ဇွန် ၃၀၊ The Nation Voice မောင်ခဲတံ အာဏာသိမ်းစစ်တပ်ရဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ တိုက်ပွဲကြီး တစ်ခုဖော်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ဒီလိုပြင်ဆင်တဲ့နေရာမှာ ထိပ်ပိုင်း ဗိုလ်မှူး အဆင့်လောက်ကိုသာ အသိပေ းပြင်ဆင်နေတာဖြစ်ပြီး ဘယ်နေရာကို ထိုးစစ်ဆင်မယ်ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုထားတာ မရှိပေမယ့် ကရင်ပြည်နယ်ဘက်နဲ့ပဲခူးတိုင်းဘက်က KNLA ထိန်းချုပ်နယ်မြေတွေကို ထိုးစစ်ဆင် တိုက်ခိုက်ဖို့ ရာခိုင်နှုန်းများတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်၏ တပ်မ ၇၇မှ တပ်သားများအားတွေ့ရစဉ်

“ပဲခူးက တပ်တွေအပြင် ရန်ကုန်က တပ်တွေကိုပါ တပ်လှုပ်ခိုင်းထားတယ်။ ရှေ့တန်းထွက်ရဖို့များတယ်။ ဘယ်လဲဆိုတာကို အခုထိမပြောသေးဘူး။ ဖြစ်နိုင်ခြေကတော့ ကရင်ပြည်နယ်နဲ့ပဲခူးထဲက KNLA ထိန်းချုပ်နယ်မြေတွေကို သွားရဖို့များတယ်။ ကားနဲ့သွားရမလား လေယာဉ်နဲ့သွားရမလားဆိုလည်းမသိရသေးဘူး။ အခုတပ်ထဲမှာတော့ တလှုပ်လှုပ်ပဲ”လို့ ရန်ကုန်မှာရှိတဲ့ တပ်တွင်းသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။ 

အခုလို တိုက်ပွဲကြီးတစ်ခုဖော်ဆောင်ဖို့ပြင်ဆင်လာတာဟာ ဇွန်လထဲမှာ KNLA ဘက်က အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို အထောက်အကူပြုနေတဲ့ တံတား ၂ စင်းကို ဖောက်ခွဲ ဖျက်စီးခဲ့တာကြောင့် စစ်ပြင်လာတာဖြစ်နိုင်တယ်လို့လည်း သူကဆိုပါတယ်။ 

ပဲခူးတိုင်း အရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းရွာမှာ ဖျက်ဆီးခံခဲ့ရတဲ့ စစ်တောင်းမြစ်ကူးတံတားဟာ အာဏာသိမ်း စစ်တပ် အတွက် အရေးပါနေတာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လက်နက်ကြီးတွေ အဆမတန်အသုံးပြုပြီး ဘေးပတ်ဝန်းကျင်ကို ပစ်ခတ်နေတယ်လို့ အဲ့ဒီမှာ ရောက်ရှိနေသူတွေက ပြောပါတယ်။ 

အတည်မပြုနိုင်တဲ့ သတင်းတွေအရ ပဲခူး တပ်မ ၇၇ မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ စိုးဝင်းနဲ့ စစ်တိုင်းမှူး၊ ဗျူဟာမှူးတွေ လျို့ဝှက်စွာ ရောက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး ပဲခူးမြို့ရှောင်လမ်းမှာ မနေ့ညနေကတည်းက အဝင်အထွက်အကုန်စစ်နေတယ်လို့သိရပါတယ်။ 

တပ်မ ၇၇ ဟာ အာဏာသိမ်းစဉ်က ရန်ကုန်မြို့မှာ ပြည်သူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ တပ်မတစ်ခုဖြစ်ပြီးတော့ KNLA နဲ့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်းမှာ အရှုံးကြီးရှုံးနိမ့်ကာ သေဆုံးသူများပြားသလို လက်ရဖမ်းဆီးခံရသူတွေရှိတဲ့ တပ်မတစ်ခုလည်းဖြစ်ပါတယ်။
 
ပုံဟောင်း အသုံးပြုထားခြင်း ဖြစ်သည်။ 

 Source by : The Nation Voice

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။