ဇွန် ၃၀၊ ၂၀၂၃ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းမှာ ပျူသင်တန်းအတွက် လူမပေးပါက အိမ်နဲ့ လယ်ယာမြေတွေကို သိမ်းယူမယ်လို့ သံဃာအမည်ခံ ဝါသဝနဲ့ပျူတွေက ခြိမ်းခြောက်လူစုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အကြမ်းဖက်စစ်တပ်က လက်နက်ထောက်ပံ့ထားတဲ့ သင်္ဃန်းဝတ် သံဃာအမည်ခံ ဝါသဝနဲ့ပျူတပ်ဖွဲ့တွေက ခြိမ်းခြောက် အကျပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၃ ရက်က ကန့်ဘလူမြို့နယ်၊ ရေကြည်ရွာစာသင်ကျောင်းမှာ တစ်အိမ် တစ်ယောက် မတက်မနေရပုံစံနဲ့ အစည်းအဝေးလုပ်ကာ ကျေးရွာအလိုက် လူ ၂၀ကနေ ၃၀ ဦးအထိ ပျူသင်တန်း တက်ရမယ်လို့ ဝါသဝက ပြည်သူကိုခြိမ်းခြောက်လူစုနေတာလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။ "ဝါသဝ က မိုက်ကြီးနဲ့ အော်ဆဲနေတာ။အကုန်လုံး PDF ထဲ ဝင်မှာလားလို့ မေးတော့ ဝင်ပါဘူးလို့။ ဒါဆိုရင် ပျူထဲဝင်ရမယ်ပြောလို့ အကုန်တိတ်ကုန်တယ်"လို့ ဒေသခံ တဦးက ပြောပါတယ်။ “သူက ထွက်သွားတယ်ဆိုလို့ရှိရင် အိမ်တွေ အကုန်လုံး၊ လယ်တွေအကုန်လုံး သိမ်းမှာ။ 

အိမ်တို့ လယ်တို့ သိမ်းမှာ အဲဒီလို။ ငါးရက်နေ့ နောက်ဆုံးလို့ ပြောတယ်။ ငါးရက်က မနက်ဖြန်၊ သဘက်ခါဆို ပြည့်မှာ။ ရွာတွေ ခေါင်းတောက်နေကြတယ်"လို့ သူက ဆက်ပြောပါတယ်။ အဲအစည်းအဝေးကို တက်ရန်ရောက် ဖိအားပေးစဉ်ကလည်း မတက်တဲ့ နေအိမ်တွေကို ကျပ် ၁၀,၀၀၀ (တစ်သောင်း) ဒဏ်ရိုက်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။ ပျူသင်တန်းအတွက် လူပေးရမယ့် ကျေးရွာတွေက ရေကြည် (အရှေ့)၊ ရေကြည် (အနောက်)၊ အုပ်ဖို၊ ခင်သာနဲ့ အုန်းတောကျေးရွာတွေက ၂၀ ဦးစီ၊ ခေါသန္တီကျေးရွာက ၃၀ ဦး ပေးရမယ်ဆိုကာ အတင်းအဓမ္မ လူစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အကြမ်းဖက် ပျူ‌တွေက ကန့်ဘလူခရိုင်အတွင်း အတင်းအဓမ္မ စစ်သင်တန်း တက်ခိုင်းခြင်းနဲ့ လူစုဆောင်းခြင်းတွေကို ဆက်တိုက်လုပ်ဆောင်နေပြီးအချို့ကျေးရွာတွေမှာ အတင်းအဓ္မ မဲနှိုက် ရွေးချယ်မှုတွေကိုလည်း ပြုလုပ်နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကပြောပါတယ်။ ဇွန်လ စတုတ္ထပတ်အတွင်းကလည်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းမှာရှိတဲ့ တင်းတိမ်ရံ၊ မြနှင်းကုန်း၊ အင်းကောင်းနဲ့ ပိုးဇာကုန်းရွာတွေက ဒေသခံအချို့ကို မဲနှိုက်ရွေးချယ် သင်တန်း တက်ခိုင်းခဲ့မှုတွေလည်း လုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီသင်တန်းတက် ခိုင်းမှုကို လယ်လှ ယာယီပျူခေါင်းဆောင် ခင်မောင်ကြည်ဆိုသူက လုပ်ဆောင်နေခြင်းဖြစ်ပြီးတော့ မဲပေါက်သော် လည်း သင်တန်း မတက်လိုပါက ၈၅ သိန်း ပေးဖို့နဲ့ မဲမပေါက်တဲ့ အိမ်တွေကိုလည်း လစဉ်ကြေးပုံစံမျိုးနဲ့ တစ်လ တစ်သိန်းကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။