လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးမည့်သူများကို ကာကွယ်ဆေးထိုး စုရပ် များတွင် ထိုးပေးမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးသူများတွင် ကာကွယ်ဆေးထိုးကတ်ရှိသဖြင့် သတ်မှတ်ကာလ ရောက်ရှိပါက ၎င်းတို့ ရောက်ရှိရာနေရာရှိ ကာကွယ်ဆေးထိုး စုရပ်များတွင် သွားရောက်ထိုးနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
လက်ရှိအချိန်တွင် လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များအပါအဝင် ကျန်းမာရေးဝန်ထမ်း ၈ သောင်းကျော်ကို ကိုဗစ်ကာ ကွယ်ဆေးထိုးပြီး ဖြစ်ကာ ပြည်သူလူထုကို ဖေဖော်ဝါရီလ ၅ ရက်တွင် စတင် ထိုးပေးမည်ဖြစ်ကြောင်း သိရသည်။
ေဖော်ဝါရီလ ၁ ရက်က တပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ လွှတ်တော်သုံးရပ်မှ ကိုယ်စားလှယ်များကို ဇန်နဝါရီလ၂၉ ရက်နှင့် ၃၀ ရက်တွင် ကာကွယ်ဆေးများ ထိုးပေးခဲ့ပြီးဖြစ်သည်။ လက်တလောတွင် အိန္ဒိယမှ ကိုဗစ်ကာကွယ်ဆေး ၁ သန်းခွဲ ရောက်ရှိထားပြီး ဖြစ်သည်။ သို့သော်လည်း ကာကွယ်ဆေးများကို ဖေဖော်ဝါရီလ ၄ ရက်တွင် ဒုတိယအသုတ် ပေးပို့ရန် စီစဉ်ထားသည့်တိုင် ရှောင်လွှဲ မရသည့် အကြောင်းရင်းများကြောင့် ဖေဖော်ဝါရီလ ၁၁ ရက်သို့ ရွှေ့ဆိုင်းထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ဖေဖော်ဝါရီလ ၂ ရက်က သတင်းထုတ်ပြန်ထားသည်။ ကိုဗစ်ဖြစ်ပွားနှုန်း ကျဆင်းနေသဖြင့် ကျန်းမာရေး ဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းအင်အား လျော့ကျသွားသော်လည်း ကာကွယ်ဆေးထိုးသည့် အစီအစဉ် အပါအဝင် ကိုဗစ်ထိန်းချုပ်ရေးမှာ စိုးရိမ်ရမည့် အခြေအနေမရှိသေးကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ဆိုသည်။ ဖေဖော်ဝါရီလ၂ ရက်မှ စတင်ပြီး ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် တပ်မတော် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် လက်ရှိတာဝန်များကို လုပ်ကိုင်ခြင်း မရှိသည့် Civil Disobedience လှုပ်ရှား မှုများ စတင်လာခဲ့ကြောင်း တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကျန်းမာရေး ဝန်ထမ်းများက ထုတ်ပြန်ထားသည်။ အဆိုပါ လှုပ်ရှားမှုကို အချိန်အကန့်အသတ်မရှိ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ခဲ့ကြ သည်။ လက်ရှိအခြေအနေတွင် ကိုဗစ်ဖြစ်ပွားမှုမှ ပြန်ကောင်းသူ ၉၀ ရာခိုင်နှုန်းရှိနေပြီး သေဆုံးသူမှာ ၂ ဒသမ ၂ ရာခိုင်နှုန်းရှိ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရသည်။ မတ်လ၂၃ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၄၀,၉၂၇ ဦး ရှိပြီဖြစ်ကာ သေဆုံးသူ ၃,၁၆၀ ဦးနှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၁၂၆,၃၈၄ ဦး ရှိပြီ ဖြစ်သည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။