တပ်မတော်က အာဏာသိမ်းပြီး နောက်တရက်(ဖေဖော်ဝါရီ ၂ ရက်)တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဓာတ်ပုံအား မဖြုတ် ထားသည့် ကိစ္စနှင့် ပတ်သက်၍ တပ်မတော် အရာရှိက ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများ၏ သတင်းပေးပို့ချက်နှင့် မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ရိုက်နှက်ခံရသည့် ရဲတပ်ဖွဲ့နှင့် သစ်တောဌာန၏ မှတ်တမ်း များလည်း လူထုအကြား ပျံ့နှံ့လျက် ရှိကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဇော်နိုင်ဦးက ဧရာဝတီ သို့ ပြောသည်။
ဆိုရှယ်မီဒီယာတွင် ပျံ့နေသည့် ရဲတပ်ဖွဲ့ မှတ်တမ်းတွင် ခလရ ၈၀ မှ ဗိုလ်မှူးသိန်းသန်းစိုး ဦးဆောင်သည့် အဖွဲ့အနေဖြင့် စခန်းအတွင်းရှိ ဦးဝင်းမြင့်ပုံအား ရာဘာတုတ်ဖြင့် ထိုးပြကာ “ဓာတ်ပုံ မဖြုတ်သေးဘူးလား၊ အရင်လူကို ထောက်ခံနေ တာလား၊ အာခံတာလား၊ ရေးတင်မယ်” ဟု ပြောဆိုကာ စခန်းမှူး ဒုရဲမှူးအောင်မင်းလွင်အား ရာဘာတုတ်ဖြင့် ရိုက်နှက်ခဲ့ ကြောင်း ဖော်ပြထားသည်။ ထို့ပြင် စခန်းအတွင်း စစ်ဆေးနေစဉ် တခြားရဲတပ်ဖွဲ့ဝင်အား ထပ်မံ ရိုက်နှက်ခဲ့သည့်အတွက်လည်း စခန်းမှူး အပါအဝင် ရဲ တပ်ဖွဲ့ဝင် ၈ ဦးတွင် ဖူးယောင်/နာကျင် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရိုက်နှက်မှုနှင့် ပတ်သက်၍ ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒကစမှူး (ပြည်) ထံသို့ သတင်းပို့ခဲ့ပြီးနောက် ရိုက်နှက်ခဲ့ သည့် ဗိုလ်မှူးသိန်းသန်းစိုးအား တပ်မတော် အက်ဥပဒေဖြင့် အရေးယူနိုင်ရန် ခလရ ၈၀ သို့ ပြန်လည်ခေါ်ယူ ထားကြောင်း လည်း ကြေးနန်းစာတွင် ဖော်ပြထားသည်။ သဲကုန်းမြို့နယ်၊ သစ်တောရုံးဝင်း အတွင်း၌လည်း ဖေဖော်ဝါရီ ၂ ရက်နေ့က တပ်မ ၆၆ (အင်းမ) မှ ပြောက်ကျားဝတ်စုံ ဝတ် ထားသူ ၇ ဦး ဝင်ရောက်လာကာ သမ္မတ ဦးဝင်းမြင့်ပုံ တွေ့မြင်ပြီးနောက် “ဘာလို့ အဲဒီပုံကို မဖြုတ်တာလဲ” ဟု မေးမြန်းပြီး မြို့နယ်ဦးစီးဌာနမှူး ဦးချစ်ကိုကိုအား အသင့်ပါလာသည့် တုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း ပြည်ခရိုင် သစ်တောဦးစီးဌာန ၏ တိုင်းညွှန်ကြားရေးမှူးထံ ထူးခြားဖြစ်စဉ် တင်ပြစာတွင် ဖော်ပြထားသည်။ အဆိုပါ ရိုက်နှက်မှုများနှင့် ပတ်သက်ပြီး ဧရာဝတီက သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြည်ခရိုင် သစ်တောဦးစီးဌာနတို့ထံ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြစ်စဉ်အား ထုတ်ဖော်ပြောကြားခြင်း မရှိပါ။ တပ်မတော်အနေဖြင့်လည်း ၎င်းကိစ္စရပ်များနှင့် ပတ်သက်ပြီး လတ်တလောတွင် ဖြေကြားပေးခြင်း မရှိသေးပေ။ တခြားသော ဖြစ်စဉ်အနေဖြင့်လည်း မြို့နယ်စည်ပင်သာယာရေးရုံးသို့ ဝင်ရောက်စစ်ဆေးခဲ့သည့် တပ်မတော်အရာရှိ တဦးက စည်ပင်ဌာနဆိုင်ရာ ဝန်ထမ်းတချို့အား ရိုက်နှက်မှုရှိခဲ့ကြောင်း သိရသည်။ ဦးဇော်နိုင်ဦးက “ရဲတပ်ဖွဲ့ဆိုရင် သူတို့ လက်နက်ကိုင် တပ်ဖွဲ့ချင်းလည်းဖြစ်တယ်။ ဌာနဆိုင်ရာ တာဝန်ထမ်းဆောင် နေကြ တဲ့သူတွေလည်း ဖြစ်တယ်။ ဒီလိုစရိုက် လက္ခဏာမျိုးက လုပ်စရာ အကြောင်းမှ မရှိတာ။ မလုပ်သင့်ပါဘူး” ဟု ပြောသည်။ အာဏာ သိမ်းပြီးနောက် ဖေဖော်ဝါရီ ၂ ရက်နေ့က ပထမဆုံးအကြိမ် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး တွင် အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအတွင်း မည်သည့် ကိစ္စရပ်မဆို ဥပဒေနှင့်အညီသာ ဆောင်ရွက်ရ မည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။ သို့သော် မြို့နယ်တချို့တွင် တပ်မတော် အရာရှိများက ဥပဒေအရ တရားဝင် ရပ်တည်နေဆဲဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရုံးများအား ဝင်ရောက်ရှာဖွေကာ စာရွက်စာတမ်းများ သိမ်းဆည်းခြင်းနှင့် ချိတ်ပိတ်ကာ စောင့်ကြည့်မှုများ ပြုလုပ်လျက် ရှိသည့်အတွက် တရားမဲ့ ပြုကျင့်မှုများအား လေးနက်စွာ ကန့်ကွက်ကြောင်း NLD က ထုတ်ပြန်ထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့်လည်း အမြန်ဆုံး တားမြစ်ပေးရန် တိုက်တွန်းထားသည်။ Source By : ဧရာ၀တီ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။