Showing posts with label အထူးသတင်း. Show all posts
Showing posts with label အထူးသတင်း. Show all posts
ဧရာဝတီ | စစ်ဘက်ဆိုင်ရာ ထိပ်ပိုင်းရာထူး အပြောင်းအလဲများ မကြာသေးမီက အကြီးအကျယ် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လက်ဖြောင့် သေနတ် သမားများဖြင့် လုပ်ကြံခံရခြင်းနှင့် ကားဖြင့် အသေခံ ဗုံးခွဲလုပ်ကြံခံရခြင်းများ ဖြစ်မည်ကို အထူး စိုးရိမ် လျက်ရှိကြောင်း စစ်ဖက်ဆိုင်ရာ လုံခြုံရေး (စရဖ) အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ဓာတ်ပုံ - Getty Images)
“ဗိုလ်ချုပ်မှူးကြီးကို ပြည်ပကနေ လက်ဖြောင့် သေနတ်သမားတွေ လာပြီး လုပ်ကြံမှာတို့၊ အသေခံဗုံးခွဲ လုပ်ကြံမှာတို့ ရွေးကောက်ပွဲ မတိုင်မီ အစီအစဉ် ရှိတယ်လို့ ကျနော်တို့ကို အထက်လူကြီးက ပြောထားပါတယ်။ ဒါကြောင့် လုံခြုံရေး သတိရှိဖို့ဆိုပြီး ပြောပါတယ်”ဟု စရဖ အငယ်တန်း အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။“ဗိုလ်ချုပ်မှူးကြီးကို လုပ်ကြံမယ့် သူတွေက မြဝတီ၊ မဲဆောက်တို့ ဘက်က လာမယ်ကြားလို့ အဲဒီဘက်က လာတဲ့ ယာဉ်တွေကို အဓိကထား စစ်နေရတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
နေပြည်တော်သို့ လာရောက်သော အဝေးပြေး မော်တော်ယာဉ်များတွင် လိုက်ပါသူမဲ့ ကုန်ပစ္စည်းများအား သေချာစွာ စစ်ဆေး ရန်၊ ခရီးသည်များ၏ အမည်၊ မှတ်ပုံတင် အမှတ်များကို သေချာစွာ စာရင်းပြုစု ထားရန်နှင့် ခရီးသည် စိစစ်ရေး ကတ်များကို ခရီးသည်တိုင်းအား ချိတ်ဆွဲစေရန် ညွှန်ကြားထားကြောင်း နေပြည်တော်-ရန်ကုန် အဝေးပြေးယာဉ်လိုင်း တခုမှ ယာဉ်မောင်း တဦးက ဆိုသည်။
“ကျနော်တို့ အဝေးပြေးယာဉ်လိုင်းတွေကို မသင်္ကာစရာတွေ့ရင် သဲအိတ် ပတ်ပတ်လည် ကာထားတဲ့ ပုံစံထဲ ထည့်ထားပြီး လုံခြုံရေးကို အကြောင်းကြားဖို့ မှာထားပါတယ်”ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။ သို့သော် မည်သူမျှ အရေးတယူ လိုက်နာလုပ်ဆောင်ခြင်း မရှိဟု သိရသည်။
ထို့ကြောင့် ရှေ့ပြေးလုံခြုံရေးတပ်များက လမ်းကြောင်းရှင်းရာတွင် လမ်းများကို ပိတ်ထားခြင်း၊ လမ်းကြောတလျောက် ရပ် မပေးသည့် ယာဉ်(ဆိုင်ကယ်၊ ကားများ)ကို လုံခြုံရေးများက ခါးပတ်၊ သေနတ်ဒင် စသည်တို့နှင့် ရိုက်နှက်မှုများ ရှိသည်ဟု ပျဉ်းမနား ဒေသခံများက ဆိုသည်။
“ကျနော်က မသိလို့ ယာဉ်တန်းလာတာကို ရပ်မပေးမိဘူး။ ကားပေါ်မှာ လုံခြုံရေးစစ်သားက သေသွားချင်သလားဆိုပြီး သေနတ် ထောင်ပြတယ်။ ကျနော့်မိတ်ဆွေ တယောက်ဆိုရင် စစ်ကားပေါ်ကနေ ခါးပတ်နဲ့ လှမ်းရိုက်တာ ခံရတယ်”ဟု ဒေသခံ တဦးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အစီအစဉ်ကို ဦးစီး လုပ်ဆောင်နေသည့် ယခင် စစ်ထောက်လှမ်းရေးမှူးချုပ် ဒု ဗိုလ်ချုပ်ကြီး ရဲမြင့် (ယခု အနားပေးခံရ)၊ ယခင် ကာကွယ်ရေး ၀န်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထမှူး) ဒု ဗိုလ်ချုပ်ကြီး ခင်ဇော် (ယခု အနားပေးခံရ)၊ ယခင် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း (ယခု စစ်ဆင်ရေး အထူးအဖွဲ့မှုး ကစထ ၄) တို့ ပါလာသည်ဟု ယူဆရသော စစ်ယာဉ်တန်းကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်များက ခြုံခို တိုက်ခိုက်ရာ ၇ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။ စစ်ဗိုလ်ချုပ်ကြီးများမှာမူ အထိအခိုက်မရှိ လွတ်မြောက် သွားကြောင်းလည်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများ၊ စစ်အရာရှိဝန်ကြီးများ စစ်ဘက်ဆိုင်ရာ ရာထူးများမှ အငြိမ်းစားယူခြင်း၊ နုတ်ထွက်ခြင်းများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
NEJ | နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ စစ်ဘက်ဆိုင်ရာရာထူးမှ နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်နေခြင်းသည် ကောလာဟလသာဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်အား ပြည်ထဲရေးဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုအား ကာကွယ်ရေးဝန်ကြီးအဖြစ် နောင်တက်မည့် အစိုးရသစ်အတွက် ကြိုတင်လျာထားခြင်းသာဖြစ်သည်ဟု ၎င်းက ပြောကြားသည်။ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်၌ တပ်မတော်အစိုးရအတွင်း တပ်မမှူးရာထူးအဆင့်မှစကာ စစ်ဗိုလ်ချုပ်များ နေရာအပြောင်းအလဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
“အပြောင်းအလဲလုပ်ခဲ့ကြတာများတယ်။ အတိအကျတော့ပြောလို့မရဘူး။ ဒါပေမယ့် သူရရွှေမန်းကတော့ အနားပေးတဲ့ အပြောင်းအလဲမှာပါတယ်။ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း ပါတယ်” ဟု ၎င်းက ပြောသည်။
စစ်ဘက်ဆိုင်ရာရာထူးမှ အပြောင်းအလဲလုပ်လိုက်သူများအနက် ဒု-ဗိုလ်ချုပ်ကြီးအဆင့်ရှိသူ (၁၅) ဦးခန့် ပါဝင်ကြောင်း၊ ၎င်းတို့နေရာကို ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများနှင့် အစားထိုးခဲ့ကြောင်း အဆိုပါအရာရှိဖြစ်သူက ပြောကြားသည်။
နအဖထိပ်သီးစစ်ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့အပါအ၀င် စစ်ခေါင်းဆောင်များ စစ်ဘက်ရာထူးများမှ နုတ်ထွက်ကာ အရပ်ဘက်သို့ ကူးပြောင်းလိုက်သည်ဆိုသည့် သတင်းများ ပြီးခဲ့သည့် သြဂုတ် (၂၇) ရက်တွင် ထွက်ပေါ်ခဲ့သည်။
ယင်းသတင်းထွက်ပေါ်ချက်နှင့်ပတ်သက်၍ နအဖစစ်အစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ရန်ကုန်မှ လာသည့် ရိုက်တာသတင်းတပုဒ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးနှင့် ဗိုလ်ချုပ်ရွှေမန်းတို့ စစ်ဘက်ရာထူးများမှ အနားယူသွားသည်ဟု စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
အေအက်ဖ်ပီသတင်းတွင်မူ အမည်မဖော်လိုသူ စစ်ဘက်ဆိုင်ရာ အရာရှိတဦးကို ကိုးကားပြီး ဗိုလ်ချုပ်ရွှေမန်းအပါအ၀င် တပ်အရာရှိပေါင်း (၇၀) ကျော်တို့ တပ်တွင်းရာထူးအပြောင်းအလဲ လုပ်လိုက်ကြောင်း ရေးသားထားသည်။ သို့သော် အဆိုပါအရာရှိက ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ နုတ်ထွက်သည့်သတင်းကို ငြင်းဆိုခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးနှစ်ဦး မကြာမီ ရာထူးမှ အနားယူဖွယ်ရှိကြောင်းသာ ပြောကြားခဲ့သည်။
ယင်းသို့ သတင်းများထွက်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ သြဂုတ် (၂၇) ရက်၌ စစ်ဘက်ရာထူးမှ နုတ်ထွက်သွားသူများသည် ယခုနှစ် နိုဝင်ဘာ ( ၇) ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲပြီးသည်ထိ အာဏာဆက်လက် ရယူထားနိုင်ကြောင်းလည်း နိုင်ငံရေးအကဲခပ်များက ဝေဖန်ပြောဆိုနေကြသည်။
မိုးမခ | တရုတ်နိုင်ငံမှ လာရောက်ခဲ့ဘူးသမျှ စစ်သင်္ဘောများအနက် အကြီးဆုံး ဖြစ်မည့် လက်နက်အပြည့်အစုံ ပါဝင်သည့် စစ်သင်္ဘော မကြာမီရက်ပိုင်းအတွင်း ရန်ကုန်သီလ၀ါဆိပ်ကမ်းသို့ ဆိုက်ကပ်လိမ့်မည်ဟု အမည်မဖေါ်လိုသော သီလ၀ါဆိပ်ကမ်းမှ လုံခြုံရေး အရာရှိတစ်ဦးက ပြောဆိုသည်။
(မကြာမီ ရန်ကုန်သို့ လာရောက်မည့် တရုတ် စစ်သင်္ဘော DDGHM-168 သင်္ဘောကို အင်ဒိုးနီးရှားနိုင်ငံ အနီးတွင် တွေ့မြင်ရစဉ် )ယခု လာရောက်မည့် သင်္ဘောတွင် ဒုံးခွင်းဒုံး (cruise missile) များ၊ စစ်သုံး ဟယ်လီကော့ပတာများ အထိ ပါဝင်မည် ဖြစ်ပြီး ရေတပ်သားလည်း ရာနှင့်ချီ ပါဝင်လိမ့်မည်ဟု အဆိုပါ အရာရှိက ပြောသည်။ ယခင်က အိန္ဒိယနိုင်ငံမှ စစ်သင်္ဘောများသာ ဆိုက်ကပ်လေ့ရှိပြီး တရုတ်စစ်သင်္ဘောများ လာရောက် ခဲလှသည်ဟုလည်း သိရပြီး သီလ၀ါ ရေတပ် သင်္ဘောကျင်းသို့ လေ့လာရေး အစီအစဉ်လည်း ပါရှိသည်ဟု သိရှိရသည်။
မကြာမီ လပိုင်းမှ စတင်ကာ သီလ၀ါ ရေတပ် သင်္ဘောကျင်း အနီးသို့ အရပ်ဘက် သင်္ဘောများ စက်လှေများ နီးကပ်စွာ ဖြတ်သန်းခွင့်မရှိပဲ ရေတပ်သင်္ဘောကျင်းတွင် ထုတ်ဖေါ်ခြင်း မပြုလိုသည့် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု လုပ်ကိုင်နေသည့် လက္ခဏာရှိသည်ဟုလည်း အရပ်ဘက် ရေယာဉ်များ၏ ပြောဆိုချက်အရ သိရသည်။
အတည်မပြုနိုင်သေးသော သတင်းတစ်ရပ်အရ သီလ၀ါ ရေတပ် သင်္ဘောကျင်းတွင် ရေငုပ် သင်္ဘော တည်ဆောက် နေသည့် အစီအစဉ် ရှိသည်ဟုလည်း လုံခြုံရေး သတင်း ရပ်ကွက်က ပြောဆိုသည်။
နအဖ စစ်အစိုးရ အနေဖြင့် တရုတ် နိုင်ငံနှင့် ယခုလို ရေတပ် ကိစ္စရပ်များတွင် နီးနီး ကပ်ကပ် ဆက်ဆံလာခြင်းသည် ထူးခြားသည့် လက္ခဏာ တစ်ရပ်ဟုလည်း ရန်ကုန်မှ နိုင်ငံရေး လေ့လာသူ တစ်ဦးက မှတ်ချက်ပေးသည်။
source by :မိုးမခ

ဦးဇော်ဝင်းလှိုင်| မြန်မာနိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်ခဲ့ဖွယ်ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းရေးကိစ္စကို အမေရိကန်နိုင်ငံက ထောက်ခံလိုက်တဲ့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကြိုဆိုလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုက အခုလို ဆုံးဖြတ်လိုက်တာဟာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဓိက ပစ်မှတ်ထား ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အဆင်မြင့် အမေရိကန် အရာရှိတွေက ပြောဆိုခဲ့တာပါ။ မစ္စတာ ကင်တားနားကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။
မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား။ ဓာတ်ပုံ AP
မြန်မာစစ်အစိုးရက ကျူးလွန်ထားတယ်ဆိုတဲ့ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ မတ်လအတွင်း ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက တင်သွင်းခဲ့တာပါ။ သူ့ရဲ့အဆိုပြုချက်ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ထောက်ခံမယ်ဆိုပြီး အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်တဲ့အပေါ် သူ့အနေနဲ့ ကြိုဆိုကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။“မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ ရပ်တန်းက ရပ်အောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြိုးစားလုပ်ဆောင်တဲ့ အနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း ဖော်ထုတ်ရေး ကျနော် ဂျနီဗာမြို့မှာ အဆိုပြု တင်သွင်းခဲ့တာကို အမေရိကန် ပြည်ထောင်စုက အခုလို ထောက်ခံလိုက်တဲ့အတွက် ကျနော် ကြိုဆိုပါတယ်။ နောက် အဲဒီအဆိုပြုချက်ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကလည်း ထောက်ခံကြဖို့ အရေးကြီးပါတယ်။”
သူ့ရဲ့ အဆိုပြုချက်ကို အမေရိကန်လို အရေးပါတဲ့ နိုင်ငံတွေက တဖြည်းဖြည်း ထောက်ခံလာကြတဲ့အတွက် ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းမယ်ဆိုတာ စတင်ဆွေးနွေးဖို့ လိုပြီလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
“အခုတော့ အနာဂတ်မှာ ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းကြမယ်၊ ဘယ်လို အခြေခံ အချက်တွေအောက်မှာ ဖွဲ့စည်းမယ် ဆိုတာကို စတင်စဉ်းစားဖို့ လိုပါပြီ။ ဒါက အရေးကြီးပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းမယ်ဆိုတဲ့ အချက်အပေါ် အဖွဲ့ဝင် အများစုရဲ့ ထောက်ခံမှု လိုပါတယ်။ အခုချိန်မှာတော့ ကြိုတင် ခန့်မှန်းဖို့ ခက်ခဲပါတယ်။ မတ်လတုန်းက စတင် အဆိုပြုခဲ့တဲ့ ကိစ္စက အခုချိန်ထိ စားပွဲဝိုင်းပေါ် ပြောဆို ဆွေးနွေးနေကြတုန်း ဖြစ်ပါတယ်။ မကြာခင် နယူးယောက်မြို့မှာ ကျင်းပမယ့် အထွေထွေ ညီလာခံမှာလည်း ဒီကိစ္စကို ပြောဆို ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။ အခုလို ပြောဆို ဆွေးနွေးနေဖို့က အရေးကြီးပါတယ်။”
အမေရိကန်က အခုလို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ထောက်ခံလိုက်တာဟာ စစ်အစိုးရ အနေနဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို မတရားသတ်ဖြတ်၊ ဖမ်းဆီး နှိပ်စက်မှုတွေ လုပ်ခဲ့တာတွေအပေါ် ပြင်းပြင်းထန်ထန် အရေးယူသွားမယ့် ပေါ်လစီလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင်၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာအောင် ဖိအားပေးတဲ့ အနေနဲ့ စစ်အစိုးရအပေါ် လက်ရှိ ချမှတ်ထားတာတွေထက် ပိုမိုပြင်းထန်တဲ့ ဘဏ္ဍာငွေကြေးအရ အရေးယူ ပိတ်ဆို့မှုတွေကို ချမှတ် လုပ်ဆောင်သွားဖို့ အမေရိကန် အစိုးရက စဉ်းစားနေတယ်လို့လည်း အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတဦး ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် The Washington Post သတင်းစာထဲမှာ ဖော်ပြထားပါတယ်။
အမေရိကန်က အခုလို ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ် သူတို့အနေနဲ့ ကြိုဆို ထောက်ခံကြောင်းနဲ့ မြန်မာပြည် အရေးမှာ ဒါဟာ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတခု ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က ညွှန်ကြားရေးမှူး မာ့ခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။
“စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့နိုင်ဖို့ ကြိုးစားနေကြတဲ့ အထဲမှာ ဒါဟာ အင်မတန် ထူးခြားတဲ့ ပြောင်းလဲမှုတခုလို့ ကျနော်တို့ ယူဆပါတယ်။ အမေရိကန်က နိုင်ငံရေးအင်အား ပိုရှိတော့ ဒီလို ထောက်ခံလိုက်ပြီဆိုတော့ တိုးတက်မှုတွေ ဖြစ်ပေါ်ဖို့ ကျနော်တို့ စတင် လုပ်ဆောင်နိုင်ပါပြီ။ ကော်မရှင် ဖွဲ့စည်းဖို့ကိစ္စ တိတ်တဆိတ် ထောက်ခံလိုတဲ့သူတွေ ရှိပေမဲ့ ရှေ့က ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ထွက်မလုပ်ချင်တဲ့ နိုင်ငံတွေ အများကြီး ရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ အခု အမေရိကန် ပါလာပြီဆိုတော့ သူတို့လည်း လူသိရှင်ကြား ထောက်ခံလာကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လာမယ့် စက်တင်ဘာလအတွင်း နယူးယောက်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မစ္စတာ ကင်တားနား အနေနဲ့ အဲဒီ အထွေထွေ ညီလာခံမှာ တင်ပြနိုင်ဖို့ အစီရင်ခံစာကို အခု စတင် ရေးသားနေပြီး အောက်တိုဘာလ ၂၀ ရက်နေ့မှာ တင်သွင်းမယ်လို့ ဆိုပါတယ်။
ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းဖြစ်မယ် ဆိုတာကတော့ အဖွဲ့ဝင်နိုင်ငံ အသီးသီးရဲ့ တုံ့ပြန်လာမှုတွေ၊ တင်ပြချက်တွေကို စောင့်ကြည့်ပြီးမှ အများသဘောတူ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။
source by :VOA
ဇူလိုင်လ ၁၉ ရက်၊ ၂၀၁၀ ခုနှစ်။
ရန်ကုန်|009|ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင် ကြီးများ ကျဆုံးသည့် ဇူလိုင်လ ၁၉ ရက် ၁၉၄၇ ခုနှစ် မှစတင် ကာ ၀မ်းနည်းသည့် အထိမ်း အမှတ် တခု အဖြစ် နှစ်စဉ် နှစ်တိုင်း ဇူလိုင်လ ၁၉ ရက်နေ့ကျ ရောက်လျှင် နိုင်ငံတော် အလံ တော်အား တိုင် တစ်ဝက် သို့ချ ၍ လွှင့်ထူ လာသည် မှာ မပျက် မကွက် လိုက်နာ ရမည့် အစဉ် အလာ တစ်ခု ဖြစ်ပါသည်။
“အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်းကြီးများကို ဂုဏ်ပြုဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဤသို့အလံအား တဝက်လွှင့်ကြပါသည်”ယနေ့ကျရောက် သော အာဇာနည် နေ့တွင် ရန်ကုန်တိုင်း တရားရုံး၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် နှင် ကမ်းနားလမ်း ရှိ အကောက်ခွန်ရုံး တို့မှာ အာဇာနည် နေ့ ကို မေ့နေ၍ သော်လည်းကောင်း၊ ဂရုစိုက် စရာ မလို ဟုထင်၍ သော်လည်းကောင်း နိုင်ငံ တော် အလံ အား တိုင်ထိပ် အထိ ပုံမှန် လွှင့်တင် ထားသည် ကိုတွေ့ရပါသဖြင့် ရန်ကုန် မြို့တွင်းတွင် အလုပ်လုပ် နေကြ သော ပြည်သူ့ဝန်ထမ်းများ နှင့် ပြည်သူ အများ စိတ်မသက် သာ ဖြစ်နေကြ ကြောင်း သိရပါသည်။
မြို့တော်ခမ်းမ၊ ဗဟိုတရားရုံးချုပ် နှင့် မြန်မာ့လေကြောင်း တို့တွင် တော့ အလံတိုင်များကို တိုင် တက်သို့လွှင့်ထားသည် ကိုတွေ့ရပါသည်။
သတင်းပေးပို့ပေးသော ပြည်တွင်းမှမျိုးဆက်သစ်လူငယ်များ နှင့် ၀၀၉ အားကျေးဇူးတင်ရှိပါသည်။
မျိုးဝင်းဇော် | ဗုံးပေါက်ကွဲသည့်နေ့မှ ဧပြီ (၁၈) ရက်နေ့အထိ ရိုက်ကူးထားသည့် ရုပ်သံ Documentary အစီအစဉ်တခုကို ဧပြီ (၂ဝ) ရက် ည (၈) နာရီကျော်တွင် MRTV-4 ချယ်နယ်မှ ထုတ်လွှင့်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။
ဗုံးပေါက်ကွဲမှုကဲ့သို့ မှုခင်းကြီးတခုကို ယခုကဲ့သို့ ရုပ်သံချယ်နယ်တခုမှ Documentary အဖြစ် ကျယ်ကျယ်ပြန့်ပြန့်
ထုတ်လွှင့်သွားခြင်းသည် ဆယ်စုနှစ်တခုအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံ သတင်းအယ်ဒီတာတဦးက ပြောသည်။၎င်းက “ဗုံးပေါက်ကွဲပြီးနောက် အခြေအနေတွေ၊ ဆေးရုံက မြင်ကွင်းတွေ၊ အဲဒီအချိန်က အနီးအနားမှာ ရှိတဲ့သူတွေကို မေးမြန်းပြီး ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာ တွေ့ရတယ်။ ဒါပေမယ့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိ အာဏာပိုင် အသိုင်းအဝိုင်းကို မေးမြန်းထားတာ၊ မှုခင်းဖော်ထုတ်ဖို့ ဘယ်လို အရေးယူ ဆောင်ရွက်နေတယ် ဆိုတာမျိုးတွေတော့ မပါဘူး။ ထူးဆန်းတာ တခုက MRTV-4 ရဲ့ အဲဒီနေ့လွှင့်မယ့် အစီအစဉ်စာရင်းထဲမှာ Documentary မပါဘူး။ (၁) နာရီနီးပါးကြာတဲ့ ဒီအစီအစဉ်အတွက် နဂိုအစီအစဉ် (၂) ခုကို ဖျက်ပြီးတော့ လွှင့်တာ တွေ့ရတယ်” ဟု ပြောသည်။
အဆိုပါ Documentary ထဲတွင် ရန်ကုန်ဆေးရုံအုပ်ကြီးနှင့် အင်တာဗျူး ပြုလုပ်ထားသည့်အပြင် ထိခိုက်ဒဏ်ရာကုဌာန၊ ခွဲစိတ်ကုဆောင်၊ ရင်ခေါင်းခွဲစိတ်ကုဆောင်၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆောင်မှ တာဝန်ရှိသူ ဆရာဝန်ကြီးများကိုလည်း အင်တာဗျူးလုပ် ဖော်ပြထားသည်။
အင်တာဗျူးထဲတွင် လူနာများ၏ အသက်ကယ်ဆယ်ရေး မည်သို့ ဆောင်ရွက်ခဲ့သည်၊ မည်သို့ ခံစားရသည် စသဖြင့် မေးမြန်းထားသည့်အပြင် ဒဏ်ရာရ လူနာ အတော်များများကိုလည်း အင်တာဗျူးလုပ် ဖော်ပြထားသည်။
သို့သော် ဆေးကုသမှုပေးပြီး နောက်ပိုင်း လူသေဆုံးမှုရှိကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး၏ ပြောဆိုချက်ကိုမူ အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။
ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့်အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတို့က ဆေးရုံသို့လာရောက်ကာ ဗုံးဒဏ်ရာရသူများအား ငွေကြေး၊ ထမင်းထုပ် လှူဒါန်းခြင်းတို့ကိုလည်း MRTV-4 ချယ်နယ်မှ ပြသခဲ့သည်။
မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဒဏ်ရာရလူနာတဦးလျှင် ကျပ်ငွေ (၅,ဝဝဝ) စီနှင့် သေဆုံးသူတဦးလျှင် ကျပ်ငွေ (၁) သိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။
Documentary ထဲတွင် ဧပြီ (၁၈) ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ငွေကြေးသွားရောက်လှူဒါန်းသည့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ အဆိုတော် မိုးမိုး၊ သရုပ်ဆောင် ကျော်ကျော်ဗို၊ မင်းသွေး၊ မင်းသမီး ဖူးစုံတို့နှင့် အင်တာဗျူးများကိုလည်း ထည့်သွင်းထားသည်။
ဗုံးကွဲပြီး မကြာခင် MRTV ရုပ်သံအဖွဲ့သားများ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် ရိုက်ကူးသတင်းယူနိုင်မှု၊ အနီးအနားက ပရိသတ်များကို မေးမြန်းနိုင်မှု၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားပြီး အင်တာဗျူးများလုပ်ပြီး ရိုက်ကူးနိုင်မှုတို့သည် အံ့အားသင့်စရာ ကောင်းကြောင်း Documentary ကို ကြည့်လိုက်ရသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။
၎င်းက “ဒါမျိုး အရင်ကဆိုရင် အထက်အဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရလို့ မလုပ်နိုင်ဘူး။ သေချာတာတခုကတော့ အစိုးရဟာ အခုကိစ္စကို သတင်းကျယ်ပြန့်သထက် ကျယ်ပြန့်အောင် လုပ်နေတာ ဖြစ်တယ်” ဟု ပြောသည်။
ရန်ကုန်မြို့နှင့် နယ်မြို့အချို့တို့တွင် အခမဲ့ ထုတ်လွှင့်နေသည့် MRTV-4 ချယ်နယ်ကို ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ သားတဦးက ပိုင်ဆိုင်ပြီး ၎င်းပိုင် ကုမ္ပဏီသည် အခပေး ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်သံလိုင်းလွှင့်ခွင့်ကို တဦးတည်း လုပ်ကိုင်ခွင့်ရထားကာ အကျိုးအမြတ် ကြီးမားစွာ ရရှိနေကြောင်း၊ ယခုအခါ အခပေး ရုပ်သံလိုင်း (၃ဝ) ကျော် ထုတ်လွှင့်ရောင်းချပေးနေကြောင်း သိရသည်။

source by :NEJ
NEJ |နအဖစစ်အစိုးရသည် လူ (၈) ဦး သေဆုံးပြီး (၁၇ဝ) ကျော် ဒဏ်ရာရခဲ့သည့် ဧပြီ (၁၅) သင်္ကြန်ဗုံးကွဲမှု သတင်းကို ကျယ်ပြန့်သည်ထက် ကျယ်ပြန့်အောင် လုပ်ဆောင်နေပြီး ယင်းကဲ့သို့ လုပ်ဆောင်ချက် နောက်ကွယ်တွင် ရည်ရွယ်ချက် တစုံတရာ ရှိနိုင်ကြောင်း ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝိုင်းနှင့် ရန်ကုန်မြို့ခံများက သုံးသပ်နေကြသည်။
![]() | ![]() |
ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက “ကျနော်တို့ ဂျာနယ်က သင်္ကြန်မတိုင်ခင်ကတည်းက စာမူတဝက်ကို တင်ထားရတယ်။ ကျန်တာကို ဒီရက်ပိုင်း တင်ရမယ်။ အဲဒါ ဂျာနယ်တိုက်ကို စာပေစိစစ်ရေးရုံးက အကြောင်းကြားတယ်။ နောက်ထပ်တင်မယ့် စာမူတွေအပြင် ဗုံးကွဲတဲ့သတင်းတွေ ထည့်ချင်တယ်ဆိုရင် စာမျက်နှာတိုးပြီး ခွင့်ပြုပေးမယ်။ နောက် အချိန်မီ စိစစ်ပေးမယ်။ မျက်နှာဖုံးမှာ တင်ချင်ရင်လည်း ခွင့်ပြုပေးမယ်ဆိုပြီး ပြောတယ်၊ ဒီလို အကြောင်းကြားတာ။ သင်္ကြန်အပြီး ထွက်မယ့် ဂျာနယ် အားလုံးလိုလိုလောက်ကိုပဲ။ ကြည့်ရတာ ဂျာနယ်တိုင်းလိုလိုမှာ ဗုံးကွဲတဲ့သတင်းကို ပါစေချင်ပုံရတယ်။ ဒါဟာ အထက် စစ်အာဏာပိုင်တွေက ညွှန်ကြားတာဖြစ်ပြီး နောက်ကွယ်မှာ ရည်ရွယ်ချက်တခုခု ရှိပုံရတယ်” ဟု ပြောသည်။
အလားတူ အခြားဂျာနယ် အယ်ဒီတာတဦးကလည်း သင်္ကြန်အပြီး လက်ရှိအချိန်ထိ မြန်မာတိုင်းမ်၊ လျှပ်တစ်ပြက်၊ ဝီးကလီးအလဲဗင်း၊ ပေါ်ပြူလာ စသည့်သတင်းဂျာနယ် (၄) စောင်ထွက်ပြီး (၃) စောင်၏မျက်နှာဖုံးမှာ ဗုံးကွဲသည့်သတင်းဖြစ်ကာ လျှပ်တစ်ပြက်ဂျာနယ်တွင်မူ ထူးထူးခြားခြား သေဆုံး၊ ဒဏ်ရာရသည့် လုံခြုံရေးဝန်ထမ်းများကို နာမည်နှင့်တကွ ဖော်ပြထားကာ ၎င်းတို့အနက် အမှတ် (၄) စစ်ဒေသ စစ်ဒေသမှူးကြီး အုံးချို၏နာမည်ကို ဖော်ပြထားခြင်းသည် အလွန်ထူးခြားသည်ဟု ပြောကြားသည်။
ပြီးခဲ့သည့် အနှစ် (၂ဝ) ကျော် ၈၈ အရေးအခင်းကာလတွင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ တာဝန်ပေးချက်အရ
သတင်းစုဆောင်းရေးနှင့် အဖျက်အမှောက်လုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်ခဲ့သူ ယခု အသက် (၆ဝ) ကျော်အရွယ် ဗိုလ်မှူးဟောင်းတဦးက အကယ်၍ ယခု ဗုံးကွဲမှုကို စစ်အစိုးရကသာ အကောင်အထည် ဖော်သည်ဆိုပါက အောက်ခြေအဆင့် အာဏာပိုင်များ မဆိုထားနှင့် တိုင်းမှူးအဆင့်လောက်ကပင် မသိနိုင်ကြောင်း ပြောဆိုသည်။
၎င်းက “အခု ဗုံးကွဲမှုမှာ လုံခြုံရေးအဖွဲ့ဝင်တွေ သေကြေ ထိခိုက်ဒဏ်ရာရတာကို ဖုံးကွယ်မထားဘဲ ကျယ်ကျယ်ပြန့်ပြန့် ၀ါဒဖြန့်နေတာကို ကြည့်ရင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေက အခုဗုံးကွဲ ကျူးလွန်သူတွေဟာ သူတို့အစိုးရကို မလိုလားတဲ့ သူတွေအဖြစ် ပုံပေါ်စေချင်တာ ထင်ရှားတယ်။ မကြာခင် ဆန့်ကျင်ဘက် အင်အားစုတွေကို စွပ်စွဲ၊ ဖမ်းဆီး၊ အရေးယူတာတွေ လုပ်လာနိုင်တယ်” ဟု ပြောသည်။
စစ်အစိုးရ အာဏာပိုင်များသည် ဗုံးကွဲသတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့်ပေးနေသကဲ့သို့ မသင်္ကာသူ ဖမ်းဆီးရမိရန် ကူညီနိုင်ပါက ဆုငွေ ကျပ် (၁ဝ) သိန်းပေးမည့် ကြော်ငြာစာရွက်များကို ရန်ကုန်မြို့လယ် လမ်းဆုံလမ်းခွများတွင် လိုက်လံကပ်ထားကြောင်း မြို့ခံများက ပြောသည်။

စစ်အာဏာရှင်တို့၏ နိုင်ငံရေးအကြမ်းဖက်ရန်လုပ်ကြံမှု ဓာတ်ပြားဟောင်းဖွင့်ပြီလားဟု သံသယရှိကြ
မိုးမခအထောက်တော် ၀၀၃|ယမန်နေ့ ညနေက ရန်ကုန်၊ သိမ်ဖြူ၊ ကန်တော်ကြီးပတ်လမ်းရှိ သင်္ကြန်မဏ္ဍပ်တခုရှေ့၊ နေ့ခင်း ၃ နာရီခန့်က ဗုံးများ ပေါက်ကွဲခဲ့ရာ လူ ၈ ဦး ထက်မနည်း သေဆုံးပြီး လူ ၅၀ ကျော် ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အခင်းဖြစ်ပွားရာသို့ လာရောက် ၀ိုင်းဝန်း ကြည့်ရှုသူများ၊ ကူညီ ကယ်ဆယ်ရေး လုပ်သူများထဲမှ ကင်မရာများနှင့် လက်ကိုင်ဖုံးများနှင့် မှတ်တမ်းတင်၊ ရိုက်ကူး ပြောဆိုနေသူ လူကြီး လူငယ်အချို့ကို လုံခြုံရေးလာရောက်ယူထားသော လက်နက်ကိုင်စစ်သားများနှင့် အရပ်ဝတ်ထောက်လှမ်းရေးတို့က တားဆီးခြင်း၊ ဖမ်းဆီး ထိန်းသိမ်းခြင်းတို့ ပြုလုပ်ခဲ့သည်ဟု မျက်မြင်တို့က ပြောကြားသည်။ ပျောက်ဆုံးနေသူများအတွက် သက်ဆိုင်ရာတို့က မည်သို့စုံစမ်းရန်၊ သတင်းပို့ကြရန် လမ်းညွှန်ချက်မပေးသော်လည်း အစိုးရရုပ်မြင်သံကြားတွင်မူ လုံခြုံရေးအဖွဲ့များထံ မသကာင်္ဖွယ်ရာများကို အကြောင်းကြားကြရန် တောင်းဆိုထားသည်။
ဗုံးပေါက်ပြီးပြီးချင်း တယ်လီဖုံးများ၊ တဆင့်စကားများဖြင့် ရန်ကုန်တမြို့လုံး သတင်းပြန့်နှံ့သွားပြီး ၁ နာရီခန့်အကြာတွင် အင်တာနက်နှင့် ပြည်ပမီဒီယာများ၊ ဘလောက်များတွင် ရန်ကုန်ဗုံးပေါက်ကွဲမှု သတင်းနှင့် ဓာတ်ပုံများ တက်လာသည်ကို တွေ့ရသည်။ အဆိုပါသတင်းများထဲတွင် စစ်အစိုးရ၏ အလိုကျ အတိုက်အခံများကို တိုက်ခိုက်ရှုတ်ချရေးသားလေ့ရှိသော ဘလောက်အချို့က ဗုံးပေါက်သည့်သတင်းကို ဓာတ်ပုံများ ၀င်မလာခင် အရင်ဆုံး တင်ကြပြီး၊ ထိုတင်ဆက်ချက်နှင့်အတူ လူမဆန်သောလုပ်ရပ်အဖြစ် ရွံရှာရပါကြောင်းကိုပါ ထည့်သွင်းထားသည်ကို တွေ့ရသည်ဟု စာဖတ်သူအချို့က မှတ်ချက်ပေးသည်။
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရေးတွင် မြန်မာပြည်တွင်းရှိ အတိုက်အခံနိုင်ငံရေးပါတီနှင့် နိုင်ငံတကာ၏ ဝေဖန်ပြောဆိုမှုများ၊ ဖိအားများနှင့် ရင်ဆိုင်နေရသော စစ်အစိုးရသည် ၎င်း၏ လှည့်ကွက်များဖြစ်သည့် အဓိကရုန်းများ ဖန်တီးခြင်း၊ ဘာသာရေးဆူပူလှုံဆော်မှုများ ပြုခြင်း၊ အကြမ်းဖက် ဗုံးဖောက်မှုများ ပြုလုပ်ခြင်း၊ နယ်စပ်ဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကျုးလွန်ခြင်းတို့ ဆောင်ရွက်ပြီး မြန်မာပြည်တွင်းရှိ အကြမ်းမဖက်သော ငြိမ်းချမ်းမှုကို လိုလားသော နိုင်ငံရေးလှုပ်ရှားသူများ၊ လူမှုရေး၊ ဘာသာရေးလုပ်ကိုင်နေသူ ပြည်သူများ၊ အတိုက်အခံများကို တဖက်သတ် ဖိနှိပ်နှိမ်နင်းရန် အကြောင်းရှာသည့် စစ်အာဏာရှင်ထိုးဇာတ်၊ လုပ်ကြံဇာတ် ဓာတ်ပြားဟောင်း ပြန်ဖွင့်ရန် ခြေလှမ်းပြင်နေပြီလားဟု မြန်မာပြည်တွင်းရှိ ၀ါရင့်စာနယ်ဇင်းဆရာတို့က သုံးသပ်ကြသည်။
source by :မိုးမခ
မင်းသက် | ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ယနေ့ကျရောက်သည့် သင်္ကြန်အကြတ်နေ့ ညနေ ၃ နာရီခန့်၌ ဗုံး ၃ လုံး ပေါက်ကွဲခဲ့ရာ မြို့နယ် မယက ဥက္ကဋ္ဌ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကန်တော်ကြီးစောင်းနှင့် သိမ်ဖြူယာဉ်မောင်းကွင်းအနီး X2O ရေကစားမဏ္ဍပ် လက်ဝဲဘက်ထောင့်၌ ဗုံးများပေါက်ကွဲမှုကြောင့် လူ ၉ ဦး သေဆုံးကာ၊ မင်္ဂလာတောင်ညွန့်မြို့နယ် မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်း အပါအ၀င် ဒဏ်ရာရရှိသူ ၆၃ ဦးအား ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသနေရကြောင်း သတင်းရပ်ကွက်များ အဆိုအရ သိရခြင်း ဖြစ်သည်။ bombs-explosion1
''ဒဏ်ရာရသူတွေ များတယ်။ အဲဒီအထဲမှာ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ဒုရဲအုပ် မောင်မောင်ဟန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်က မယက ဥက္ကဋ္ဌ ဦးကျော်ငြိမ်းတို့ ပါတယ်။ စုစုပေါင်း အခု ၆၃ ဦးက ဆေးရုံကြီးမှာ'' ဟု တိုင်း ရဲချုပ်ရုံး၏ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။
ရန်ကုန် စည်ပင်သာယာရေးကော်မတီ၏ အရာထမ်းတဦးကမူ ဒဏ်ရာရရှိသူ ဦးရေ ၈၀ ခန့် ရှိနိုင်သည်ဟု
ခန့်မှန်းပြောဆိုသလို၊ မြန်မာ့အသံက ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ညနေ ၆ နာရီတွင် သတင်းကြေညာရာ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၃ ဦး သေဆုံးပြီး၊ ၇၅ ဦး ဒဏ်ရာရရှိသည်ဟု ဆိုသည်။ သို့သော် နောက်ဆုံးသတင်းအရ စုစုပေါင်း ၈ ဦးသေဆုံးပြီး ၈၄ ဦး ဒဏ်ရာရရှိကြောင်း အစိုးရသတင်းဌါနကပြောသည်။
သတင်းကြေညာချက်နှင့် ပတ်သက်၍ တာမွေမြို့နယ် ဒေသခံတဦးက ''တော်တော်ထူးဆန်းတယ်နော်။ အစိုးရက တခါမှ ဒီလိုသတင်းမျိုးကို ပြည်သူကို အသိပေးတာ မကြားဖူးဘူး။ အခု ပေါက်ကွဲမှုကို ချက်ချင်းတောင် ကြေညာလို့ ကျနော်တို့ အရမ်း အံ့သြမိတယ်'' ဟု ပြောဆိုသည်။
အခင်းဖြစ်ရာသို့ ဗုံးကွဲပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင် ရောက်ရှိသွားသူတဦးက ''၃ နာရီလောက်က အသံ ၃ ခု ဆက်တိုက်ထွက်လာတယ်။ ကားဘီးပေါက်တာလို့ ရုတ်တရက် ထင်တာ။ ပြီးမှ အသံက တမျိုးဖြစ်နေတဲ့အတွက် မသင်္ကာလို့ သိမ်ဖြူကွင်းမှာ ရေပက်နေတဲ့ သူငယ်ချင်းတွေကို လှမ်းမေးတော့ ဗုံးပေါက်တာလို့ ပြောတယ်။ သွားကြည့်တော့ ရဲတွေက လူတွေကို အနားမကပ်ရတော့ဘူး။ အားလုံး ကိုးရိုးကားယားတွေ ဖြစ်ကုန်တယ်။ တချို့ ပြေးကြလွှားကြ၊ ငိုကြယိုကြပေါ့။ အဲဒီမဏ္ဍပ်မှာ ရေကစားတဲ့ သားသမီးတွေရှိတဲ့ မအေမိဘတွေကတော့ အဲဒီနားမှာပဲ ငိုနေကြတယ်'' ဟု ပြောသည်။
ပေါက်ကွဲမှုအနီးရှိ တွေ့သမျှ လူများအား ရဲက လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့် ဒေသခံလူငယ်တဦးက ''လိုက်ဖမ်းနေတာ။ ကျနော်တို့ ပြေးရတယ်။ မလွယ်ဘူး။ အိမ်က ယူသွားတဲ့ ကင်မရာကိုလည်း သိမ်းထားလိုက်တယ်'' ဟု ပြောသည်။
ဗုံးပေါက်ကွဲမှုမှာ မည်သူ့လက်ချက်ဟု မသိရသေးသော်လည်း မသမာသူများက ဗုံးများ လာရောက်ထားရှိကာ အချိန်ကိုက် ပေါက်ကွဲစေကြောင်း ရဲများက ယူဆနေသည်။

source by :မဇ္ဈိမ
ဗထူး | တပ်မတော်ထဲတွင် ဆက်တိုက်ဖြစ်ပွားနေသော မကျေနပ်မှုများနှင့် တပ်မ (၇၇) လက်အောက်ခံတပ်များတွင် ဖြစ်ပွားနေသည့် မကျေနပ်မှုများ ဆက်စပ်လျှက်ရှိသည်။
အဆိုပါ မကျေနပ်မှုသည် တပ်တွင်း ရဲဘော်မိသားစုဝင်များ ကြပ်တည်းမှုများကို ဆွေးနွေးပွဲတွင် တင်ပြခဲ့မှုများကြောင့် ဖြစ်သည်။
“အဓိက အားဖြင့်အမှတ် (၇၀၄) ခြေမြန်တပ်ရင်း (ထူးကြီး) အခြေစိုက်ဖြစ်တာ၊ အလားတူအခြားခြေမြန်တပ်ရင်းများလည်း ဒီလိုတောင်းဆိုမှုတွေ ဖြစ်လာနိုင်ဖွယ်ရှိတယ်” အမည်မဖော်လိုသည့် ဒုရင်းမှူးတဦးက ပြောသည်။
အလားတူဖြစ်စဉ်မျိုးနောက်ထပ်မဖြစ်ရန် တိုင်းတပ်မ အလျောက် ကြပ်မက်ဆောင်ရွက်သွားရန် ညွှန်ကြားချက်များပေးပို့ထားကြောင်း ၎င်းဒုရင်းမှူးက ဆက်ပြောသည်။
အဆိုပါအခြေအနေများနှင့်ပတ်သက်၍ နယ်စပ်အခြေစိုက် တပ်တွင်းစောင့်ကြည့်လေ့လာသူ တဦးအဆိုအရ “ ဒီလိုမျိုးတွေက မကြာခင်ဆက်တိုက်ဖြစ်လာမှာဘဲ” ဟု ပြောသည်။
တပ်မတော်တွင်း အောက်ခြေ အကြပ်တည်းများနှင့်ပတ်သက်၍ ရင်ဆိုင်နေရပြီး အခြေခံရိက္ခာပင် မလုံလောက်တော့ကြောင်း ပြောဆိုသွားခဲ့သည်။
source by :ရိုးမ(၃)

Subscribe to:
Posts (Atom)