သဲသဲ | ယနေ့ခေတ် မြန်မာ အမျိုးသမီးများ အနေဖြင့် အိမ်ထောင်ရေး ဟူသည့် လူမှုရေး နယ်ပယ်ထဲသို့ ၀င်ရောက်လာမှု အားနည်း လာကြောင်း တွေ့ရသည်။
“ကျမတို့ အဘိုး အဘွားတွေ ခေတ်ကလို အသက် ၂၀ ကျော်တာနဲ့ အိမ်ထောင်ပြုရမယ် ဆိုတဲ့ အတွေးအခေါ် မျိုးတွေ မရှိတော့ပါဘူး” ဟု ၁၉၉၇ ခုနှစ် ၀န်းကျင်ခန့်က စတင်၍ Talents & Model Agency ကို ထူထောင်ခဲ့သူ ဒေါ်တင်မိုးလွင်က ဧရာဝတီကို ပြောသည်။
အိမ်ထောင်ရေး ဆိုသည်မှာ အရေးပါ သော်လည်း မည်သည့် အရွယ်တွင် အိမ်ထောင်ပြုရမည် ဟူသည့် သတ်မှတ်ချက် အတွေးများ မရှိကြတော့ဘဲ ခေတ်အမြင် ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
၂၁ ရာစု မြန်မာအမျိုးသမီးများ၏ ခေတ်အမြင်နှင့် အတွေးအခေါ် ပြောင်းလဲ လာမှုကြောင့်သော် လည်းကောင်း၊ ကိုယ်ပိုင် စွမ်းဆောင်ရည်၊ ရည်မှန်းချက်တို့ မြင့်မားလာခြင်း တို့ကြောင့် သော်လည်းကောင်း ဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။

ဒေါ်တင်မိုးလွင်သည် မြန်မာနိုင်ငံတွင် မော်ဒယ်လ် လောကကို စတင် လမ်းခင်းပေးခဲ့သူ တဦး ဖြစ်ပြီး မြန်မာ အမျိုးသမီးများ လူမှု ဘ၀နယ်ပယ်တွင် မည့်သို့ ဖြတ်သန်းပြောဆို နေထိုင်ရမည် ဆိုသည်က အစ လေ့ကျင့် သင်ကြားပေးနေသူ ဖြစ်သည်။
အိမ်ထောင်ရေးကို စိတ်မ၀င်စားဘဲ ရပ်တည်ရာ လမ်းကြောင်း အတိုင်း လျှောက်လှမ်းကာ လက်ရှိ အနုပညာ လောက၊ စာပေလောက၊ စီးပွားရေးလောက စသည့် လူမှုဘ၀နယ်ပယ်အသီးသီးတွင် အောင်မြင် နေသော မြန်မာအမျိုးသမီး များကိုလည်း မြင်တွေ့နေရသည်။
အနုပညာ လောကတွင် သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ တေးသံရှင် ကော်နီ၊ သရုပ်ဆောင် အဆိုတော် တင့်တင့်ထွန်း စသည်ဖြင့် အသီးသီးရှိကြပြီး စာပေ လောကတွင်လည်း စာရေး ဆရာမ မသီတာ (စမ်းချောင်း)၊ ဂျူး စသည်ဖြင့် အောင်မြင်နေသည့် အိမ်ထောင်သည် မဟုတ်သူ အမျိုးသမီးများ ရှိနေသည်။
ယင်းကဲ့သို့ အိမ်ထောင် မပြုဘဲ အောင်မြင် နေကြသူ အများအပြား ရှိသကဲ့သို့ အိမ်ထောင်ပြုပြီး ကိုယ်ပိုင် မိသားစု ဘ၀ဖြင့် အောင်မြင်သူများလည်း အများအပြားရှိသည်ဟု စာရေးဆရာမ မေငြိမ်းကဆိုသည်။
အမျိုးသမီးတဦး၏ အောင်မြင်ခြင်း မအောင်မြင်ခြင်း၊ ထက်မြက်ခြင်း မထက်မြက်ခြင်းမှာ အိမ်ထောင် ပြုခြင်း၊ မပြုခြင်းနှင့် မသက်ဆိုင်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ ဒေါ်တင်မိုးလွင်ကလည်း “မိသားစု ကြီးသည်၊ ငယ်သည် ဆိုပြီး မရှိပါဘူး။ အိမ်ထောင်ရှိတဲ့ အမျိုးသမီးကလည်း သူ့ရဲ့ မိသားစုက တွန်းအား တခုလို ဖြစ်နေသလို အိမ်ထောင် မရှိတဲ့ Single ကလည်း သူ့နောက်မှာ မိသားစုဆိုတာ ရှိတာပဲလေ။ အိမ်ထောင် မရှိလို့ အောင်မြင်တယ်လို့ မဟုတ်ပါဘူး” ဟုဆိုသည်။
အိမ်ထောင် မပြုဘဲ နှစ်ပေါင်း ၃၀ ကျော်နီးပါးခန့် လက်နက်ကိုင် တော်လှန်ရေး လုပ်ကိုင်လာသူ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်ကလည်း နေရာအမျိုးမျိုး ရှုထောင့်အမျိုးမျိုးတွင် မည်သည့် အလုပ်ကိုမဆို အားစိုက် လုပ်ဆောင်လာကြသူ မြန်မာအမျိုးသမီး အများစုမှာ အိမ်ထောင်ပြုခြင်း နည်းပါးလာသည်ဟု ဆိုသည်။
“ဘယ်နေရာမှာမဆို အလုပ်ကို အားစိုက် လုပ်လာကြတဲ့ အမျိုးသမီး အများစုဟာ အချိန်တွေကို သူတို့ရဲ့ စွမ်းဆောင်ရည်တွေ အတွက်သာ ပေးချင်ကြတော့ အိမ်ထောင်ရေး ဆိုတာကို မစဉ်းစားဖြစ်ကြတော့တာပါ” ဟု အသက် ၅၃ နှစ် အရွယ်ရှိပြီဖြစ်သော နော်စီဖိုးရာစိန်ကဆိုသည်။
အိမ်ထောင် မရှိခြင်းကြောင့် နောက်ပြန်ငဲ့စရာ မရှိသည့် အတွက် လုပ်ဆောင် ရမည့် လုပ်ငန်းရပ်ကို ပိုမို စူးစိုက် လုပ်ဆောင် လာနိုင်ကြောင်းလည်း ၎င်းကပြောသည်။
ယခုအခါတွင် ခေတ် အခြေအနေ ပြောင်းလဲမှုကြောင့်သော် လည်းကောင်း၊ မီဒီယာများတွင် ဖော်ပြလာသည့် အမြင်နှင့် အတွေးအခေါ် လွှမ်းမိုးမှု အားကောင်းလာခြင်းတို့ကြောင့် လည်းကောင်း လူ့အဖွဲ့အစည်းတွင် တရားဝင် လက်ထပ် ထိမ်းမြားခြင်း နည်းပါး လာကာ အမျိုးသားနှင့် အမျိုးသမီးများမှာ အတူနေ ချစ်သူများ အဖြစ် နေထိုင်မှု များပြား လာကြောင်းသိရသည်။
“ဒီလို အတွေးအခေါ် တွေကို ခေတ်လွန်တယ်လို့ မတွေးတော့ဘဲ ဒါလည်းဟုတ်တာပဲ၊ လက်ခံလို့ ရနိုင်တာပဲ ဆိုပြီး လက်တွေ့ ကျကျ လုပ်ချင်လာကြတာပါ။ ခေတ်ရဲ့ ပြောင်းလဲ တိုးတက်မှုမှာ အားသာချက် ရှိသလို အားနည်းချက် တွေလည်း ရှိမှာပါပဲ။ တဦးချင်းစီရဲ့ အတွေးအခေါ်ပေါ်မှာပဲ မူတည်ပါတယ်” ဟု ဒေါ်တင်မိုးလွင်က ဆိုသည်။
အဆိုပါ နေထိုင်မှုတွင် မိမိတို့၏ ကာမစိတ် ဆန္ဒကြောင့် ကျူးကျုး လွန်လွန် နေကြသူနှင့် တရားဝင်လက်ထပ် ထိမ်းမြား ခြင်းမပြုဘဲ အတူတကွ ပေါင်သင်းနေထိုင်ခြင်းမှာ မတူညီကြောင်း စာရေးဆရာမ မေငြိမ်းက ပြောသည်။
“လက်ထပ်ခြင်း မထပ်ခြင်းဆိုတာက တယောက်ကိုတယောက် ပိုင်ဆိုင်မှုနဲ့ဖြစ်ဖြစ်ပေါ့ တရားဝင် ဥပဒေတခုနဲ့ ချည်နှောင်ခြင်းဖြစ်တယ်။ Living Together ဆိုတာကတော့ ဘ၀တလျှောက်လုံးအတူတူ လက်တွဲသွားကြမယ့် ဘ၀ အ ဖော်လို့ပဲ ယူဆပါတယ်” ဟု စာရေးဆရာမ မေငြိမ်းက ၎င်း၏အမြင်ကို ဆက်ပြောသည်။
ခေတ်ရေစီးကြောင်း ပြောင်းလဲမှုနှင့် ခေတ်လိုအပ်ချက်ကြောင့် ယခင်က မြန်မာ အမျိုးသမီးများမှာ ရွေးချယ်မည့် အိမ်ထောင်ဖက်ကို စံနှုန်းအနေဖြင့် သတ်မှတ်ခဲ့ခြင်းမျိုးမရှိဘဲ အချစ်တခု တည်းဖြင့်သာ ရွေးချယ်ခဲ့ကြသော်လည်း ယနေ့ခေတ် အမျိုးသမီးများမှာမူ မိမိရွေးချယ်မည့် အိမ်ထောင်ဖက်ကို စံနှုန်းထားရွေးချယ်တတ် လာကြကြောင်း သိရသည်။
ယင်းကဲ့သို့ သတ်မှတ်လာကြသည်မှာလည်း ခေတ်ကာလ၏ တိုးတက်ပြောင်းလဲမှုတွင် လိုအပ်ချက် များပြား လာသောကြောင့် ဖြစ်သည်ဟု စာရေးဆရာမ မေငြိမ်းကပြောသည်။
“အိမ်ထောင်ဦးစီးတယောက် အလုပ်လုပ်ရင် တမိသားစုလုံးကျွေးထားနိုင်တဲ့ ခေတ်မျိုးမှာ ငွေကြေး အခက်အခဲ ဆိုတာမရှိတဲ့အတွက် မေတ္တာတရားသာ အဓိကကျတဲ့ အရာတခုအနေနဲ့ သတ်မှတ်ခဲ့ကြတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသမီးများအနေဖြင့် အိမ်ထောင်မှုဘ၀ထဲသို့ ရောက်ပြီဆိုသည်နှင့် အမျိုးသားများထက် တာဝန်ပိုမို များပြား လာရကြောင်းလည်း သူကဆက်ပြောသည်။
မြန်မာအမျိုးသမီးများအနေဖြင့်လည်း အိမ်ထောင်ပြုခြင်းမပြုခြင်းထက် ပင်ကိုယ်ဗီဇ၊ မိမိတန်ဖိုးနှင့် သိက္ခာကို စဉ်စား ချင့်ချိန်နိုင်သော၊ မိမိအရည်အသွေးကို ကိုယ်တိုင်သွေးနိုင်သော အမျိုးသမီးများဖြစ်ရန် လိုအပ်သည်ဟု သူက ဆိုသည်။
န်ာစီဖိုးရာစိန်ကလည်း အမျိုးသမီးများ အနေဖြင့် အိမ်ထောင်ရေး ဆိုသည့် အချက် တခုတည်းကိုသာ စဉ်းစား မနေသင့်ဘဲ တိုင်းပြည်နှင့် လူမျိုး အတွက် နယ်ပယ် အသီးသီးမှ လှုပ်ရှားသင့်ကြောင်း၊ သို့မှသာ အမျိုးသမီးများ အနေဖြင့် ခေါင်းဆောင် နေရာ၊ စဉ်းစား ဆုံးဖြတ် ပေးနိုင်မည့် နေရာတို့တွင် ပါဝင် လာနိုင်မည် ဖြစ်ကြောင်း သုံးသပ်သည်။
“ငါက မိန်းမပဲလေ ဆိုပြီး နောက်ဆုတ် မနေသင့်ပါဘူး” ဟု ၎င်းကဆိုသည်။
source by : ဧရာဝတီ

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။