ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၄ ရက် နေ့လယ်၂ နာရီကျော် အချိန်ခန့်က စစ်ကျန် ဗုံးသီးတလုံး ပေါက်ကွဲမှုကြောင့် ကျောင်းသား ၁ ဦး သေဆုံးခဲ့ပြီး၂ ဦး ဒဏ်ရာရှိခဲ့ကြောင်း သတင်း ရရှိသည်။ ပြည်ရှည်ကျေးရွာမှ အသက် ၁၅ နှစ်အောက် ကျောင်းသား ၃ ဦးမှာ ကျေးရွာ၏ မြောက်ဘက်ရှိ၂ မိုင်ခန့်အကွာ ဟိန္ဒူပြင် ဟု ခေါ်ဆိုသောနေရာ၌ နွားကျောင်းနေကြစဉ် ကောက်ရသည့် ဗုံးသီးဟောင်းတလုံးကို သစ်ပင်တွင် ထုခွဲကြည့်ရာမှ ပေါက် ကွဲမှုဖြစ်ကာ သေဆုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပြောသည်။ ဒဏ်ရာရရှိသွားသူ မောင်သန်းအေးနှင့် ဦးလေးတော်စပ်သူ ဦးမောင်ထွန်းလှိုင်က “သူတို့ ၃ ဦးက လက်ဗစ်ဗုံးတလုံး ကောက်ရတာကို ဆော့ကစားကြရင်းနဲ့ ပေါက်ကွဲသွားတာ။ အဲဒီမှာ တယောက်ကတော့ ပွဲချင်းပြီး သေတယ်။ နောက်၂ ယောက်ကတော့ ဒဏ်ရာရှိသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသား မောင်ရွှေသိန်းမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားပြီ၊ အသက် ၁၂ နှစ်အရွယ် ၆ တန်းကျောင်းသား မောင်သန်းအေးနှင့် အသက် ၁၃ နှစ်အရွယ် မောင်ဝင်းထွန်း တို့တွင် ခြေ၊ လက်ကိုယ်ခန္ဓာတို့၌ ဒဏ်ရာ အသီးသီး ပြင်းထန်စွာ ရရှိခဲ့ကြသည့်အတွက် ၎င်းတို့ကို ဘူးသီးတောင်ဆေးရုံသို့ ဆေးကုမှုခံယူရန် ခေါ်ဆောင်သွားကြောင်းလည်း ဦးမောင်ထွန်းလှိုင်က ရှင်းပြသည်။ အဆိုပါ နေရာတွင် ယခင်က တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲ ဖြစ်ပွားမှုရှိခဲ့သည့်အတွက် ပေါက်ကွဲခဲ့သည့် ဗုံးသီးမှာ စစ်ကျန်အကြွင်းအကျန်များ ဖြစ်ကြောင်းလည်း ရွာသားများက ပြောဆိုကြသည်။ အဆိုပါကလေးငယ်တို့မှာ ကျောင်းပိတ်ထားသည့်အတွက်ရွာအပြင် တောနားတောင်နားသို့ သွားရောက်ကာ၊ ထင်းခုတ်၊ နွားကျောင်းခြင်းများ နေ့စဉ်ရှိနေပြီး ယနေ့တွင် ထိုသို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း ပြင်ရှည် ကျေးရွာအုပ်ချုပ်ရေး မှူး ဦးရွှေလှဖြူက ပြောဆိုသည်။ ဆက်လက်ပြီး ဦးရွှေလှဖြူက “လက်ရှိမှာတော့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲမှုကြောင့် ကျေးရွာသားတွေအတွက် ရွာ အပြင်ဘက်သို့ နွားကျောင်း၊ ထင်းခုတ်၊ ဟင်းရှာသွားတဲ့အခါ အသက်အန္တရာယ် စိုးရိမ်နေရတယ်။ ဒီကလေးတွေကလည်း မသွားနဲ့ဆို သွားကြတယ်။ ပြောမရဆိုမရ ဖြစ်ကြတယ်ပေါ့” ဟု ဆိုသည်။ အလားတူ ဇန်နဝါရီလ ၁၀ ရက်ကလည်း မင်းပြားမြို့နယ် စပါးထားကျေးရွာတွက် ကောက်ရသည့် စစ်ကျန် ဗုံးသီးပေါက် ကွဲမှုဖြစ်ကာ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၅ ဦးအပါဝင် ရွာသားစုစုပေါင်း ၉ ဦး ဒဏ်ရာရှိခဲ့ကြသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ပွဲ ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သူအားလုံး မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်များကြောင့် ကလေးငယ်များ သေဆုံးမှုအပေါ်တွင် ကလေးသူငယ်များ၏ လုံခြုံဘေးကင်းမှုကို ဦးစားပေးဆောင်ရွက်ကြရန် ယူနီဆက် မြန်မာက ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းထားသည်။ ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA တို့၏ တိုက်ပွဲဖြစ်စဉ်များမှာ လက်ရှိတွင် နှစ်ဖက် အပစ်အခတ် ရပ်စဲထားသော်လည်း ဒေသခံတို့မှာ ကျေးရွာအနီးတောတောင်တို့တွင် နှစ်ဖက်တပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများ၊ စစ်ကျန် လက် နက်ခဲယမ်း အန္တရာယ်တို့ကို ရှင်းလင်းပေးရန် လိုအပ်ကြောင်းလည်း ဒေသခံများက ပြောဆိုနေကြသည်။ ရခိုင်အခြေစိုက် အရပ်ဘက် အဖွဲ့အစည်းဖြစ်သည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) မှ ကောက်ခံထား သော စာရင်းများအရ ရခိုင်တိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်း အပါအဝင် စစ်ကျန်လက်နက်များ ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရ ၇၆ ဦးရှိကြောင်းလည်း သိရသည်။ Source By : ဧရာ၀တီ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။