ယမန်နေ့ (ဇူလိုင် ၆) က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ရုံးကို စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့စဉ် ဒုတိယညွှန်ကြားရေးမှူးအဆင့်အရာရှိများ အပါအဝင် အဖမ်းခံရသူ ၂၀ ခန့်ရှိသည်ဟု သိရသည်။ ဖမ်းဆီးခံရသူများတွင် MOGE ၏ ဌာနခွဲများဖြစ်သော စီမံဌာနအောက်ရှိ ဘဏ္ဍာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နုနုရီ၊ စီမံကိန်းဌာနမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်တို့ အပါအဝင် လက်ထောက်ညွှန်မှူး၊ ဦးစီးမှူး၊ ဒုဦးစီးမှူးနှင့် အကြီးတန်း အငယ်တန်းစာရေးများ စသဖြင့် ၂၀ ခန့် ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (ယခင်မည်) ရုံးအဝင်ဝကို တွေ့ရစဉ်။ (ဓာတ်ပုံ​ - Supplied)       
“ရုံးအဖွဲ့နှစ်ခုစလုံး ပါသွားတယ်။ ဘယ်ခေါ်သွားလဲတော့ အတိအကျမသိဘူး။ မနေ့ကတော့ ရုံးအမှတ် ၆ ကို ခေါ်စစ်တယ်လို့ ကြားတယ်။ ခုထိတော့ နောက်ဆက်တွဲ မသိရသေးဘူး။ အခြားဌာနကသူတွေကတော့ စစ်တဲ့အထဲ မပါဘူး” ဟု နီးစပ်သူ ဝန်ထမ်းတစ်ဦးက ပြောသည်။ “သူတို့ပြောတဲ့ သူသျှိုပေါ်ရင်တော့ သက်သာမှာ။ မပေါ်ရင်တော့ ထုထောင်းခံရမှာပဲ” အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် ပြည်ပတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပိတ်မိနေကြောင်း သတင်းပေါက်ကြားလာပြီးနောက် စစ်တပ်က နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးခံရသည့် ဝန်ထမ်းများနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။ ယမန်နေ့ ညနေပိုင်းတွင် စစ်တပ်က ဖမ်းဆီးမည့်လူစာရင်းအတိအကျဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကာ ဌာနအလိုက် ဝင်ရောက်ရှာဖွေစဉ် ဝရုန်းသုန်းကားမဖြစ်ခဲ့သော်လည်း ဝန်ထမ်းများအားလုံး ညနေ ၆ နာရီကျော်မှ အိမ်ပြန်ရကြောင်း၊ ရုံးဆင်းချိန်တွင် ကားဝင်ထွက်နိုင်သည့် ပင်မဂိတ်တံခါးကို ပိတ်ထားကာ လူတစ်ကိုယ်စာ ဝင်ထွက်ပေါက်မှနေ၍ တစ်ဦးချင်း စစ်ဆေးပြီးမှ ပြန်လွှတ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များထံမှ သိရသည်။ 

 စွမ်းအင်ဝန်ကြီးဌာနအောက်တွင် အဓိကဌာနကြီးများအနေဖြင့် စွမ်းအင်စီမံရေးဦးစီးဌာန(EPD)၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) တို့ရှိပြီး အဆိုပါဌာနများအောက်တွင် သီးသန့်ဌာနခွဲများ ရှိသည်။ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တွင် စီမံကိန်း၊ ရှာဖွေရေး၊ တူးဖော်ရေး၊​ ထုတ်လုပ်ရေး၊ စီမံအုပ်ချုပ်၊ ငွေစာရင်း၊​ ကမ်းလွန်၊ အင်ဂျင်နီယာ၊ ပစ္စည်းကိရိယာ၊ စွမ်းအင်မူဝါဒ ဟူ၍ ဌာနခွဲ ၁၀ ခုရှိပြီး လက်ရှိ ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးအောင်မင်းဖြစ်ပြီး၊ ဒုဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးသက်ထွန်း ဖြစ်သည်။ လက်ရှိစွမ်းအင်ဝန်ကြီးမှာ ဦးမျိုးမြင့်ဦးဖြစ်ပြီး၊ ဒုဝန်ကြီးမှာ ဦးသန့်စင်၊ MOGE ဦးဆောင်ညွှန်ကြားရေးမှူးမှာ ဦးအောင်မင်းဖြစ်သည်။ ၎င်းတို့အားလုံးမှာ ထိုဝန်ကြီးဌာနတွင် အစဉ်အဆက် တာဝန်ထမ်းဆောင်လာသူများ ဖြစ်ကြသည်။ လွန်ခဲ့သည့်နှစ် ဖေဖော်ဝါရီလအတွင်း နိုင်ငံပိုင် MOGE ကို ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူပြီးနောက် ပြည်ပတွင် ဒေါ်လာသန်း ၅၀၀ ကျော်ထက်မနည်း ပိတ်မိနေကာ ထိုငွေများ ထုတ်ယူရရှိရေး စစ်ကောင်စီက မြန်မာ့စီးပွားရေးဘဏ် (MEB) တွင် လျှို့ဝှက်ဘဏ်စာရင်းများ ဖွင့်လှစ်ခိုင်းထားသည်။ 

နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်တွင် MOGE ကိုယ်စား “ကံ့ကော်” အမည်ဖြင့် အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေစာရင်းများ ဖွင့်လှစ်ပေးရန် စစ်ကောင်စီလက်အောက်ခံ စွမ်းအင်ဝန်ကြီးဌာနက ဧပြီလအတွင်း ဗဟိုဘဏ်ကို တင်ပြခဲ့ခြင်းဖြစ်သည်။ Myanmar Now က ရရှိထားသည့် ပေါက်ကြားလာသည့် ထိုလျှို့ဝှက်စာအရ ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုကြောင့် ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် တရုတ်နိုင်ငံပိုင် ရေနံကော်ပိုရေးရှင်း (CNOUC) ထံမှ ဒေါ်လာ ၃၂၆ ဒသမ ၈၀ သန်း၊ တရုတ်-မြန်မာဖက်စပ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီများဖြစ်သည့် SEAGP နှင့် SEAOP တို့ထံမှ ဒေါ်လာ ၁၀၈ ဒသမ ၈၂ သန်း၊ ရတနာစီမံကိန်းမှ​ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချနေသော မုတ္တမသဘာဝ ဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) ထံမှ ဒေါ်လာ ၆၈ ဒသမ ၆၈ သန်း ပြည်ပတွင် ပိတ်မိနေခြင်း ဖြစ်သည်။ မူလသဘောတူစာချုပ်အရ သက်ဆိုင်ရာဘဏ်စာရင်းများမှတစ်ဆင့် MOGE ထံ လွှဲပြောင်းပေးရမည်ဖြစ်သော်လည်း အီးယူ၏ ပိတ်ဆို့မှုကြောင့် Beneficiary Name (အကျိုးခံစားခွင့်ရှိသူအမည်) နေရာတွင် MOGE ကိုယ်စား မြန်မာ့စီးပွားရေးဘဏ် (နေပြည်တော်) ၌ “ကံ့ကော်” ဆိုသော ငွေစာရင်းဖြင့် လက်ခံနိုင်ရန် စစ်ကောင်စီက စီစဉ်ခြင်းဖြစ်သည်။ 

 “မူလစာချုပ်ပါ အမေရိကန်ဒေါ်လာဖြင့် လွှဲပြောင်းရန် ခက်ခဲသဖြင့် တရုတ်နိုင်ငံသုံးငွေကြေး (RMB)၊ ထိုင်းငွေကြေး (Baht) တို့ဖြင့် လက်ခံရမည့်အခြေအနေ ဖြစ်ပေါ်နေပါသည်” ဟု လွန်ခဲ့သော နှစ်လကျော်က စီစဉ်သည့် ထိုလျှို့ဝှက်စာတွင် ဖော်ပြသည်။ ဥရောပသမဂ္ဂအပြင် အမေရိကန်အစိုးရ၏ နောက်ထပ် ပိတ်ဆို့အရေးယူမှုများအတွက်ပါ ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟုလည်း စစ်ကောင်စီ၏ လျှို့ဝှက်အစီအစဉ်၌ ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်တွင် နိုင်ငံပိုင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာခဲ့သည်။ ထိုသို့ကြေညာပြီး ရက်ပိုင်းအတွင်း နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်နေသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာ၌ အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ခံပြောဆိုထားသည်။ ၎င်းတို့တာဝန်ယူချိန်တွင် နိုင်ငံတကာက ပိတ်ဆို့မှုများ လုပ်လာကြောင်း၊ ရှိပြီးသား နိုင်ငံခြားသုံးငွေများ သုံးစွဲမရစေရန်အပြင် ကုန်ပစ္စည်းရောင်းရငွေများ မပေးချေနိုင်စေရေးအတွက်ပါ မျိုးစုံပိတ်ဆို့လာသည်ဟု နေပြည်တော်အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။
Source By : Myanmar Now

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။