ဧရာဝတီတိုင်းမ် 

နေပြည်တော် ၊ ဇူလိုင်လ ၁၂ ရက် 

နေပြည်တော်ထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးက တွေ့ဆုံရန် နှစ်ကြိမ်ကြိုးစားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။ 

ပြီးခဲ့သည် ဇူလိုင် ၉ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai သည် နေပြည်တော်အချုပ်ထောင်အတွင်းသို့ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခဲ့ခြင်းမရှိသည့်အတွက် စာရွက်စာတမ်းအချို့ကိုသာ ပေးအပ်ခဲ့ကြောင်း ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။
" ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရတယ်လို့ အာဆီယံမှာ ပြောတယ်ဆိုပြီး သတင်းတွေတက်လာတော့ တော်တော်အံဩတယ်။

ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကို လက်ခံတွေ့ဆုံခဲ့တာ မရှိပါဘူး။ ဇူလိုင်၉ ရက်န့က မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် တွေ့ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က နိုးပဲ” ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ဖမ်းဆီးထောင်ချခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် မကြာမီက တွေ့ဆုံခဲ့သည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး Don Pramudwinai က အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ဇူလိုင်လ ၁၂ရက်နေ့တွင် နိုင်ငံတကာမီဒီယာများတွင် ရေးသားဖော်ပြကြသည်။ ဇူလိုင် ၈ ရက်နေ့ညက စစ်ကောင်စီခေါင်ဆောင်၏ အကြံပေးဆိုသူ နေပြည်တော်အချုပ်ထောင်သို့ ရောက်ရှိလာခဲ့ပြီး ဇူလိုင် ၉ ရက်နေ့မနက်တွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့်အဖွဲ့ နေပြည်တော်အချုပ်ထောင်သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။ 

" ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူ့ကိုမှ လက်ခံတွေ့ဆုံ ဆွေးနွေးတာမျိုးမလုပ်ဘူး။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ပါတဲ့အဖွဲ့က ဇူလိုင် ၉ ရက်နေ့ မနက် ၉ နာရီဝန်းကျင်ရောက်လာတယ်။ အဆင်မပြေတော့ မနက် ၁၁နာရီခွဲလောက် ပြန်သွားတယ်။ နေ့လည် တစ်နာရီလောက် ပြန်ရောက်လာတယ်။ စာရွက်စာတမ်းအချို့ ပေးပြီး ပြန်သွားရတယ်။ မျက်နှာချင်းဆိုင် တွေ့ဆုံသွားတာမျိုး မရှိဘူးလို့ သိထားတယ်” ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်က ပြောသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် မြန်မာအရေးကိစ္စနှင့်ပတ်သက်သည့် အလွတ်သဘော ဆွေးနွေးပွဲကို ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒွန်ပရာမွန်းဝီနိုင်းက ဦးဆောင်ကျင်းပခဲ့ရာ စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး တက်ရောက်ခဲ့ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံတို့နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ အထူးကိုယ်စားလှယ်၊ သံအမတ်ကြီး များနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။

စစ်ကောင်စီ၏ ထိပ်တန်း စစ်ဗိုလ်ချုပ်များသည် ဇွန်လအတွင်းကလည်း ထောင်ထဲရှိ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့သော် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားသည်။

Source By : Ayeyarwaddy Times

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။