဂိုဏ်းဂဏတွေဖွဲ့ပြီး ပိုက်ဆံတွေ တောင်းခံသည်အထိ ကလေးမွေးခါစမှ၊ မွေးကတည်းက ပညာသင်ကြားဖို့မပြောနဲ့ လက်လွှဲငှားရမ်းနေမှတော့ ပညာရေးက ဘယ်လိုမှ မတတ်နိုင်ကြတော့ဘူး။ နယ်စပ်ဒေသဆိုရင် ရိုးရိုးနယ်စပ်ဒေသတွေတောင် မဟုတ်ဘူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ပြည်နယ်က ကလေးတွေဆိုရင် ဟိုဘက်ကလည်း အကူအညီမပေးနိုင်၊ ဒီဘက် အစိုးရကလည်း အကူအညီ မပေးနိုင် ကြားထဲမှာ ဒုက္ခတွေ အတော်များများ ရောက်နေကြပါတယ်။ သူတို့တွေက ဟိုဘက်နိုင်ငံပြေးလိုက် refugee ဖြစ်လိုက်၊ ဒီဘက်နိုင်ငံကို ပြန်လာလိုက်နဲ့ စားရမဲ့ သောက်ရမဲ့ ဖြစ်နေပါတယ်။ အဲဒီ ကလေးတွေနဲ့ ပတ်သက်ပြီးတော့ နည်းနည်း သူတို့အခွင့်အရေးတွေကို အကယ်၍ ဒေါ်စုကများ တခြား အဖွဲ့အစည်းတွေကို ပြောပြပေးမယ်ဆိုရင် အကူအညီပေးမှုတွေ အများကြီး ပေါ်လာမှာပါ။
အခုဆိုရင် သူတို့အခွင့်အရေးတွေကို သတိတော့ ရကြပါတယ်။ ဒါပေမဲ့ သေသေချာချာ focus လုပ်ပြီးတော့ လုပ်ပေးနေတဲ့အဖွဲ့က အင်မတန်မှ ရှားပါးနေပါသေးတယ်။ မရှိဘူး မဟုတ်ပါဘူး၊ ရှိပါတယ်။ ဒီထက် လုပ်ပေးနိုင်မယ်ဆိုရင် ကလေးတွေက အခွင့်အရေးတွေ အများကြီး ရလာလိမ့်မယ်လို့ ထင်ပါတယ်။
နောက်တခုက အခုခေတ် ဆယ်ကျော်သက် လူငယ်တွေကအစ သုံးဆယ်ဝန်းကျင် လူငယ်တွေကို အများကြီး စွဲဆောင်ပေးစေချင်ပါတယ်။ စွဲဆောင်စေချင်တယ်ဆိုတာ နားလည်သဘောပေါက်လာအောင် federal ပြည်ထောင်စုက ဘာလဲဆိုတာကို အသေးစိတ် ပြောစေချင်ပါတယ်။
တော်တော်များများက ဖဒရယ်လို့ ဆိုလိုက်တာနဲ့ ဗမာတော်တော်များများကအစ ခွဲထွက်သွားမယ်။ ပြည်ထောင်စုကြီး ပြိုကွဲသွားမယ်လို့ ထင်နေကြပါတယ်။ အဲဒါကို အသေးစိတ် ရှင်းပြပေးနိုင်တဲ့လူ ရှားပါးနေပါ သေးတယ်။ ဘယ်လို အဓိပ္ပာယ်မျိုးလဲဆိုတာကို တိုင်းရင်းသားတွေဘက်က ပြောနေပေမဲ့ တချို့က ဗမာ လူမျိုးကြီး ဝါဒကို ကိုင်ဆောင်ပြီး (ကျမလည်း ဗမာသွေးလည်းပါ။ တိုင်းရင်းသားသွေးလည်း ပါတယ်)။ အဲဒါကြောင့်မို့ ပြည်ထောင်စုကြီး မပြိုကွဲသွားရေးကို နားလည်းထားပါတယ်။ တော်တော်များများက အသေးစိတ် နားမလည်ပါဘူး။ အဲဒီကိစ္စကို သေသေချာချာ ဒေါ်စုအနေနဲ့ ရှင်းပြပေးမယ်ဆို ပိုပြီး နားဝင် ကြမယ်လို့ ထင်ပါတယ်။
လူငယ်တွေလို့ ပြောတဲ့နေရာမှာ ရိုးရိုး ပညာတတ်လူငယ်တွေမက စစ်တပ်အသိုင်းအဝိုင်းနဲ့ လူချမ်းသာ အသိုင်းအဝိုင်းက လူငယ်တွေကို ပြောမယ်ဆိုရင် ပိုပြီးတော့ လူငယ်အင်အားစု ပြည့်ပြည့်စုံစုံနဲ့ ပါလာ မယ်လို့ ထင်ပါတယ်။ သူတို့တွေကလည်း တိုင်းပြည်တိုးတက်ကြီးပွားရေးကို လိုလားတဲ့ လူတွေရှိပါတယ်။ တချို့ကလည်း ဘယ်လိုလုပ်ရမယ်ဆိုတာကို လမ်းစတောင် မရှိတဲ့လူတွေဖြစ်ကြပါတယ်။ သူတို့တွေကို target ထားပြီး ရှင်းပြပေးစေလိုပါတယ်။ တချို့ကတော့ စစ်တပ်အသိုင်းအဝိုင်းမှာရှိတဲ့ လူတွေဆိုရင်၊ တိုင်းရင်းသားတွေဆိုရင် သူပုန်လို့ မြင်တဲ့လူတွေ ရှိပါတယ်။ တချို့မှာ အဲဒီအသိုင်းအဝိုင်းက မဟုတ်ပေမဲ့ သာမန်အရပ်သူအရပ်သားတွေက တိုင်းရင်းသား၊ တိုင်းရင်းသူတွေက ဗမာ - သေချာ မသိမြင်ဖူးကြဘူး ဖြစ်ပါတယ်။ မုန်းတီးနေကြတယ်လို့ ထင်ကြသူတွေ ရှိပါတယ်။
ဒါကြောင့်မို့ သူတို့တွေ ဒီအတိုင်း နေနိုင်ကြရဲ့နဲ့ ဘာလို့ ခွဲထွက်ပြီး တောင်းချင်တာလဲလို့ တွေးကြသူတွေ ရှိကြပါတယ်။ နောက်ဆုံး အဓိက ကတော့ လူငယ်တွေကို နားလည်လာနိုင်အောင် သူတို့ နားထောင်ချင် လောက်တဲ့ ခေါင်းဆောင်တယောက်က ရှင်းပြပေးမယ်ဆိုရင် ပိုပြီးလူငယ်တွေက တက်တက်ကြွကြွနဲ့ ပြည်ထောင်စုကြီးကို ကောင်းမွန်တိုးတက်သာယာရေးကို ပိုပြီးပါဝင်လာမယ်လို့ ထင်ပါတယ်။ အခုက လူငယ်တွေပါဝင်မှု အားနည်းနေတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ မဇင်ဇင် ပြောဆိုပြီးနောက် Burma VJ လို့ ခေါ်တဲ့ သံဃာအရေးတော်ပုံ (သို့) ရွှေဝါရောင် တော်လှန်ရေး မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သူ။ Hollywood ရုပ်ရှင် Oscar ဆု ထည့်သွင်း မှတ်တမ်းပြုခြင်း ခံရတဲ့ ရုပ်ရှင်ကားတကား ဖြစ်ပါတယ်။ သူကတော့ ဗွီဒီယိုသတင်းထောက် ကိုအောင်ထွန်း ဖြစ်ပါတယ်။
ကိုအောင်ထွန်း ။ ။ အဓိကတော့ အန်တီသိသလို နည်းပညာပိုင်း။ နောက်တခုက ပြီးခဲ့တဲ့ မိန့်ခွန်းမှာ ထောက်ပြသွားတဲ့ ပညာရေး။
ပညာရေးပိုင်းမှာ အားနည်းတဲ့အတွက်ကြောင့် အသိဥာဏ်ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေးပိုင်းမှာ အားနည်းတယ်ဆိုတဲ့ အကြောင်းပါ။ အဓိက ကျနော့်အတွေ့အကြုံအရ (၇) နှစ်ကာလအတွင်းမှာ အန်တီ့အနေနဲ့ မီဒီယာပိုင်းကို ဇောက်ချလုပ်ကိုင်လာတဲ့အခါကျတော့ မီဒီယာကို သုံးတတ်ရင်သုံးတတ်သလောက် အစွမ်းထက်တဲ့ လက်နက် ကရိယာတခုလိုလို့ ကျနော် သတိထားမိတယ်။ တဘက်မှာလည်း မီဒီယာက နှစ်ဖက်သွားဓားလိုပဲ မသုံးတတ်ရင် ကိုယ့်လက်ကို ကိုယ်ပြန်ရှမယ့် အနေအထားရှိတယ်။ အန်တီ ပြောသလိုပဲ- ဒီ သတင်း နည်းပညာတွေဖြစ်တဲ့ မိုဘိုင်းတယ်လီဖုန်း၊ အင်တာနက်တို့နဲ့ နိုင်ငံတကာကို ဆက်သွယ်မယ်လို့ ပြောခဲ့သလို အဲဒါကို ပိုပြီး ထိထိရောက်ရောက် အမြန်ဆုံး သုံးနိုင်အောင်လို့။
ဘာဖြစ်လို့လဲဆိုတော့ ဒီ စစ်အစိုးရက အန်တီ့ကို ပြန်ဖမ်းမလားဆိုတာ ကျနော်တို့ အမြဲစိုးရိမ်နေရတဲ့ကိစ္စ၊ လွတ်မြောက်လာတဲ့ ကာလအတွင်းမှာ တက်နိုင်သမျှ ဆက်သွယ်ရေးလမ်းကြောင်းတွေနဲ့ နိုင်ငံတကာကို ဆက်သွယ်ဖို့ကိစ္စကို တခု လုပ်စေချင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၃ ကာလမတိုင်ခင်နဲ့ အန်တီ အကျယ်ချုပ် ကျနေတဲ့ ကာလနဲ့ ယှဉ်လိုက်ရင် သတင်းနည်းပညာက ဗမာပြည်မှာ အတော်ပြောင်းလဲသွားပါပြီ။
အရင်ကာလတွေတုံးက အန်တီ ခရီးတွေသွားတယ်။ မြန်မာပြည်အနှံ့ ခရီးတွေသွားတယ်။ ကျနော်တို့ မလိုက်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့ သတင်းတွေကို ရေဒီယိုတို့ကတဆင့် ပြန်ကြားရတယ်။ စစ်အစိုးရ ထိန်းချုပ်ထား တဲ့ ပြည်တွင်းမီဒီယာတွေမှာ တခုမှ မတွေ့ရဘူး။ မြန်မာပြည်ထဲက လူတွေက အန်အယ်လ်ဒီ ဘာလုပ်နေ သလဲ။ ဘယ်လိုတွေလုပ်နေသလဲဆိုတာကို ရေဒီယိုထဲကပဲ သိခဲ့တယ်။
အန်တီ အကျယ်ချုပ်ကျတဲ့ ကာလကစပြီး မြန်မာပြည်ထဲမှာ ဒီဗွီဘီ လို တီဗွီသတင်းဌာနတွေ ပေါ်လာ တယ်။ တခြားသတင်းမီဒီယာတွေလည်း ပေါ်လာတယ်။ လူတွေက seeing is believing မြင်မှယုံမယ် ဆိုတဲ့ အခါကျတော့ အဲဒီလို သတင်းမီဒီယာတွေကို ပိုအသုံးတည့်တယ်၊ အစွမ်းထက်တယ်။ လူတွေ အားလုံးထံ ရောက်မယ့် မီဒီယာမျိုးကို သုံးပြီးတော့ အန်တီပြောချင်တဲ့ နိုင်ငံရေး အမှာစကားတွေဖြစ်ဖြစ်၊ ပညာရေးတွေ ဖြစ်ဖြစ် အားလုံးကို လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဦးကျော်ဇံသာ။ ။ ကိုအောင်ထွန်းနောက် ပြောဆိုမယ့်သူက မခင်မမမျိုး ဖြစ်ပါတယ်။ မခင်မမမျိုးဟာ လန်ဒန် တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံရပ်နဲ့ မဟာဗျူဟာလေ့လာရေးဘာသာရပ်တို့ကို လေ့လာဆည်းပူး နေတဲ့ ကျောင်းသူ ဖြစ်ပါတယ်။
မခင်မမျိုး ။ ။ ပထမဦးဆုံး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို အန်တီက ခေါ်ထားရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းမှာ ကျမအမြင်က စေ့စပ်ဆွေးနွေးရေးက အဓိက ကျတယ် လို့ မြင်ပါတယ်။ အဲဒီမှာ အရေးကြီးဆုံးက စစ်အုပ်စုကို စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို ရောက်လာအောင် ဘယ်လိုခေါ်ဆောင်ကြမလဲဆိုတာက ပိုအရေးကြီးပါတယ်။ အဲဒီမှာမှ အချက် (၃) ချက်က ထည့်သွင်း စဉ်းစားစရာလို့ မြင်ပါတယ်။
ပထမ တချက်ကတော့ ချဉ်းကပ်တဲ့ နည်းလမ်းပါ။ စစ်အုပ်စုရဲ့ လိုအပ်ချက်နဲ့ အကျိုးစီးပွားတွေကို ပြန် ဆန်းစစ်ပြီးတော့ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုပိုင်းကျရင် ဘယ်လို အကောင်အထည် ဖော်မှာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ သူတို့တွေကို စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို ခေါ်ဆောင်နိုင်မယ်လို့ မြင်ပါတယ်။
ဒုတိယတချက်က စစ်အုပ်စုကို စေ့စပ် ဆွေးနွေးလာအောင် ဘယ်လိုတွန်းအားပေးမလဲ။ တွန်းအားပေးတဲ့ နေရာမှာ တကယ်လို့ စေ့စပ်ဆွေးနွေးပွဲ လုံးဝမဖြစ်ခဲ့ရင်၊ ဒါမှမဟုတ် စေ့စပ်ဆွေးနွေးပွဲက တပိုင်းတစနဲ့ ရပ်သွားခဲ့ရင် ဘာတွေလုပ်မလဲဆိုတဲ့ စီမံချက်တွေရှိခဲ့တယ်ဆိုရင် ဒီစီမံကိန်း အားကောင်းရင် အားကောင်း သလို စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို စစ်အုပ်စုကို တွန်းပို့နိုင်တယ်မယ်လို့ မြင်ပါတယ်။
တတိယအချက်ကတော့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက စေ့စပ်ဆွေးနွေးရေးကို တောင်းဆိုနေတဲ့အချိန်မှာ တခြား ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး နယ်ပယ်မှာ ရှိနေကြတဲ့ လူအများ ရိုသေလေးစားခံရတဲ့ ခေါင်းဆောင်တွေကလည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်ပြီး တသံတည်း စုစည်းပြီးတော့ တောင်းဆိုနိုင်မယ့် ကော်မရှင်တွေ ဖွဲ့စည်းထားမယ်ဆိုရင် တပြိုင်နက်တည်းမှာ စေ့စပ်ဆွေးနွေးရေးအတွက် အကျိုးရှိမယ်လို့ မြင်ပါတယ်။
အဲဒီ တချိန်တည်းမှာပဲ လူထုကြားထဲမှာ လှုပ်ရှားပါဝင်နေကြသူများက အားလုံးက အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းပေါ်ကို လူအများက အားလုံးက ကြိုဆိုထောက်ခံပြီး ဝိုင်းဝန်းတောင်းဆိုကြ မယ်ဆိုရင် ဒီအချက်သုံးချက် ချည်းကပ်နည်း၊ ဦးဆောင်မှုနဲ့ တွန်းအားသုံးခု ညီမယ်ဆိုရင် န.အ.ဖ စစ် အုပ်စုကို စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို ခေါ်နိုင်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင် အထည်ဖော်နိုင်မယ်လို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်ပုဂ္ဂိုလ်တဦးကတော့ သံဃာတော် တပါးဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးအတွက် ပါဝင်လှုပ်ရှားနေတဲ့ သံဃာတပါး ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာ ကိုယ်တိုင် စည်းရုံးရေး လုပ်ကိုင်နေတယ်လို့ သိရှိရပါတယ်။
သံဃာတော် ။ ။ ပြည်သူရဲ့အသံကို နားထောင်ခဲ့တာ နှစ် (၂၀) ကျော်ခဲ့ပြီ။ နအဖ ဆွဲထားတဲ့ လမ်းစဉ် အတိုင်း သွားနေတာ လမ်းစဉ် (၇) ရပ်မှာ (၅) ရပ်ပြီးသွားပြီ။ ခြောက်ချက်နဲ့ ခုနှစ်ချက်က ခဏလေးဆို အကောင်အထည်ဖော်ပြီး ဘာမှလုပ်လို့ ရမှာမဟုတ်တော့ဘူး။
အဲဒီအချက် (၂) ချက် အကောင်အထည် မဖော်ခင်မှာ နံပါတ်တစ် လုပ်ရမှာက ဒေါ်အောင်ဆန်းစုကြည်တို့ စီအာပီပီကို အဖွဲ့ဝင်တွေ တိုးချဲ့ပြီးတော့ အစိုးရအဖွဲ့သစ် ကြေညာဖို့ အရေးကြီးတယ်။ အစိုးရသစ်ရှိပြီး လူထုတွေက လိုလားနေကြတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးက လိုလားနေကြတယ်။ အဲဒါ နံပါတ်တစ် အရေးကြီးဆုံးပဲ။ ဘာမှ ပြည်သူတွေရဲ့အသံတွေကို လိုက်ပြီး နားထောင်နေစရာ မလိုတော့ဘူး။ ပြည်သူတွေကြားထဲကိုသွားပြီး ဟိုပြည်နယ်သွား ဒီပြည်နယ် သွား လိုက်ပြီး စည်းရုံးရေး ဆင်းစရာမလိုတော့ဘူး။ အဲဒီလို ဆင်းနေရင် ဒေါ်အောင်ဆန်းစုကြည်က စည်းရုံးရေး ဆင်းတဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဒီပဲယင်းအရေးအခင်းမှာ လုပ်ကြံခံရတာကို သင်ခန်းစာ ယူဖို့ သင့်တယ်။ လုပ်သင့်လုပ်ထိုက်တာကို အမြန်လုပ်ဖို့ပဲ ပြောချင်တယ်။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံး ပြောဆိုထားသူကတော့ ဗိုလ်ကြီးဟောင်း စိုင်းဝင်းကျော် ဖြစ်ပါတယ်။ အများသိရှိတဲ့အတိုင်း ၈၈ အရေးအခင်းကာလမှာ ပြည်သူတွေဘက်ကို ဝင်ရောက် ခိုလှုံလာသူ ဖြစ်ပါတယ်။
ဗိုလ်ကြီးစိုင်းဝင်းကျော် ။ ။ အန်တီရဲ့လုပ်ဆောင်မှုတွေ၊ စွန့်လွှတ်မှုတွေကို ကမ္ဘာနဲ့ မြန်မာပြည်သူလူထု အားလုံးက မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ အခွင့်အရေးဆိုတာ တောင်းယူလို့မရ၊ တိုက်ယူမှ ရတယ်ဆိုပေမယ့် အန်တီက မြန်မာပြည် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတွေ တန်တူညီမျှရေးအတွက် ကိုယ့်ကို နှစ်ရှည်လများ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်း ခဲ့တဲ့ စစ်အစိုးရ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ စစ်အစိုးရခေါင်းဆောင်များ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ နည်းမျိုးစုံနဲ့ အနိုင်ရသွားတဲ့ ကြံ့ဖွံ့ပါတီအပါအဝင် မြန်မာပြည် ဒီမိုကရေစီ လိုလားသူ မည်သူနဲ့မဆို လက်တွဲ အလုပ်လုပ် နိုင်ကြောင်း၊ လက်တွဲအလုပ်လုပ်လို့ စကားပြောဆိုလိုကြောင်း စိတ်စေတနာ မှန်ကန်မှုနဲ့ ဖြောင့်မတ် ရိုးသားမှု သာ ရှိဖို့ အရေးကြီးကြောင်း ထုတ်ဖော်ပြောဆိုလို့ အန်တီရဲ့ သဘောထားကြီးမှု၊ အမျှော်အမြင်ကြီးမှုတွေကို ကျနော် လေးစားမိပါတယ်။
ထပ်သတိပေးပါရစေ - အန်တီက မြန်မာလူထုတရပ်လုံးအတွက် အင်မတန်မှ ရှားပါးကြီးမြတ်တဲ့ မျှော်လင့်ချက် ရောင်ခြည်ဖြစ်လို့ သတိဆိုတာကို မပေါ့စေချင်ပါဘူး။ အာဇာနည်မျိုးမို့ မကြောက်တတ်ဘူး၊ အာဇာနည်မျိုး သေရိုးမရှိ ဆိုပေမဲ့ လုံခြုံရေးကို အန်တီ့အတွက်ရော မြန်မာပြည်သူတရပ်လုံးအတွက်ပါ ဂရုစိုက်စေချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်တည်ချင်သူတွေ ပြောချင်သူတွေ သိန်းသန်းမက ရှိနေ ပါတယ်။ အဲဒီအထဲက လက်လှမ်းမီသမျှ လူငယ်အချို့ကို ဆက်သွယ်မေးမြန်း တင်ပြထားခြင်း ဖြစ်ပါတယ်။
နားဆင်ရန်
source by : http://www.voanews.com
မေး- အခုပြည်တွင်းမှာ လှုပ်ရှားနေကြတဲ့ ဒုတိယပင်လုံညီလာခံ ကျင်းပရေး ဆိုတာအပေါ် ဗကပ က ဘယ်လိုမြင်သလဲ သိပါရစေ။
ဖြေ- ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာကိစ္စ၊ တိုင်းရင်းသားများနဲ့ သွေးစည်း ညီညွတ်ရေးကိစ္စ စတာတွေကို ကိုယ့်ပြည်သူတွေအချင်းချင်း စာပွဲပေါ်မှာ မျက်နှာချင်းဆိုင် အဖြေရှာရမယ် ဆိုတဲ့မူကို အစောကြီးကတဲက ကိုင်စွဲထားပါတယ်။
န၀တ-နအဖတို့က ညောင်နှစ်ပင်မှာဖြေရှင်းသလို သူတို့စိတ်ကြိုက်လူတွေ ခေါင်းခေါက်ခေါ်ပြီး သူတို့ပြောသမျှ ခေါင်းငြိမ့်ခိုင်းတဲ့ ဖြေရှင်းနည်းမျိုးကို လုံးဝ ဆန့်ကျင်ပါတယ်။ ဒါကြောင့် အခုလို ဆွေးနွေး အဖြေရှာကြတာကို ကြိုဆိုပါတယ်။ အားပေးပါတယ်။ ဒါပေမယ့် …
မေး- ဒါပေမယ့် ဆိုတော့ ဆက်ပါဦး။
ဖြေ- ဒါပေမယ့် ပထမပင်လုံညီလာခံ ကျင်းပတုန်းက အခြေအနေနဲ့ ဒီနေ့ ဒုတိယ ညီလာ ခံကျင်းပဖို့ စိုင်းပြင်းကြတဲ့ အခြေအနေ တို့အကြားမှာ မတူတာတွေရှိတယ် ဆိုတာကို သတိပြုသင့်ပါတယ်။ ၁၉၄၇ ခုနှစ်တုန်းက ဦးစီးကြီးမှူးကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှအစိုးရတို့ဟာ အာဏာလက်ရှိတွေ ဖြစ်ကြပါတယ်။ စစ်တပ်ကို အမိန့်ပေးခွင့်ရနေ သူတွေ ဖြစ်ကြပါတယ်။
ဒီနေ့အခြေအနေက အဲဒါနဲ့ ပြောင်းပြန်ပါ။ ကိုယ်က အာဏာမဲ့ ဖြစ်ပါတယ်။ စစ်တပ်၊ ရဲ စတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေအားလုံးက ဖိနှိပ်သူရဲ့လက်ထဲမှာ ရှိပါတယ်။
မေး- ၁၉၆၁-၂ ခုနှစ်တုန်းက ဦးနုအစိုးရ လက်ထက်မှာ လုပ်ခဲ့တဲ့ ပြည်နယ်ပေါင်းစုံ ညီလာခံ စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့လှုရှားမှုကိုရော ဘယ်လိုပြောမလဲ။
ဖြေ- အဲဒါက ဦးနု အာဏာရနေတုန်းမှာ ဦးနု သဘောတူမှုနဲ့ လုပ်တာ ဖြစ်ပါတယ်။ “ပင်လုံ ရဲ့နောက်ဆက်တွဲ ဆွေးနွေးပွဲ” လို့ ဆိုရင်တောင် ရမယ်ထင်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ စစ်တပ်ဟာ အာဏာရ အစိုးရလက်ထဲမှာ မရှိတော့ပါဘူး။
အဲဒီတော့ ၁၉၆၂ ခုနှစ် ဗိုလ်နေ၀င်းက အာဏာသိမ်းတဲ့အခါမှာ တိုင်းရင်းသားခေါင်းဆောင်တွေ အားလုံးစုပြီး ခေါင်းစင်း ပေးလိုက်သလိုတောင် ဖြစ်သွားပါတယ်။ အာဏာလိုချင်လို့ အာဏာသိမ်းတဲ့ ဗိုလ်နေ၀င်းကတော့ ဒီလုပ်ရပ်ကိုပဲ သူ အာဏာသိမ်းရတဲ့ အကြောင်းရင်းလို့ ပြောတာပေါ့။
မေး- အခုပြောခဲ့တာကို ပြန်ချုပ်ပြပါ။
ဖြေ- လွယ်လွယ်ပြောရရင် ဒုတိယပင်လုံညီလာခံကျင်းပဖို့ ကြိုးစားတာကို ကျနော်တို့က မူအားဖြင့် ထောက်ခံပါတယ်။ ဒါပေမယ့် သတိတော့ ထားရပါမယ်။ ပြင်ဆင်မှုတွေ အသေအချာ လုပ်ရပါမယ်။ မလိုလားအပ်တဲ့ နစ်နာဆုံးရှုံးမှုတွေ မဖြစ်ဖို့ အရေးကြီးတယ် ဆိုတာပါပဲ။
source by : http://www.naytthit.net
VOA | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်တည်ရှိမှုဆိုတာ ပြည်သူကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်၊ ရုပ်မြင်သံကြားဌာနနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတဲ့အကြောင်း လျှောက်ထားချက်ကို နေပြည်တော်တရားရုံးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ပြီးတော့ ကြားနာပါတယ်။ ရွေးကောက်ပွဲမှာ NLD ၀င်ရောက်ယှဉ်ပြိုင်တာမရှိတာနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ်က ရုတ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြေညာပိုင်ခွင့် မရှိဘူးဆိုပြီး NLD ဘက်က ချေပ လျှောက်ထား ထားတာဖြစ်ပါတယ်။
“တရားဥပဒေအရ ရပ်တည်ပိုင်ခွင့် ရှိတယ်၊ မရှိတယ်ဆိုတာကို သူတို့ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တကယ်ကို အဲန်အယ်လ်ဒီက ရပ်တည်နိုင်လား၊ မရပ်တည်နိုင်လားဆိုတာကိုတော့ ပြည်သူ လူထုကပဲ ဆုံးဖြတ်မှာပါ”
မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် NLD ပါတီ တခုတည်း ဆောင်ရွက်လို့ ရမှာ မဟုတ်သလိုဘဲ သူ တယောက်နဲ့လည်း ဆောင်ရွက်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။
ရွေးကောက်ပွဲ မကျင်းပခင်ကာလမှာ နိုင်ငံရေးပါတီတွေ အများအပြားပေါ်လာခဲ့ပြီး NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီက အဖွဲ့ဝင်တချို့လည်း အတိုက်အခံပါတီအဖြစ် သီးခြားရပ်တည်လာခဲ့ပါတယ်။
ဒီအဖွဲ့အစည်းတွေ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်းကို ကြိုဆိုလိုက်ပြီး လက်တွဲ လုပ် ဆောင်ချင်တဲ့အကြောင်း ကမ်းလှမ်းထားပါတယ်။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဘက်က သူ့သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။
“ဒီမိုကရေစီအတွက် လုပ်ပေးချင်တဲ့သူတွေကနေပြီးတော့ လက်တွဲချင်တယ်ဆိုရင် အန်တီတို့ဘက် ကနေ လက်တွဲဖို့ အဆင်သင့်ပါပဲ။ တချို့တွေနဲ့တောင်မှ တွေ့ဆုံဖို့ စီစဉ်ပြီးပြီလို့ ပြောပါတယ်။ ဒါကတော့ ရုံးကနေပဲ စီစဉ်နေတာပါ”
လတ်တလော နယ်စပ်တလျှောက်မှာဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြဿနာအပေါ်မှာလည်း သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောသွားပါတယ်။
“အခုလို ပုံစံက ပြန်ပြီးတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်မလိုမြင်ရတာ အင်မတန်မှ ၀မ်းနည်းတယ်။ အန်တီတို့အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့… အဲဒီလိုပဲ ပြောရ မှာပဲ။ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အ၀နဲ့ ဒီနိုင်ငံဟာ ငါတို့နိုင်ငံ…ပေါ့နော်၊ ဒီမြေဟာ ငါတို့အတွက် သက် သာရာ၊ လုံခြုံရာ၊ ချမ်းသာရာမြေဆိုပြီးတော့ ပြည်ထောင်စု တိုင်းရင်း သားအားလုံးက အဲဒီလို စိတ်မျိုး မရှိနိုင်သရွေ့အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ ပြောရမှာပဲ။ အခု နယ်စပ်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်နည်းနဲ့ဖြေရှင်းမလိုလို ဖြစ် နေတာဟာ အန်တီတို့ နိုင်ငံအတွက် အင်မတန်မှ ၀မ်းနည်းစရာကောင်းတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပဲ”
မြန်မာစစ်အစိုးရဘက်ကတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆက်ပြီး ဆောင်ရွက်မယ် လို့ ပြောဆိုထားပါတယ်။ အခုဆိုရင် အဆင့်ခြောက်ဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အစိုးရရဲ လမ်းပြမြေပုံအတိုင်း သဘောတူလိုက်နာဆောင်ရွက်တဲ့ သဘောသက် ရောက်ပေမဲ့ NLD ကတော့ ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီး ဒီ လမ်းပြမြေပုံ အစီအစဉ်တွေ ကို ဆန့်ကျင် ကျောခိုင်းထားပါတယ်။ ဒါကြောင့်လည်း ရှေ့ဆက်လက်တွဲဆောင်ရွက်ရေးဟာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။
“အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပဲလေ။ တခုရှိလို့ တခု မရှိရဘူး လည်းမဟုတ်ဘူး၊ တခုရှိလို့ တခုက အလိုလိုပါလာမှာလည်း မဟုတ်ဘူး။ ဒါဟာ အမျိုးသား ရင်ကြားစေ့ရေး ကတော့ တကယ်ကို လိုအပ်တဲ့ကိစ္စပဲ။ လမ်းပြမြေပုံဆိုတာကတော့ မြေပုံအမျိုးမျိုး ရှိနိုင်တာပေါ့။ အမျိုးသား ရင်ကြားစေ့ရေးဆိုတော့ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ် တဲ့ကိစ္စပဲ။ အဲဒီဟာတော့ ဆက်လုပ်သွားရမှာပဲ”
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် မြန်မာနိုင်ငံ အခြေအနေတိုးတက်မှုတွေ ရှိလာနိုင်တယ် ဆိုပြီး မျှော်လင့်သူတွေက မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလွတ်မြောက်ရုံနဲ့ ဒါဟာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီလို့ မသတ်မှတ်သင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီလို လွတ်မြောက်ရေးအတွက် ဆက်ပြီး တောင်းဆိုပေးကြဖို့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံပါတယ်။
“တခုတော့ အန်တီ ရှင်းရှင်းလင်းလင်း ပြောနိုင်တာက ကျန်နေတဲ့ ၂ ထောင်ကျော်သော နိုင်ငံရေး အကျဉ်း သားတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးပါ။ အဲဒါတွေအတွက်ကိုတော့ တောင်းဆို ပေးပါ ဆိုတာကိုတော့ အဲဒါတွေကိုတော့ အန်တီ ဒီအချိန်၊ ဒီနေရာမှာ ပြောချင်တယ်။ ကျန်တဲ့ကိစ္စတွေက တော့ ပြောစရာတွေက အများကြီးရှိပါသေးတယ်”
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် သူ့ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်း ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။ သြစတေးလျ ၀န်ကြီးချုပ် Julia Gillard ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရဘက်က တာဝန်ယူသင့်တယ်လို့ ပြောဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုကြီးမျိုး နောက်တကြိမ် ပေါ်ပေါက်လာမှာကို စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ် ဖော်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့လုံခြုံရေးအတွက် အန်အယ်လ်ဒီ လူငယ်တွေက အပြည့်အ၀ ကာကွယ်ပေးမယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ ဘာမှ မစိုးရိမ်တဲ့ အကြောင်း VOA ကို အခုလို ပြောပါတယ်။
“လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ဒီလိုပဲ အဖွဲ့ချုပ်က လူငယ်တွေက အစကတည်းကလည်း လုပ်ခဲ့ပါတယ်။ အခုလည်းလုပ်နေပါတယ်။ လုပ်နေတာပဲပေါ့နော်။ အဲန်အယ်လ်ဒီလို ပါတီတခုဆိုတာက လုံခြုံရေးနဲ့ ပတ် သက်တဲ့ကိစ္စတွေက အကန့်အသတ်နဲ့ ရှိပါ တယ်။ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ လည်း မဟုတ်ဘူးဆိုတော့ ကလေးတွေကတော့ လုပ်နိုင်သမျှ လုပ်ပါတယ်။ သူတို့ အရင်တုံးကလည်း အကာအကွယ်ပေးခဲ့တာပဲ။ အခုလည်း သူတို့ အကာအကွယ်ပေးမယ်ဆိုတာကို ယုံကြည်ပါတယ်။ စိတ်ချပါ”
နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မတရားမှုတွေ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး အတိုက်အခံပါတီတွေက ပြောဆိုနေပါတယ်။ ဒီလု မတရားမှုတွေကို စုံစမ်းစစ်ဆေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မရှင်တရပ် ဖွဲ့စည်းထားပါတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲမှာ မပါပေမဲ့လည်း ရွေးကောက်ပွဲမှာ ပေါ်ပေါက်ခဲ့တဲ့ မတရားမှုတွေကိုတော့ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ကော်မတီဖွဲ့ပြီးတော့ အစီရင်ခံစာရေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို ထည့်သွင်းပြီး ဖော်ပြပါလိမ့်မယ်”
မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း နေအိမ်အကျယ်ချုပ်အဖြစ် အထိမ်းသိမ်းခံခဲ့ရတဲ့သက်တမ်း နှစ် ပေါင်း ၁၅ နှစ်နီးပါး ရှိမယ်လို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ခန့်မှန်းပါတယ်။ ဒီလို နှစ်တွေအကြာကြီး ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့နဲ့ ဆက်ပြီး ရုန်းကန်တိုက်ပွဲဝင်နိုင်ဖို့ အင်အားတွေ ဘယ်လိုရခဲ့ပါသလဲဆိုတဲ့ မေးခွန်းကို လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေပါတယ်။
“အဲဒါကတော့ အန်တီ့ကို ၀ိုင်းပြီး အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲ ပြောရမှာပဲ။ ကိုယ် တယောက်တည်း လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ဘဲ။ အန်တီ့ကို ၀ိုင်းပြီးတော့ ကူညီပေးတဲ့သူတွေ၊ အားပေးတဲ့မိတ်ဆွေတွေ၊ သူငယ် ချင်းတွေ… နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်မှုပေးတဲ့ အန်တီ့သားတွေ၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုက်လို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲ ပြောရမှာပဲ”
နိုဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ NLD လူမှု အထောက်အကူပြုအဖွဲ့က စောင့်ရှောက်ထားတဲ့ HIV/ AIDS ဝေဒနာသည်တွေကို တွေ့ဆုံပြီး ဝေဒနာသည် တွေကို အားပေးစကားပြောကြားခဲ့ပါတယ်။ တောင်ဒဂုံမြို့နယ်အတွင်း အန်လ်ဒီ လူမှုအထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ ဂေဟာသုံးခုမှာ HIV/AIDS ဝေဒနာသည် တရာကျော်ရှိနေပါတယ်။ ဒီလူနာတွေဟာ အကူအညီအလိုအပ်ဆုံး သူတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ရုပ်မြင်သံကြားကို သီးသန့်တွေ့ဆုံ ပြောပြခဲ့တာဖြစ်ပါတယ်။
source by : http://www.voanews.com
နော်နိုရင်း၊ ၀၇ နိုဝင်ဘာ ၂၀၁၀
ဒီအကြောင်းကို သိရဖို့ ဒီကေဘီအေ ခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး (ခေါ်) စောလဘွယ်ကို ဒီဗွီဘီသတင်းထောက် နော်နိုရင်း က ဆက်သွယ် မေးမြန်းထားပါတယ်။
ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေးကို ဒီဗွီဘီသတင်းထောက် နော်နိုရင်း မေးမြန်းခဲ့တာပါရှင်။

ပထမပိုင်းကိုမဖတ်ခဲ့ရသေးရင် ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။
ဂျိုကုပ်ကြီးနဲ့ဂွေးကောက်ပွဲ
ကိုရင်ပေါတေ။ ။ခုဆိုရင်ကျေးလက်မြို့ပြ ကွာဟချက် နည်းအောင် လုပ်ဆောင်ခဲ့တဲ့ ဂျိုကုပ်ကြီးရဲ့ အမြော်အမြင်တွေကိုတဖြည်းဖြည်းပြည်သူတွေ နားလည်လောက်ပြီလို့ ကျနော်လည်း ယူဆပါတယ်။ဟုတ်တယ်ဗျ။ စေ့စေ့တွေးမှ ရေးရေးပေါ် ဆိုသလို အရင်က မီးစက်သံဆိုတာ ရွာဦးကျောင်းနဲ့ရွာက ဗွီဒီယိုရုံ တွေမှာပဲကြားဘူးတာ။ ခုတော့ မြို့လယ်ခေါင် ပေါ်ကိုပါ.. ဒီမီးစက်ယဉ်ကျေးမှု ကြီးထွန်းကားလာတာကိုး။ ဂျိုကုပ်ကြီးပြောတာမှန်ပါပေတယ်။
ကျေးလက်နဲ့ မြို့ပြ ကွာခြားချက်ဘယ်လိုရှာရမှန်းတောင်မသိတော့ပါဘူး။အခုတဆက်တည်း ရွေးကောက်ပွဲ အကြောင်းလေး ဗျုး လိုက်ရအောင် ခင်ဗျာ။
ဂျိုကုပ်ကြီး။ ။ ဝှေးကောက်ပွဲပါ။ ဘယ်ကလာရွေးကောက်ပွဲလဲ။
ကိုရင်ပေါတေ။ ။ ခင်ဗျာ....!!!!!ဘယ်လို... ဘယ်လို... အမိန့် ရှိပါ။အသေအချာ ရှင်းပါဦး...ဂျိုကုတ်ကြီး။
ဂျိုကုပ်ကြီး။ ။ ဟုတ်တယ်လေ။ ဟို ငါတို့ သိပ်ကြောက်ရတဲ့ ဟိုအမျိုးသမီးကို ဝင်မပါနိုင်အောင်လုပ်ထား ကတည်းက (အဲလေ..ယောင်လို့ ...) တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့နေရာမှာ စစ်သားကြီးလုံးလုံး စစ်ဗိုလ်ကြီးရှုံးလောက်ငဲ့ ... ဆိုသလို ပုခုံးနဲ့ ကျောပြင် အကြောအချင်က သံချောင်း ဗိုလ်မင်းများသာ သင့်တော်တယ်မဟုတ်ပါလား ..မောင်ပေါတေ။
ကိုရင်ပေါတေ။ ။ သြော်…မှတ်သားလောက်ပါပေတယ်။ အော်ဒါကြောင့်ေ-ွး ကောက်ပွဲလိုခေါ်တာကိုး...။
ဒါနဲ့ ဟိုစွန့်ပစ်ခံမြို့ဟောင်းကြီးရဲ့မြို့ တော်ဝံမောင်ပြောင်ကြီးလည်း အဲ့ဒီေ-ွးကောက်ပွဲမှာ ဝင်ပါမယ်ဆို။
သူ့မှာ ထူးထူးခြားခြား နိုင်ငံရေး နောက်ခံလည်းမရှိ ၊ လူထုအကြားရေပန်းစားတာမျိုးလည်းမရှိပဲနဲ့။
ဘယ်လိုမျိုး ရည်ရွယ်ပြီး ဝင်ပြိုင်မှာတုန်း ဗျ။
ဂျိုကုပ်ကြီး။ ။ ပြောင်ကြီးပါဆိုမှ။ ထိပ်တင်မဟုတ်ဘူး။ မျက်နှာပါ ပြောင်တယ်လေ။ ဟဲဟဲ…..။ အလကားပြောတာနော်။ ပြောင်ကြီးက ယူနီဖောင်းကို မချွတ်ချင်ဘူးလေ ဒီကောင့်ကိုအရပ်ဝတ် ထဲဆွဲထည့်ဖို့ ကဒီတစ်နည်းပဲ ရှိတာလေ။ သူနိုင်စရာမလိုပါဘူး။ ဝှက်ဖဲတွေရှိတယ်။ ဟဲဟဲဟဲ…..။
ကိုရင်ပေါတေ။ ။ တိုင်းဒေသကြီးတို့၊ ပြည်နယ်ဒေသကြီး တို့ဆိုပြီးလွှတ်တော်တွေကိုအရပ်ရပ်က ဝင်ပါခိုင်းတော့၊ တန်တော့ဂျိုကုပ်ကြီးတို့ တိုင်းနဲ့ ပြည်နယ်တွေမှာ လွှတ်တော်တွေ ပြည်နယ် အုပ်ချုပ်ရေး အစိုးရ အိမ်တော်တွေဆောက်ပြီးပြီလား။ ဥပမာ၊ ချင်းပြည်လိုနေရာမျိုးဆို …နေရာအရှားသား။
ဂျိုကုပ်ကြီး။ ။ မပူပါနဲ့။ သူတောင်းစားနေတော့ဇရပ်၊ ဘုရင်နေတော့နန်းတော်ဆိုသလို..... ဥုံဖွ … လွှတ်တော်ဖြစ်စေ..... ဆိုပြီးရှိပြီးသား တဲတွေကို လက်ညိုးထိုးပြီးထိုင်ခိုင်းလိုက်မှာပေါ့။
ကိုရင်ပေါတေ။ ။ အလားတူအောင်မြင်မှုမျိုး ရှိရင်မိန့် ပါခင်ဗျာ။
ဂျိုကုပ်ကြီး။ ။ တော်စမ်း … ပါကျော်စန်းရာ…. အဲ… ပေါတေရာ။နင် အတော်ညံ့သေးတာ .. ဒါနဲ့များ မီဒီယာ လုပ်ဦးမယ်လား...။ဝေးဝေးမကြည့်နဲ့....
လက်စွာ ပြဿနာရှာတတ်တဲ့ စက်မှုကျောင်းသား တွေကိုပဲကြည့်လေ လယ်ကွင်းတွေထဲပို့ လိုက်တာ ဘာတတ်နိုင်သေးလဲ။ ဘာလုပ်နိုင်ဦး မလည်း ဟုတ်ဘူးလား။ သူတို့ လေးတွေအခုမှ ထန်းရည်နဲ့ လယ်ကွင်းအရသာသိကြရှာတာ။ ဒါမှမဟုတ်ရင် နိုင်ငံတကာ၊ နိုင်ငံတကာ နဲ့ ခေါင်းကိုကိုက်နေတာ။
ပြည်သူတွေဆိုတခဲနက် ထောက်ခံလိုက်သမှ မြန်မာ့အလင်းသတင်းစာတို့၊ ကြေးမုံသတင်းစာတို့ ၊ မြဝတီရုပ်မြင်သံကြားတို့၊ မြန်မာ့အသံ ရုပ်မြင်သံကြားတို့မှာ… အခါမလပ်ထုတ်လွှင့်ပေး နေတယ်မဟုတ်လား။ သန်း၅၀ရဲ့ဘုန်းနဲ့.. ဟောဒီက.. သန်း..တစ်ကောင် တည်းရဲ့ဘုန်း ဘယ်ဘုန်းကကြီးသတုန်း မောင်ရင်။ ခုမှ.. ဘာအင်္ဂါရပ်၊ ညာအင်္ဂါရပ်တွေ လုပ်မနေပါနဲ့။
ကိုရင်ပေါတေ။ ။ သြော်မှတ်သားလောက်ပါတယ်။
ဒါနဲ့ အစောကပြောခဲ့တဲ့ …. အခုေ-ွးကောက်ပွဲကြီး ကိုအောင်မြင်အောင် ကျင်းပနိုင်မယ့်ယုံကြည်ချက်လေး ရှိရင်မိန့်ပါဦး။
ဂျိုကုပ်ကြီး။ ။ အချက်သုံးချက်မှတ်ထား..ပေါတေ။
(၁) နိုင်ငံတကာကမျက်နှာဖြူများကလက်ခံလိုက်ပြီ။ သူတို့ကိုယ်တိုင်ကဒီကိစ္စကိုဘိုလိုဒီလိုရေးထားတယ်ကွ။ General Election တဲ့။ မင်းသိတယ်မဟုတ်လား။ ငါတို့ General တွေကိုရွေး ကောက်တော့မယ် ဆိုတာကိုလေ။ ဟဲဟဲဟဲ .........
(၂) ပြည်သူများကလည်း ဒီနိုင်ငံကို ရွှေနိုင်ငံလို ခေါ်တာဘယ်သူမှမကန့်ကွက်တဲ့အပြင်… နုတ်တွေက တစ်ရွရွတစ်ဖွဖွ ရွတ်နေတော့တာမဟုတ်လား။(ရွှေနိုင်ငံ..ရွှေနိုင်ငံ...) တကယ်လဲ.. ရွှေနိုင်ငံပဲ မဟုတ်လား။
ငါ့ကို ချစ်လွန်းလို့ အဖျားစွတ်ခေါ်ကြတာ။ အဲလေ.. အရင်းစွတ်ခေါ်ကြတာ။
(၃) ဘယ်သူပေးပေးမပေးပေးငါ ..ဒီထိုင်ခုံပေါ်တက်ထိုင်ပြီး ငါ့ဖာသာငါရာထူးတွေ လျှောက်ပေးပြီး နေလာလိုက်တာ ပြည်သူက တင်မက၊ နိုင်ငံတကာကပါ အစိုးရ… အစိုးရလို့ .. အသိအမှတ် ပြုထားတယ် မဟုတ်လား။ ဟဲဟဲ ...။
နိုင်ငံတစ်ခုမှာ အစိုးရတက်လုပ်ရတာ ဒီလောက်လွယ်မယ်လို့ တောင်မထင်ခဲ့ဘူး အခုတော့လဲ.. တိုင်းပြီးချုပ်တဲ့ ပက္ကလာ.. မိုးရွာသည် နှင့်အခန့် သင်ဆိုသလိုပေါ့ကွာ။ ဒါတွေကို ကြည့်ခြင်းအားဖြင့်…. ငါအောင်မြင်ဦး မှာဆိုတာ မြေကြီး လက်ခတ်မလွဲပေါ့ကွာ။
source by :ပြည်တွင်းမှပေးပို့ထားသည်ကို တင်ပေးခြင်းဖြစ်ပါသည်။

ကိုပေါတေ။ ။ မြို့ပြနဲ့ ကျေးလက် ကွာဟချက်လျော့နည်းအောင် လုပ်ဆောင်နေတယ် လို့ကြား ကြားနေရတာ အနှစ်နှစ်ဆယ်ခန့်ရှိပါပြီ။ အောင်မြင်တယ်လို့လည် နာမည်ကြီးပါတယ်။ံ့ဘယ်လိုနည်းလမ်းတွေနဲ့ စီမံဆောင်ရွက်တယ် ဆိုတာလေး ကိုနွားအဖွဲ့ နာယကကြီးမှ ကမ္ဘာသိအောင်ဖြေကြားပေးပါ။
နွားအဖွဲ့နာယက ဂျိုကုပ်ကြီး။ ။ သြော်. မခက်ပါဘူး။ မြို့တွေကိုမီးဖြတ်ပြီး လမ်းတွေကိုမပြင်ပဲထားလိုက်တော့  မြို့ပြ ကျေးလက်...ဘယ်ကလာကွာနိုင်တော့မလဲ။
ကိုပေါတေ။ ။ သြော်...မှတ်သားလောက်ပါပေတယ်။ နောက်တစ်ခုက.. မြို့တော်ကြီးမှာ လူတွေများလာပြီး သန့်ရှင်းရေးနဲ့ အခြေခံလိုအပ်ချက် လိုအပ်လာတာတွေကို ဘယ်လိုဖြေရှင်းပေးပါသလည်း ခင်ဗျာ။
နွားအဖွဲ့နာယက ဂျိုကုပ်ကြီး။ ။ ဒါကတော့... လူမနေတဲ့နေရာမှာမြို့သစ်တည်ပေးလိုက်တာပေါ့။ လူမနေတော့သန့်ရှင်းရေးကော.. အခြေခံလိုအပ်ချက်တွေကော... ဖြည့်ဆည်းစရာ မလိုတော့ဘူးပေါ့။ သြော်.. ဟိုကျန်ခဲ့တဲ့မြို့ကတော့.. မြိုတော်မဟုတ်တော့ဘူးလေ။ ဒီတော့ ... မြို့အသစ်ကိုပြလိုက်ယုံပေါ့။ တိုးတက်ဖွံ့ဖြိုးသန့်ရှင်းနေပါပြီလို့ ...။
ကိုပေါတေ။ ။ ဟိုက်ရှားဘား.. မစဉ်းစားမိဘူးဗျာ။ဒါကြောင့်လည်း နာယကကြီးဆိုပြီး နွားအဖွဲ့ မှာ ခေါင်းဆောင်နေနိုင်တာပေါ့နော်။ နောက်ဆုံးမေးခွန်းလေးတစ်ခုလောက်မေးပါရစေ။မီဒီယာကိုလက်နက်သဖွယ် ကိုင်ပြီးတိုက်မယ်လို့... နာယကကြီးရဲ့ တပည့်ကျော် ဂျပုကြီးကပြောထားတာ လေးလေ။ အဲ့ဒါဘယ်လိုတိုက်သလဲသိချင်လို့ပါ။
နွားအဖွဲ့နာယက ဂျိုကုပ်ကြီး။ ။ ဟေ...ဂျပုကတော်ပါတယ်။ နာမည်ကြီးသတင်းဌာနတွေကို အင်တာနက်မှာ တရားဝင်တာရောမဝင်တာရော.. ပိတ်တယ်။ စို့တယ်။ ပြီးရင် ဆက်သွယ်ရေးလမ်းကြောင်းတွေကို လိုအပ်သလို ဖြတ်တောက်တယ်။
ပြီးတော့မှ ဒီဘက်ကရေဒီယိုကနေ၊ တီဗီကနေပြော ချင်တာပြော၊ သတင်းစာမှာရေးချင်တာရေးတာပေါ့။ ပြီးတော့ လူပါးမဝသေးတဲ့ ချာတိတ်သုံး ကောင်ကိုတီဗီမှာအမိုက်ခံ - (အဲ... အတိုက်အခံစကားတွေကို နိုင်ငံရေးသုခမိန်ကြီးတွေလိုမျိုး.. ပြောခိုင်းပလိုက်တယ်လေ။) သူတို့ ပြောနေတာကစကားတွေမဟုတ်ဘူး.. သတင်းစာထဲက ငါ့လူတွေ ရေးထားတဲ့ ဆောင်းပါးတွေ ကိုပြန်ဖတ် ခိုင်းတာ။ ပြောခါနီးတိုင်း
(ညီလေးရေ..အကိုကြီးရေ..)ဆိုတာလေးတွေပဲထည့်ပြောလိုက်တာနဲ့ ... နိုင်ငံရေး စကားဝိုင်းဖြစ်သွားအောင် လုပ်ထားတာပေါ့။ သောက်မြင်ကပ်လို့  အသတ်ခံရရင်လဲ..ဒီလူတွေပဲအသတ်ခံရမယ်။ ငါတို့ လဲပြောချင်တာ ကိုစိတ်အေးလက်အေး ပြောလို့ရတယ်။ ဒါကြောင့် ဒီဂျပုကို ငါကတော်တယ်လို ပြောတာ။ အဲဒီလိုတစ်ဖက်သက် အပင်းစို့ .. သတင်းသွပ် တဲ့နည်းကို သုံးပြီးတိုက်နေပါတယ်။
ဂျိုကုပ်ကြီး
အားလပ်ချိန်မှာ-
ဆက်ဗျူးပေးပါဦးမယ်။
source by :Email
image google.
မဇ္ဈိမ (ချင်းမိုင်)။ ။ စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှ ယခုလ ၁၇ ရက်နေ့တွင် ပြန်လွတ်လာသူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တဦးက ထမင်းစားတိုင်း ထောင်တွင်း၌ ကျန်ရစ်ခဲ့သော လုပ်ဖော်ကိုင်ဘက်များကို သတိရနေသည်ဟု ဆိုသည်။
လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသည့် မကွေးတိုင်း ပခုက္ကူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) မြို့နယ်စည်း ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်အေးက မဇ္ဈိမကို ထိုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
သူသည် ၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲနှင့် သံဃာတော်များ မေတ္တာပို့ ဆုတောင်းပွဲတွင် ပါဝင်ခဲ့ပြီးနောက် ထိုနှစ် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခံခဲ့ရကာ၊ ဆူပူမှုဖြစ်စေရန် စည်းရုံးလှုံ့ဆော် သည်ဟုဆိုပြီး အာဏာပိုင်များက ထောင်ဒဏ် ၂ နှစ်ခွဲ ပြစ်ဒဏ်ချခဲ့သည်။
လွတ်ရက် စေ့ရန် ၆ လခွဲခန့် အကြာတွင် ယခုလို လွတ်မြောက်လာခြင်း ဖြစ်သည်။
သူ ဖမ်းဆီး ခြင်းခံရသည့် အခြေအနေများနှင့် ထောင်တွင်း အတွေ့အကြုံများကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထား ပါသည်။
ဟုတ်ကဲ့။ ကျနော်က ပခုက္ကူ အန်အယ်ဒီ မြို့နယ်စည်း ဥက္ကဋ္ဌပါ။ နောက်ပြီး ပခုက္ကူ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ပါ။ ၁၉၉၀ ခုနှစ်မှာ ဖြစ်တာပါ။
အန်ကယ်က ကလေးထောင်ကနေ ဘယ်နေ့က လွတ်လာတာလဲခင်ဗျား။ လွတ်မယ် ဆိုတာကိုရော ဘယ်လိုမျိုး စသိလဲ။
လွတ်မယ့်နေ့ ၁၇ ရက်နေ့ ညနေ ၃ နာရီလောက်မှ သိရတာဗျ။ ၁၇ ရက်နေ့ ညနေလွတ်တယ်။ အဲဒီနေ့ ညနေက ကလေးမှာပဲ အိပ်လိုက်တယ်။ ကလေးနဲ့ ပခုက္ကူကလည်း ၆ မိုင် ဝေးတာကိုး။ ၁၉ ရက်နေ့မှ အိမ်ပြန် ရောက်တယ်။
အန်ကယ်ကို ဘယ်လိုပုဒ်မတွေနဲ့ ဖမ်းတာလဲ။ အခုက လွတ်ရက်စေ့လို့ လွတ်လာတာမျိုးလား။
လွတ်ရက်စေ့ဖို့က ၂၀၁၀ သင်္ကြန်ကျမှ ဧပြီလ ၁၂ ရက်နေ့မှလွတ်မှာ။ ၆ လခွဲလောက် ကျန်သေးတာပေါ့။ ၅၀၅ (ခ) က ၂ နှစ်။ ၁၄၃ က ၆ လဆိုတော့။ ခုက ၂ နှစ်လောက် ကျပြီးသွားပြီဆိုတော့။ နောက်ထပ် ၆ လခွဲလောက် ကျန်တာပေါ့။ ၅၀၅ ကတော့ ဆူပူမှုဖြစ်အောင် စည်းရုံးလှုံ့ဆော်ခြင်း။ ၁၄၃ ကတော့ ဆရာတော်တွေနဲ့ စီတန်းလှည့်လည်မှုပေါ့။
ထွက်လာတော့ ဝန်ခံကတိများ လက်မှတ်ထိုးခဲ့ရသေးလား။
၄၀၁ နဲ့ ထိုးခဲ့ရတယ်။ ၄၀၁ ဆိုတာက နောက်တခါ ပြစ်မှု ထပ်ကျူးလွန်လာရင် အခု ကျန်တဲ့ ၆ လက ထပ်ပြန်ဆောင်း ပြီးခံရမယ်။ ဟိုဟာမလုပ်ရ။ ဒါမလုပ်ရဆိုတဲ့ ဝန်ခံကတိ လက်မှတ်မျိုးတော့ မဟုတ်ပါဘူး။
အဲဒီဟာ ထိုးတာ မထိုးတာက ပြဿနာမဟုတ်ဘူး။ အဓိကက အပြင်မှာ ဘာပြောပြော၊ ဘာလုပ်လုပ် လုပ်ချင်တာ လုပ်လို့ ရတယ်လေ။
အန်ကယ်ကို ဘယ်လို လာဖမ်းတယ်ဆိုတာလေး ပြောပြပေးပါလားခင်ဗျား။
၂၀၀၇ အောက်တိုဘာလ ၂ ရက်နေ့ ညသန်းခေါင်ကျော် ၁ နာရီလောက်မှာ လာဖမ်းတာပေါ့။ ဖမ်းတုန်းက ပခုက္ကူမှာ ဖမ်းတယ်။ ပြီးတော့ မြင်းခြံထောင်ကို ပို့တယ်။ ပို့ပြီးတော့ အဲဒီမှာ စစ်ကြောရေး ဝင်စစ်တော့လည်း မြင်းခြံထောင်မှာပဲ စစ်တယ်။ ထောင်ထဲမှာ ခေါ်ပြီးတော့ စစ်တယ်။ မြင်းခြံထောင်မှာ ၁ နှစ်နေရတယ်။ ပြီးတော့ ကလေးထောင်ကို ပို့လိုက်ပြီး ၁ နှစ် ထပ်နေရတယ်။
ဘာကြောင့် အန်ကယ် အဖမ်းခံရတာလဲ။
အဲဒီတုန်းက ဓာတ်ဆီ၊ ဒီဇယ်တွေ တက်တဲ့ အချိန်ပေါ့လေ။ အဲဒီလို တက်တော့ တခြား ကုန်ဈေးနူန်းတွေရော လိုက်တက်တယ်ပေါ့လေ။ အဲဒီတက်သွားတဲ့ ဈေးတွေက ၂ ဆလောက် တက်သွားတယ်။ အဲဒါကြောင့် သင့်တင့် လျောက်ပတ်တဲ့ ဈေးနှုန်းကို ပြန်ချပေးပါဆိုပြီး ကျနော်တို့က ဗိုလ်ချူပ်မှူးကြီးဆီကို တောင်းဆိုတယ်လေ။
နံပါတ် ၁ အချက်ကတော့ အထွေထွေ ကုန်ဈေးနူန်း ကျဆင်းရေး၊ နံပါတ် ၂ က ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖမ်းဆီးခြင်းမှ လွှတ်ပေးပါ ဆိုတာ တချက်။နံပါတ် ၃ အချက်ကတော့ နိုင်ငံမှာ ဖြစ်နေတဲ့ စားဝတ်နေရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖြေရှင်း ပေးပါဆိုပြီးတော့ အဲဒီ ၃ ခု တောင်းတာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လိပ်မူပြီးတော့ ရေးတယ်။ ရေးပြီးတော့ ပခုက္ကူ မဝတ (မြို့နယ်ကောင်စီ) ဥက္ကဋ္ဌထံကို ကျနော်ကိုယ်တိုင် လမ်းလျှောက်သွားပြီးတော့ မိတ္တူပို့တယ်။
နောက် ၅ ရက်နေ့ကျတော့ ပခုက္ကူက ဆရာတော်၊ သံဃာတော်တွေ လမ်းမှာထွက်ပြီးတော့ မေတ္တာပို့ထွက်ကြတယ်။ ဆရာတော်တွေ ထွက်တဲ့ကိစ္စ ကျနော်တို့က လှုံ့ဆော်တယ် ဆိုပြီးတော့ ၅၀၅ (ခ) နဲ့ ဆွဲတာ။
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်တွေကရော ဘယ်လိုရှိလဲခင်ဗျား။
ထောင်ထဲမှာကတော့ဗျာ။ ဟင်းကတော့ ပဲကုလားဟင်းပေါ့။ တပတ် ၂ ခါ အသားဟင်း ပေးတယ်။ အသား ပေးတယ် ဆိုတာကလည်း ကြက်ဥ ပေးတာပါပဲ။ အပြင်မထွက်ရတာတို့၊ လမ်းလျှောက်ရတာတို့တော့ အခက်အခဲ ရှိတာပေါ့။ ကလေးကျတော့ နေရာကျဉ်းတော့ ပိုပြီးခက်ခဲတယ်။ ကလေး ရာသီဥတုကြောင့်လည်း ပိုဆိုးတယ်။ ကျနော်က သွေးတိုး ရှိတယ်။ ဒူးကလည်း မကောင်းဘူးဆိုတော့ ကျန်မာရေးက မကောင်းဘူး။
လွတ်လာတဲ့အချိန်မှာ လုပ်ဖော်ကိုင်ဘက်တွေထဲက ဘယ်သူတွေ အတူပါလာပြီး၊ ဘယ်သူတွေ ကျန်ခဲ့သေးလဲခင်ဗျား။
ကျန်ခဲ့တာတော့ တော်တော်များများ ကျန်ခဲ့ ပါသေးတယ်။ ၁၆ ယောက်တောင် ကျန်နေခဲ့ သေးတယ်။ လွတ်လာတာ ၇ ယောက်ခင်ဗျ။ လွတ်လာတဲ့အထဲက ပခုက္ကူက ဦးဆန်းပွင့်၊ သူကလည်း ပခုက္ကူမြို့နယ်စည်းပဲ။ နောက် ကလေးမြို့ခံ ၃ ယောက် ပါတယ်။ သူတို့က ဦးဘမင်းရယ်၊ ဦးညိုမြရယ်၊ မိုက်ကယ်ဝင်းကျော်ရယ်။ သုံးခွက ကိုတွတ်ပီ (ခေါ်) ကိုဇော်လင်း ပါတယ်။ ရန်ကုန်က မြန်မာနေရှင်း အယ်ဒီတာ ကိုသက်ဇင် ပါတယ်။ ကျန်နေတာကတော့ ဦဂမ္ဘီရတို့၊ ဦးအုန်းသန်းတို့ (တကိုယ်တော်ဆန္ဒပြသူ) ၁၆ ယောက်တောင် ကျန်ခဲ့သေးတယ်။
အခုလို လွတ်မြောက်လာပြီး ရှေ့ကို ဘာတွေဆက်လုပ်ဖို့ ရှိပါသလဲခင်ဗျား။
အခုဟာက အေးချမ်းသာယာပြီး၊ လွတ်လပ်သွားတဲ့ အနေအထားမျိုး မဟုတ်တော့ ကျနော်တို့က ပြည်သူ့ ဆန္ဒအတိုင်း လုပ်ရတာကိုး။ ပြည်သူ့ကိုယ်စား ပြည်သူတွေလုပ်ချင်တဲ့အတိုင်း ကျနော်တို့က ပြည်သူ့ဆန္ဒအတိုင်း ကျနော်တို့ လုပ်ရတာ ဆိုတော့ ကျနော်တို့မှာ တာဝန်ရှိတာပေါ့။
လွတ်လာတဲ့အတွက်ရော အန်ကယ့်အနေနဲ့ ဝမ်းသာကျေနပ်ရဲ့လား။
ထောင်ထဲကနေပြီး လွတ်လာတာကိုတော့ သဘောကျတယ်ပေါ့ဗျာ။ ဒါပေမဲ့ ဒီလူတွေချည်း လွှတ်ရတာမှ မဟုတ်ဘဲ။ ၇ ယောက်ပဲ လွှတ်တယ်ဆိုတော့၊ အခုဆို ဒေါ်အောင်ဆန်းစုကြည် မပါဘူးဗျာ။ ဒိုင်ယာလော့ လုပ်ကြတော့မယ် ဆိုတော့ ဘယ်လိုလုပ်ကြ မတုန်းဗျာ။ ဦးတင်ဦးနဲ့၊ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အခြား အဖွဲ့အစည်းတွေ မပါသေးဘူးဗျာ။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမှ အဆင်ပြေမယ်လို့ ကျနော်ကတော့ အဲလိုသဘောပေါက်တာပဲ။
အထဲမှာ အများကြီး ကျန်ခဲ့သေးတာပဲ။ အပြင် ရောက်ပေမယ့် မပျော်ဘူး။ ထမင်းဝိုင်း ရောက်တာနဲ့ ကျန်ခဲ့တဲ့ သူငယ်ချင်း ရဲဘော်တွေကို ဟင်းပေးချင်တော့ တာပဲဗျာ။ ကျနော်တို့ အနေအထိုင်၊ အစားအသောက် ဆင်းရဲခြင်းက လွတ်သလို သူငယ်ချင်းတွေကိုလည်း လွတ်စေချင်တာကိုး။
အန်ကယ် ထောင်ကျဖူးတာ၊ အချုပ်ကျဖူးတာ ဘယ်နှကြိမ် ရှိသွားပြီလဲ ခင်ဗျား။
ထောင်ကတော့ အခု တခါပဲ ကျတာပါ။ ၉၈ တုန်းက အချုပ် ၂ နှစ် ကျသေးတယ်။ ၉၈ တုန်းက လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံး ခြေချုပ် ဥပဒေနဲ့ တရားစွဲပြီးတော့ သင်္ကာမကင်း ပုဒ်မနဲ့ နေ့စဉ် သွားပြီးတော့ လက်မှတ်ထိုး ရတယ်။
အဲဒီအချိန်မှာ ကျနော်တို့ ဥက္ကဋ္ဌကြီး ဦးတင်ဦးက သွားပြီး လက်မှတ်ထိုးစရာ မလိုဘူးလို့ ပါးစပ်မိန့်နဲ့ ကြေညာလိုက် တော့ သွားမထိုးတော့ဘူး။ ဟိုက မေးတယ်၊ လက်မှတ် လာမထိုးတော့ဘူးလားတဲ့။ မထိုးတော့ဘူးလို့ပြောတော့ မထိုးတော့ရင် ဖမ်းတယ် ဆိုပြီးတော့။ ကိစ္စကတော့ဗျာ၊ နေ့စဉ်လက်မှတ် သွားမထိုးတဲ့ ကိစ္စနဲ့ ဖမ်းတာပေါ့။
အဲဒီတုန်းက ဘယ်မှာ ဖမ်းပြီး ချုပ်ထားတာလဲခင်ဗျား။
ပခုက္ကူမြို့နယ် အခြေစိုက် ၂၃၅ တပ်ထဲမှာ ၂ နှစ် အချုပ်ခံရတယ်။
ဖနိဒါ ၊ စစ်အစိုးရက နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခြင်း ခံနေရသော အပစ်ခတ်ရပ် အဖွဲ့တခုဖြစ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့၏ ဒုဥက္ကဋ္ဌ ဒေါက်တာတူးဂျာ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင် ၆ ဦးက နုတ်ထွက်သွားခြင်းက မြန်မာ့နိုင်ငံရေးအတွင်း ဂယက်ငယ်တခု ဖြစ်သွားခဲ့သည်။ ဒေါက်တာတူးဂျာကို မဇ္ဈိမသတင်းထောက် ဖနိဒါက မေးမြန်းထားသည်။
ဒေါက်တာ တူးဂျာအနေနဲ့ ကေအိုင်အိုအဖွဲ့ကနေ ဘယ်လိုအကြောင်းများကြောင့် နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်သလဲရှင်။
ဒါကတော့ မြို့ပေါ် နိုင်ငံရေးကို ပိုပြီး အာရုံစိုက် လုပ်ကိုင်နိုင်ဖို့ ကေအိုင်အိုကနေ နုတ်ထွက်လိုက်တာပါ။ မြို့ပေါ် နိုင်ငံရေး လုပ်မယ်ဆိုရင် အဖွဲ့အစည်းကနေ နုတ်ထွက်ရမယ်။ ပါတီနိုင်ငံရေး ထောင်မယ်ဆိုရင် လွတ်လွတ်လပ်လပ် ပြည်သူတယောက် အနေနဲ့ မြို့နိုင်ငံ နိုင်ငံရေး လုပ်ဆောင်နိုင်ဖို့ မိမိအဖွဲ့ကနေ ထွက်လိုက်တာပါ။
ပါတီနိုင်ငံရေး တည်ထောင်ဖို့အတွက် ဘယ်လို ရည်ရွယ်ချက်ကြောင့်ပါလဲ။
အခုလို ကေအိုင်အိုအဖွဲ့ကနေ နုတ်ထွက်လိုက်တဲ့အခါမှာ ကေအိုင်အိုထဲမှာ စိတ်ဝမ်းကွဲတာမျိုးများ ရှိလာနိုင်မလား။
အားလုံး တိုင်ပင်ပြီးသား ဖြစ်တဲ့အတွက် ကေအိုင်အို ဗဟိုအနေနဲ့လည်း အစိုးရက ချမှတ်တဲ့ နည်းလမ်းအတိုင်း ပြည်သူဘက်မှ ရပ်တည်သွားဖို့ လက်ခံတယ်။ အားပေးတယ်။ မကန့်ကွက်ပါဘူး။ စိတ်ဝမ်းကွဲတဲ့သဘော လုံးဝ မရှိပါဘူး။ ဗဟိုဌာနက နုတ်ထွက်မိန့်ကိုတော့ စက်တင်ဘာလ ၃ ရက်နေ့မှာပါ။
ကေအိုင်အိုအဖွဲ့ဝင် ၆ ယောက် နုတ်ထွက်လိုက်တဲ့အပေါ်မှာ ကေအိုင်အိုအဖွဲ့မှာ အင်အား လျော့နည်းသွားတာမျိုး ရှိလာနိုင်မလား။
ဒါကတော့ ကျနော်တို့ ကေအိုင်အိုက အဖွဲ့အစည်း အကြီးကြီး တခုပဲလေ။ ကျနော်တို့ ၄-၅ ယောက် ထွက်သွားရုံနဲ့ အင်အား မလျော့သွားပါဘူး။
ပါတီဖွဲ့စည်းဖို့ အစိုးရအနေနဲ့ ဖိအားပေးတာမျိုး ကန့်ကွက်တာမျိုးရှိလား။
ကျနော်တို့ကို အစိုးရအနေနဲ့ ဖိအားပေးတာလည်း မရှိဘူး။ ကန့်ကွက်တားမြစ်တာလည်း မရှိပါဘူး။
ပါတီထဲမှာ ဘယ်လို အဖွဲ့အစည်းတွေ ပါဝင်ပါသလဲရှင်။
ပါတီထဲမှာ ဦးဇခုန်တင်ယိမ်းအဖွဲ့ ကချင်အမျိုးသားဒီမိုကရက်သစ် တပ်မတော် (NDAK) အဖွဲ့က တချို့ပါလာမယ်။ ကေအိုင်အိုခွဲထွက်အဖွဲ့ လဆန်အောင်ဝါ အဖွဲ့လည်း ပါတယ်။ နောက်ကချင် အတိုင်ပင်ခံအဖွဲ့နဲ့ ကေအိုင်အို အဖွဲ့အချို့လည်း ပါမယ်။ အများစုက အရပ်သားတွေ ပိုများမယ်။ လူထုဘက်က ဖြစ်လာမယ်။ နိုင်ငံရေး စိတ်ပါဝင်စားတဲ့ လူတွေ အားလုံးပါလာနိုင်တယ်။
ကေအိုင်အိုတပ်ကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့ဖို့အစား ကေအိုင်အိုတပ်တခုလုံး ပါဝင်တဲ့ (KRGF) တပ်ဖွဲ့ဖို့ တောင်းဆိုချက်ကို ဘယ်လို မျှော်လင့်ပါသလဲ။
အပြန်အလှန် ညှိနှိုင်းဆွေးနွေးပြီးမှသာ အဖြေထွက်လာမှာဖြစ်တဲ့အတွက် အသွင်ကူးပြောင်းရေး အောင်မြင်ဖို့ဆိုရင် လိုတိုးပိုလျှော့ လုပ်ရမှာပဲ။ အစိုးရလည်းပဲ လိုက်လျောမယ်လို့ ယူဆပါတယ်။ လိုက်လျော ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကချင်ပြည်သူလူထုအတွက် ဘယ်လို ပြုပြင်ပြောင်းလဲတဲ့ အခွင့်အလမ်းမျိုး ရနိုင်မယ်လို့ မျှော်လင့်ပါသလဲရှင်။
ပြုပြင်ပြောင်းလဲဖို့အတွက် ပြည်ထောင်စုတခုလုံးအနေနဲ့ ပြုပြင်ပြောင်းလဲရမှာပဲ။ ကျနော်တို့ ပြည်နယ်အတိုင်းအတာအနေနဲ့လည်း အစိုးရက လမ်းဖွင့်ပေးခဲ့တဲ့အတိုင်း လမ်းဖွင့်ပေးသလောက် ကျနော်တို့က လက်တွေ့ကျကျ လုပ်ကိုင်ပြီးတော့ ပိုမိုကောင်းမွန်လာအောင် ကျနော်တို့ ကြိုးစားသွားမှာပါ။
source by :မဇ္ဈိမသတင်းဌာန
ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ)။ ။ လွတ်လပ်သော ကျောင်းသားသမဂ္ဂများ မရှိသဖြင့် ပညာရေး အာမခံချက် မရှိနိုင်သလို၊ ဘဝပေါင်းများစွာ ပေးဆပ်ရကာ ဆုံးရှုံးနစ်နာမှု မြောက်မြားစွာ ဖြစ်ပေါ်ခဲ့ရသည်ဟု 7 July ကျောင်းသားခေါင်းဆောင် တဦးက ယနေ့ ပြောဆိုသည်။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ကျောင်းသားထု အခွင့်အရေး၊ ဒီမိုကရေစီ အခွင့်အရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ရန်ကုန်တက္ကသိုလ် ကျောင်းသားဆန္ဒပြပွဲကို ပြန်ပြောင်း အောက်မေ့ကာ ထို 7 July ကျောင်းသား လှုပ်ရှားမှုတွင် ပါဝင်ဦးဆောင်ခဲ့သည့် သူက ယခုလို ပြောဆိုခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီ၏ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲဖြင့် ဆန့်ကျင်ခဲ့သည်ကို သေနတ်နှင့် ပစ်သဖြင့် ကျောင်းသားများ သွေးမြေကျခဲ့ရသည့် ရန်ကုန် တက္ကသိုလ် ကျောင်းသား အရေးတော်ပုံကို ဂုဏ်ပြုကာ 7 July ပေါ်ပေါက်ခဲ့သည်။
ထို့နေ့ရက်တွင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျောင်းသား ရာပေါင်းများစွာ သေဆုံးခဲ့ရပြီး၊ နောက်တရက် ဇူလိုင်လ ၈ ရက်နေ့တွင်မူ စစ်ကောင်စီက ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း တည်ရှိသည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်ဖြင့် ဖြိုခွဲခဲ့ပြန်သည်။
7 July အရေးတော်ပုံ ပေါ်ပေါက်လာခြင်းနှင့် ကျောင်းသားအခွင့်အရေး၊ မြန်မာ့နိုင်ငံရေး အခြေအနေများကို သိရှိနိုင်ရန်အတွက် ထိုစဉ်က ကျောင်းသားခေါင်းဆောင် (လုံခြုံရေး အခြေအနေအရ အမည်မဖော်လိုသူ) ကို မဇ္ဈိမသတင်းထောက် ဖနိဒါက မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။
ကျောင်းသားတွေဟာ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီ ရရှိရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးစားနေတယ်။ ဘာကြောင့် မအောင်မြင်ရသေးတာလို့ ယူဆပါသလဲရှင်။
အဲဒါကတော့ ၆၂ ရှေ့ပိုင်း တမျိုး၊ ၆၂ နောက်ပိုင်း တမျိုးပေါ့နော်။ ဒို့ ဒီမိုကရက်တစ် Democratic structure က သိပ်ကြာတယ်။ လွတ်လပ်ရေး တခေတ်လုံးကြာတယ်။ အဲဒါ အရေးတကြီး ဝေဖန် စမ်းစစ်မှု လုပ်ရမယ်။ စွန့်လွတ်မှုတွေ အနစ်နာခံမှုတွေက သဘာဝအတိုင်းဘဲ ရှောင်လို့တော့ မရဘူးပေါ့နော်။ သို့သော် အန်ကယ်တို့ ထူးခြားချက်က မြန်မာပြည် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆ဝ လောက်မှာ သမိုင်းခေတ် ၂ ခေတ်လောက်ကို မြန်မာပြည်က ဖြတ်သွားတယ်။ နောက်အချက်ကတော့ အယူအဆ အရမ်းရှုပ်တယ်။ left လက်ဝဲမှာရော၊ Right လက်ယာမှာရော၊ အလယ်ခေါင်မှာရော အရမ်းများတယ်။ နောက်တချက်က Separation အရမ်းကြီးတယ်။
ကျောင်းသားအရေးတော်ပုံ ပေါ်ပေါက်လာတဲ့ အဓိက ရည်ရွယ်ချက်အကျဉ်းကို ပြောပြပေးပါလားရှင်။
ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်) ကျောင်းသား အခွင့်အရေးတွေနဲ့ ပတ်သက်တာ၊ ဒီမိုကရေစီ အခွင့်အရေး၊ ပထမဆုံး ကျောင်းသား အသတ်ခံရတဲ့ အရေးတော်ပုံဆိုတာ ၅၆ ခုနှစ်မှာ။ အဲဒီအရေးအခင်းပြီးတဲ့ နောက်ပိုင်းမှာ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး) က ကျောင်းသားသမဂ္ဂတွေကို မလုပ်ရဘူးဆိုပြီးတော့ လုပ်လာတယ်။ ဒုတိယအချက်ကတော့ ပညာရေးပေါ့၊ ၆၂ နောက်ပိုင်း ရှင်းရှင်းပြောရရင် နိုင်ငံရေး သိပ်လွမ်းနေတဲ့အခါကျတော့ ပညာရေး ပြောတာ ဆိုတာတောင် မရှိဘူးလေ။
ကျောင်းသားဆိုတာ နိုင်ငံရေး လုပ်သင့်ပါသလားရှင်။
နိုင်ငံရေး လုပ်သင့်လားဆိုတော့ ကျောင်းသားဆိုတာ တကယ်တမ်းပြောရရင် နိုင်ငံရေး လုပ်ငန်းစဉ်တခုပဲ။ ကျောင်းသားတိုက်ပွဲမှာက not for power - အာဏာအတွက် မဟုတ်ဘူးပေါ့နော်။ အန်ကယ်တို့ လုပ်ခဲ့တာဟာ အာဏာရဖို့မှ မဟုတ်တာ။ အချိန်တချိန်မှာ ကျောင်းသားနဲ့ဆိုင်တဲ့ အဝန်းအဝိုင်း ရှိတယ်။ တိုင်းပြည်ရဲ့ လိုအပ်နေတဲ့ နိုင်ငံရေး အခြေအနေကို ဖြည့်ဆည်းဖို့အတွက် လုပ်တာ။ အမှန်တကယ် ပြောရရင် ကျောင်းသားက အာဏာရဖို့ လုပ်နေတာ မဟုတ်ဘူး။ ဒီမိုကရေစီ ရဖို့ပဲ။ ကျောင်းသားတွေ လုပ်ခဲ့တာ Peace ပဲ လုပ်ခဲ့တာ။ ပညာရေးစနစ်ပြောင်းဖို့ ပေါ့နော်။ ဒါပြီးရင် ဒီမိုကရက်တစ် ပညာရေး ဖြစ်ဖို့ပေါ့နော်။
ဒီနေ့ မြန်မာနိုင်ငံမှာ အသင်းအဖွဲ့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မရတာ ဘာကြောင့်လို့ ထင်ပါသလဲ။ ဘာကြောင့် အရေးကြီးတယ်လို့ ယူဆသလဲရှင်။
ရှိသင့်တာပေါ့။ ဒါဟာ ဒီမိုကရေစီရဲ့ အဂါင်္တခုပဲလေ။ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လွတ် လပ်လပ် ဖော်ထုတ်ခွင့်၊ ဆန္ဒပြ ကြွေးကြော်ဖော်ထုတ်ဖို့ လိုတယ်။ ဘာကြောင့် အရေးကြီးသလဲဆိုတော့ တရားဝင် ဥပဒေ ဘောင်အတွင်းက လုပ်မယ်ဆိုရင် အဖွဲ့အစည်း မရှိဘဲ လုပ်လို့ မရဘူး။ အခု ကျောင်းသားတွေ လုပ်နေတာက They have no Organization ဖြစ်နေတယ်။ တကယ်တမ်းကျတော့ လက်တွေ့အရဆိုရင် ကိုပေါ် (ကိုမင်းကိုနိုင်) တို့ ဆိုရင်လည်း ကျောင်းသားတယောက်မှ မရှိဘူး။ ၈၈ အရိပ်တခုနဲ့ ရပ်တည်နေရတာ။ တချို့ပြောမယ်ဆိုရင် No labor Right ၊ အဲဒါကြောင့် လွတ်လွတ်လပ်လပ် ပြောခွင့်ဆိုခွင့် မရှိတဲ့အခါကျတော့ ပိုပြီး တင်းမာကျပ်တည်းမှု ဖြစ်လာတယ်။ ဒါက ဘာပြောမလဲဆိုတော့ ကျောင်းသားတွေ လိုအပ်တာက ဒီမိုကရက်တစ် အခွင့်အရေး - right ရှိရမယ်။ လွတ်လပ်စွာ တင်ပြခွင့် ရှိရမယ်။
ကျောင်းသားသမဂ္ဂ (ဗကသ) ကို တရားဝင် ဖွဲ့စည်းခွင့်မရတဲ့အတွက် ကျောင်းသားများ ပညာရေးမှာ ဘယ်လောက် အတိုင်းအတာအထိ နစ်နာမှု ရှိတယ်လို့ ယူဆပါသလဲရှင်။
နစ်နာတာပေါ့၊ အခုမှ နစ်နာတာ မဟုတ်ဘူး။ အန်ကယ်တို့ ကျောင်းသားဘဝကတည်းကနေ နစ်နာတာပါ။ ဒီသံသရာကတော့ ပြောလို့ကို မဆုံးနိုင်တော့ဘူး။ ဘယ်လောက် နစ်နာလဲ ဆိုတော့ ဘဝတွေကို ပေးနေရတယ်။ အခုပညာရေးက ဘာမှ အာမခံချက် မရှိဘူး။
မြန်မာနိုင်ငံအရေးမှာ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍဟာ ဘယ်လလောက်အထိ အရေးကြီးပါသလဲ။ တစုံတရာ အားကိုးလို့ရနိုင်မယ်လို့ ယူဆပါသလား။
ကျနော့်အမြင် ပြောမယ်။ အခုတလော ပြောနေကြတာပဲ။ ဒီနေ့အခါမှ နိုင်ငံကြီးတွေရဲ့ International Platform Strategy ကြားထဲမှာ ကျနော်တို့ ညှပ်ခံနေတယ်။ အဲဒါ တခု ပြောချင်တယ်။ အဲဒါရှိနေသရွေ့ အပြင်မှာ ဘယ်လောက်ပဲ ပြောနေနေ မြန်မာပြည်မှာ ဖြစ်နေတဲ့ အတိမ်အနက်ကို မသိဘဲနဲ့ မြန်မာပြည် လက်တွေ့နဲ့ကျတော့ အဝေးကြီးပဲ။
ဆဲဗင်း ဂျူလိုင် (7 July) ပေါ်ပေါက်လာပုံ အဖြစ်အပျက်တွေကို အခုခေတ် ကျောင်းသားလူငယ်များ သိရအောင် ပြန်ပြောပြပေးပါလား ရှင်။
၆၂ ကျောင်းသားလှုပ်ရှားမှုက အဆောင်စည်းကမ်းတွေ တင်းကျပ်တဲ့အပေါ်မှာ စတာပဲ။ ၇ ရက်နေ့မှာ အဲဒီတင်းကျပ်တဲ့ စည်းကမ်းတွေကို ဖျက်သိမ်းပေးဖို့၊ လွတ်လပ်ခွင့်ပေးဖို့။ ပုဒ်မ ၁၄၄ Curfew ထုတ်တာကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တယ်။ ညမှာ အစည်းအဝေးလုပ်နေ၊ မနက်ပိုင်းမှာ ၃ နာရီလောက်တော့ အဆောက်အအုံကို ဖြိုခွဲတယ်။ ညနေ ၄ နာရီလောက်တော့ တပ်က နေရာယူလိုက်တယ်။
နောက်ပိုင်းမှာ မြန်မာပြည်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေက တော်လှန်ရေး ကော်မရှင်ကို အကုန်လုံး ထောက်ခံလိုက်တာ။ အန်ကယ်တို့ကျောင်းသားတွေဘဲ အထီးကျန်နေခဲ့တယ်။ အဲဒီမှာ ကျောင်းသားညီညွတ်ရေးတပ်ဦး၊ ဗကသ၊ တက္ကသိုလ် သမဂ္ဂ၊ ရန်ကုန် တက္ကသိုလ် လူမျိုးစု ကျောင်းသားများ အဖွဲ့ချုပ် စတာတွေ ရှိခဲ့တယ်။
ဆဲဗင်း ဂျူလိုင် (7 July) ကျောင်းသားအရေးတော်ပုံနေ့ အမှတ်တရ စကား ဘယ်လိုပြောချင်ပါသလဲ။
အမှန်တကယ် ပြောရမယ်ဆိုရင် လူ့အဖွဲ့အစည်းတခုမှာ ငြိမ်းချမ်းရေးမရှိဘူး။ ဒီမိုကရေစီလည်း မရှိဘူး၊ ပညာရေးကလည်း အာမခံချက် ပေးနိုင်လောက်တဲ့ ပေါ်လစီ မရှိဘူးဆိုရင်တော့ ရှေ့လျှောက်ဖို့က မလွယ်တော့ဘူး ဖြစ်နေပြီ။ ကျောင်းသားဆိုတဲ့အတွက် ပညာရေးနဲ့ တဖက်မှာ နိုင်ငံရေးစနစ် ရှိတာပေါ့လေ။
source by : မဇ္ဈိမ