သူရမောင်June 26, 2023
စစ်ကိုင်းတိုင်း၊ ကင်းတော်ရွာရှိ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့စခန်းကို ဇွန် ၂၅ ရက် စစ်ကောင်စီ ဝင်စီးပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့       
စစ်ကိုင်းမြို့၊ ကင်းတော်ရွာရှိ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခု၏ စခန်းကို စစ်ကောင်စီက စီးနင်းကာ အရပ်သား ၃ ဦး၊ တော်လှန်ရေးသမား ၁၅ ဦးကို သတ်ဖြတ်ပြီး လက်နက်ကြီးငယ်မျိုးစုံ သိမ်းဆည်းသွားသည်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ဝင်များ ထိုရွာတွင် စခန်းချထားစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

ကင်းတော်နှင့် လေးမိုင်အကွာ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ငါန်းဇွန်မြို့နယ် ကျောက်တလုံးရွာသို့ ရောက်နေသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ (ဇွန် ၂၅) နံနက် ၄ နာရီမထိုးမီ စက်လှေကို စက်မနှိုးဘဲ မြစ်ကြောင်းအတိုင်း စုန်ဆင်းကာ ရုတ်တရက် ကမ်းတက် စီးနင်းခဲ့ခြင်းဖြစ်သည်။
 
ယနေ့ (ဇွန် ၂၆) ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာများတွင် ထိုစခန်းမှ လက်နက်ငယ် ၁၅ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုန်းနှစ်လုံး၊ ကျည်မျိုးစုံ ၅,၀၀၀ ကျော် သိမ်းဆည်းမိသည်ဟု ရေးထားသည်။
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ငါန်းဇွန်မြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ရှိသူတို့ကလည်း ထိုဖြစ်ရပ်ကို အတည်ပြုသည်။
 
“အလစ်အငိုက် စီးခံလိုက်ရတာပေါ့ဗျာ။ ၁၅ ယောက် ကျပြီး ၁ ယောက်က ပျောက်နေတယ်။ အပြန်အလှန် ပစ်ခတ်ပြီး လွတ်လာတဲ့သူတွေလည်း ရှိပါတယ်။ အလောင်းတွေကို ဒီနေ့ (ဇွန် ၂၆) သင်္ဂြိုဟ်ဖို့ ပြင်နေတယ်” ဟု ငါန်းဇွန်မြို့နယ် ပကဖအဖွဲ့ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။
 
ဓားဒဏ်ရာများ ရှိသော ကင်းသမား ၄ ဦး၏ အလောင်း၊ စခန်းတွင်း အိပ်ဆောင်ထဲမှ ၇ လောင်း၊ စခန်းအနီးဝန်းကျင် မြေပြင်တွင် မီးရှို့ဖျက်ဆီးထားသည့် ၂ လောင်း၊ စခန်းအနီးရှိ အိမ်ပေါ်တွင် အမျိုးသမီးရဲဘော် ၂ ဦး၏ အလောင်းတို့ကို ရှာတွေ့သည်ဟု ၎င်းက ဆို သည်။
 
သေဆုံးသည့် အရပ်သားများမှာ ပကဖစခန်း အနောက်ဘက် ၄ ဖာလုံခန့် အကွာ ကင်းတော်ရွာမှ အသက်၄၀ အရွယ် ဦးမျိုးကျော်သူ၊ အသက် ၅၀ ဝန်းကျင် ဦးမောင်ဆန်း၊ ကင်းတော်အရှေ့ဘက် ရွာနီးချုပ်စပ်ဖြစ်သည့် မြင်းဆည်ရွာမှ ၆၀ အရွယ် ဦးပေါက်စတို့ဖြစ်သည်။
 
ကင်းတော်ရွာခံ ၂ ဦးမှာ ရွာအတွင်းရှိ လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခုကို စစ်ကောင်စီ ဝင်ရောက် သိမ်းဆည်းချိန်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံက ပြောသည်။
 
“တစ်လောင်းကတော့ ရေထဲကနေ တွေ့တာ၊ တစ်လောင်းကတော့ ရွာထဲက နွားစာတဲအောက်မှာ တွေ့တာ၊ နွားစာတဲထဲကနေ ထွက်ကြည့်ကြည့်တာလား၊ ထွက်ပြေးဖို့ ကြိုးစားတာလား မသိဘူး၊ ပစ်ချခံလိုက်ရတာ” ဟု သူက ဆိုသည်။
 
မြင်းဆည်ရွာခံ ဦးပေါက်စ သေဆုံးမှုမှာ ကင်းတော်ရွာကို စီးနင်းပြီး စက်လှေဖြင့် မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းသွားသည့် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဖြစ်ကြောင်း၊ မြင်းဆည်၊ လက်ပန်တော၊ မြစ်သာ၊ သုံးလင့်၊ ဥယျာဉ် စသည့် ကျေးရွာများ ဆက်တိုက် စီးနင်းခံရကာ နေအိမ်အချို့ မီးရှို့ခံရကြောင်း အထက်ပါ သတင်းရင်းမြစ်နှစ်ခုက ပြောသည်။
 
ကင်းတော်ရွာတော်လှန်ရေးစခန်း စီးနင်းမှုကို စစ်ကောင်စီက သတင်းထုတ်ပြန်ထားသော်လည်း အရပ်သား သေဆုံးမှု၊ အိုးအိမ်ပျက်စီးမှုများနှင့် ပတ်သက်၍ နှုတ်ဆိတ်နေဆဲဖြစ်သည်။
ဇွန် ၂၅ ရက် စစ်ကောင်စီ ဝင်စီးခဲ့သည့် ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းမြို့နယ်မှ ကျေးရွာများ အခြေပြမြေပုံ။
ကင်းတော်ရွာ အပါအဝင် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ကျေးရွာ ၆ ရွာကို ဝင်စီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့ (ဇွန် ၂၅) ညနေပိုင်းတွင် မြစ်အရှေ့ဘက်ကမ်း ကျောက်တလုံးရွာမှတစ်ဆင့် မန္တလေးဘက်သို့ ကားလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားသည်ဟု အထက်ပါ တော်လှန်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောသည်။
 
ငါန်းဇွန်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့တော်မန္တလေး၏ အနောက်ဘက် မိုင် ၃၀ ကျော်အကွာတွင် တည်ရှိသည်။ ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မန္တလေး၊ မုံရွာကဲ့သို့ မြို့ကြီးများအနီးသို့ပင် စစ်မီးကူးလာနေသည်။
 
နိုင်ငံအနှံ့ စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီက လက်လုပ်လက်နက်များကို အားပြုခုခံနေသည့် နိုင်ငံအလယ်ပိုင်းမှ တော်လှန်ရေးအင်အားစုများကို လေကြောင်းပါ သုံး၍ တိုက်ခိုက်နေသလို ၎င်းတို့ သိမ်းသွင်း၍ ရသည့် အရပ်သားများကို လက်နက်တပ်ဆင်၍ မြေပြင်တပ်ဖွဲ့ကို အားဖြည့်ကာ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် ပြုလုပ်နေသည်။
Source by: Myanmar Now

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။