သတင်း အောင်သက်ဝိုင်း/ရန်ကုန် ဧရာဝတီ | ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ ကို ယခု ၂၀၀၈ ခု နှစ်မှစပြီး ၀င်ခွင့် စာမေးပွဲစစ်ဆေး မည်ဆိုသော သတင်းများ ထွက်ပေါ် နေသောကြောင့် ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် ဝင်ခွင့်အတွက် လေ့ကျင့်သင် ကြားပေးသည့် ပုဂ္ဂလိကသင်တန်းကျောင်းများ အပြိုင်အဆိုင် ပေါ်ထွန်းလာကြောင်း ပညာရေး အသိုင်းအ၀န်းမှ သိရှိရသည်။
၂၀၀၈ ခုနှစ် မတ်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန် ခဲ့ပြီးနောက် ဆေး၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များ တက်ရောက်ရန်အတွက် ၀င်ခွင့်စာမေးပွဲများ ဖြေဆိုရန်လိုအပ် ကြောင်း ပညာရေး အသိုင်း အ၀န်းတွင် သတင်းထွက်ပေါ်လာသည့်အတွက် ယင်းသို့ ပုဂ္ဂလိက သင်တန်းကျောင်းများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
“အဲဒီ တက္ကသိုလ်တွေက အရင်တုန်းကလို ၁၀ တန်း အမှတ်ပေါင်းနဲ့ မခေါ်တော့ဘူးလို့ စစ်တပ်အရာရှိတွေနဲ့ ပတ်သက်တဲ့ အသိုင်းအ၀န်းက သတင်းတွေထွက်လာတယ်” ဟု ရန်ကုန်၊ ဆိပ်ကမ်းသာလမ်းတွင် တက္ကသိုလ်ဝင်ခွင့် သင်တန်းကျောင်း တည်ထောင်ထားသူ ရန်ကုန် တက္ကသိုလ် အငြိမ်းစားပါမောက္ခတဦးက ပြောသည်။
ထိုသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာချိန်မှစပြီး သတင်းစာများတွင် ဆေး၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ် ၀င်ခွင့်သင်တန်းကျောင်းကြော်ငြာများ ထည့်သွင်း လာသည့်အပြင် ၁၀ တန်းကျောင်းသားများ အမှတ်စာရင်းထုတ်ယူရာ ရန်ကုန် တက္ကသိုလ် (လှိုင်နယ်မြေ) အပါအ၀င် လှည်းတန်းလမ်းဆုံနှင့် ရန်ကုန်မြို့ထဲ အချက်အချာကျ ဆိပ်ကမ်းသာ လမ်းများတွင်ပါ လက်ကမ်းကြော်ငြာများ ဝေငှလာကြောင်း ရန်ကုန်အခြေစိုက် ပညာရေး အသိုင်းအ၀န်းမှ ကြားသိရသည်။
“၁၀ တန်း သိပံ္ပတွဲ ခြောက်ဘာသာ ရမှတ်စုစုပေါင်း ၃၀၀ ကျော်ရင် ဆေး၊ နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်တွေ လျှောက်လို့ရတယ်။ နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ် ၀င်ခွင့်အတွက် အင်္ဂလိပ်စာ ၆၀ နဲ့ သင်္ချာ ၇၀ ရရမယ်။ ဆေးတက္ကသိုလ် ၀င်ခွင့်အတွက် အင်္ဂလိပ်စာ ၆၀ နဲ့ ဘိုင်အို ၇၀ ရရင် ၀င်ခွင့်ဖြေလို့ရမယ် ဆိုပြီး သတင်း ထွက်လာတယ်” ဟု လှည်းတန်းလမ်းဆုံတွင် ၀င်ခွင့် သင်တန်းကျောင်း တည်ထောင်ထားသူ နာမည်ကြီး အင်္ဂလိပ်စာ ဆရာတဦးက ပြောသည်။
ယင်းကဲ့သို့ သတင်းထွက်ပေါ်ကာ ကြော်ငြာနေကြသော်လည်း ဆေးတက္ကသိုလ် ၀င်ခွင့် စာမေးပွဲအတွက် သင်တန်းကျောင်း ဖွင့်လှစ်ပြီး ကျောင်းသားများစွာ လက်ခံခဲ့သော လှည်းတန်းလမ်းဆုံမှ သင်တန်းနည်းပြ ဆရာတဦးကို အာဏာပိုင်များက ခေါ်ယူ သတိပေးပြီး ကျောင်းလခများ ပြန်လည်အမ်းစေခဲ့ကြောင်း ရန်ကုန် ပညာရေး အသိုင်းအ၀န်းမှ ကြားသိရသည်။
“လှည်းတန်းက သင်တန်းကျောင်း တကျောင်းမှာ ဆေးတက္ကသိုလ်ဝင်ခွင့် အတွက် ကျောင်းသားတယောက် ငွေတသိန်း နှုန်းနဲ့ ကျောင်းသား ရာဂဏန်း တော်တော်များများကို သင်နေတယ်လို့ သတင်းထွက်တော့ ကျန်းမာရေး ၀န်ကြီးဌာနက ခေါ်သတိပေးပြီး ကျောင်းသား တွေကို ပိုက်ဆံပြန်အမ်းခိုင်းတယ်” ဟု သြဂုတ် လဆန်းပိုင်းအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ် ကို ရန်ကုန်လှည်းတန်းလမ်းဆုံမှ သင်တန်းနည်းပြ ဆရာတဦးက ပြောပြသည်။
မြောက်ဥက္ကလာပမြို့နယ် ဆေးတက္ကသိုလ် ၂ မှ လက်ထောက်ကထိက တဦးကမူ ၀င်ခွင့် ဖြေဆိုရမည်ဆိုသော သတင်းမှာ ဖြစ်နိုင်ခြေများနေပြီး ယခုနှစ်တွင်မူ ၀င်ခွင့်ဖြေရသည့် စနစ် စတင်ခြင်း ရှိ၊ မရှိကို အတည်ပြုရန် ခက်ခဲကြောင်းနှင့် လာမည့် နှစ်အတွက်မူ ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
သို့ရာတွင် တချို့သော သင်တန်းကျောင်းများမှာ ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ဆက်လက် သင်ကြားမှုများ ပြုလုပ်နေဆဲ ဖြစ်ကြောင်း ရန်ကုန် ဆိပ်ကမ်းသာလမ်းမှ သင်တန်း ဆရာ တဦးက ဆိုသည်။
“ဆေးတက္ကသိုလ်ဝင်ခွင့်အတွက်တော့ တချို့သင်တန်းကျောင်းတွေ ဆက်သင်နေကြတယ်။ ဒါပေမယ့် ငွေအများကြီး မယူကြဘူး။ သာမန် အင်္ဂလိပ်စာ၊ ကွန်ပျူတာ သင်တန်း ပုံစံလေးနဲ့ပဲ သင်ကြတယ်။ အရမ်း ကြော်ငြာတာမျိုး မလုပ်ကြဘူး” ဟု အငြိမ်းစား အင်္ဂလိပ်စာ ကထိက တဦးကပြောပြသည်။
ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် သေချာမှု မရှိသော်လည်း နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များအတွက် ၀င်ခွင့်စာမေးပွဲ ဖြေဆိုရမည်ဆိုသော သတင်းမှာမူ သေချာသလောက်နီးပါး ဖြစ်နေကြောင်း နည်းပညာတက္ကသိုလ် ဆရာ ဟောင်းတဦးက ပြောသည်။
“သေချာဖို့များတယ်။ ကွန်ပျူတာတွေ၊ နည်းပညာတွေကတော့ အရင်ကလို အမှတ်နဲ့ ခေါ်မှာ မဟုတ်ဘူး။ ၀င်ခွင့်နဲ့ခေါ်မယ် ကြားတယ်။ တချို့ ရန်ကုန်နည်းပညာတက္ကသိုလ်က ပါမောက္ခ တွေတောင် ၀င်ခွင့်သင်တန်းတွေ လက်သိပ်ထိုးဖွင့်နေတယ်” ဟု ၎င်းကဆိုသည်။
ဆေး၊ နည်းပညာနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် ၀င်ခွင့်ဖြေဆိုရသည့်စနစ် အမှန်အကန်ပေါ်ထွန်းလာပါက ကျောင်းသား များအတွက် အလားအလာကောင်းမွန်ပြီး ၁၀ တန်းကို ဘ၀၏ အဆုံးသတ် ပန်းတိုင် အဖြစ်သတ်မှတ်ကာ ရေကုန်ရေခန်း ကြိုးစားနေရသော ကျောင်းသားများအတွက် ဖိအားလျော့ကျသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်မှ မြန်မာစာ ကထိက တဦးက သုံးသပ်သည်။
“ကြိုးစားရဲ့သားနဲ့ ခြေချော်လက်ချော်ဖြစ်ပြီး အမှတ်နည်းသွားတဲ့ ကလေးတွေအတွက် ၀ါသ နာပါတဲ့ ဘာသာရပ်ကို ၀င်ခွင့် ဖြေပြီး ပညာဆည်းပူးနိုင်မယ် ဆိုရင် အဲဒီဘာသာရပ် အတွက် ကော၊ သင်ယူရတဲ့ ကလေးအတွက်ရော ပိုပြီး အဓိပ္ပာယ်ရှိလာ သလို ဘာသာရပ်နဲ့ ပတ်သက် လို့ တီထွင်ဖန်တီးမှုတွေ အများကြီးရှိလာနိုင်တယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တွင် ဆေး၊ နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အတွက် ဖွင့်လှစ် သင်ကြားနေသည့် ပုဂ္ဂလိက သင်တန်းကျောင်း ၂၅ ခု နီးပါးရှိပြီး မန္တလေးတွင်မူ သင်တန်း ကျောင်း ၁၀ ခုကျော်ရှိနေပြီး သင်တန်းကြေး အနေဖြင့် ၀င်ခွင့် သင်တန်းတခုအတွက် ကျောင်းသား တဦးလျင် အနည်းဆုံး ငွေ ကျပ် ၂၅၀၀၀ မှ အများဆုံး ငွေကျပ် တသိန်းထိ ရှိကြောင်း စုံစမ်းသိရှိရသည်။
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။