သတင်း မဇ္ဈိမ | ရန်ကုန်။ ။ စစ်အစိုးရ စာပေစိစစ်ရေးဌာန အကြီးအကဲ၏ နှုတ်ထွက်လွှာကို ပြန်ကြားရေး ဝန်ကြီးက လက်မခံ ငြင်းပယ်လိုက်သည် ဟု ယင်းဌာနမှ တာဝန်ရှိသူတဦး၏ အဆိုအရ သိရပါသည်။

မြန်မာနိုင်တွင် ထုတ်ဝေသမျှ ပုံနှိပ်စာ မှန်သမျှကို စိစစ် ဖြတ်တောက်ရသည့် အလုပ်လုပ်ရသော အစိုးရ၏ စာပေစိစစ်ရေး ဌာန ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေသည် သူ၏နှုတ်ထွက်လွှာကို ဝန်ကြီးဌာနသို့ ဇူလိုင်လ ၃၁ ရက် ၂ဝဝ၈ ခုနှစ်က တင်သွင်းခဲ့သည်ဟု သိရသည်။ ပြန်ကြားရေး ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ယင်း၏ နှုတ်ထွက်လွှာကို လက်မခံဘဲ ငြင်းဆန်ခဲ့သည်။

ယင်းသို့ နှုတ်ထွက်လွှာ တင်သွင်းခဲ့ရသည့် အကြောင်းရင်း တရပ်မှာ လူပေါင်း ၁၃၈ဝဝဝ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည့် နာဂစ်ဆိုင်ကလုံး မုန်တိုင်းကြီး မေလအတွင်းက တိုက်ခတ်သွားပြီး ကတဲက ပြည်တွင်းရှိ အဓိက အပတ်စဉ်ထုတ် ဂျာနယ်များ၊ စာစောင်များသည် စာပေစိစစ်ရေး ဌာန၏ ညွှန်ကြားချက်များကို တမင်မလိုက်နာဘဲ ချိုးဖောက်ခဲ့သည်ကို တွေ့ခဲ့ရခြင်းကြောင့် ဖြစ်သည်။

ထင်ရှားသော အပတ်စဉ်ထုတ် ဂျာနယ်များ ဖြစ်သည့် ဆဲဗင်းဒေးနယူးစ်၊ နယူးစ်ဝေါ့ခ်ျ၊ ဖတ်စ်မြူးစစ် နှင့် အခြားစာစောင် ၁ ဒါဇင်ကျော်သည် စာပေစိစစ်ရေး၏ ညွှန်ကြားချက်များကို လိုက်နာပါမည်ဟု မကြာသေးမီက ကတိဝန်ခံချက် လက်မှတ်ရေးထိုးခဲ့ရကြောင်း အမည်မဖေါ်လိုသူ ဌာနဆိုင်ရာ တာဝန်ရှိသူတဦးက ပြောပါသည်။

“ဒါထုံးစံဘဲ။ ဒီနာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ ဆင်ဆာအဖွဲ့ရဲ့ ဆောင်ရန် ရှောင်ရန်တွေကို ချိုးဖောက်မိရင် ခုလိုဘဲ ဂျာနယ်တွေ ဝန်ခံချက် လက်မှတ် ထိုးရတာဘဲ။ ဒါပေမဲ့ ဆင်ဆာဘုတ်ရဲ့ ထုံးစံ စည်းကမ်းတွေကို မလိုက်နာဘဲ ဂျာနယ် အတော်များများက အာခံပြီး ချိုးဖောက်နေကြတာ” ဟု အဆိုပါ အရာရှိက ပြောသွားပါသည်။

အသက် ၄၄ နှစ်အရွယ်ရှိ ဗိုလ်မှူးတင့်ဆွေသည် ပြည်တွင်း ပုံနှိပ်မီဒီယာတွင် ယခုထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာစေလိုသည့် သဘောထားရှိသူ ဖြစ်ကြောင်း ဒေသခံ ပုံနှိပ်မီဒီယာ စာနယ်ဇင်းသမားများ ကြားတွင် သိရှိကြသည်။ သို့သော် ပြည်တွင်း နိုင်ငံရေး ထွက်ပေါက်မဲ့နေသည့် အခြေအနေကြောင့် သူ့တွင်လည်း အတားအဆီး အကန့်အသတ်များက ရှိနေပြန်သည်။

“ခင်ဗျားတို့ အစိုးရဌာနတွေ အကြောင်းရေးမယ် ဆိုရင် မှန်ဘို့လိုတယ်။ ရေးတဲ့နေရာမှာ ချဲ့ကားရေးတာဖြစ်ဖြစ်၊ နားလည်မှုလွဲအောင် ရေးတာဖြစ်ဖြစ် လုပ်လာရင် ပြဿနာ ရှိလာမှာဘဲ။ နိုင်ငံတော် ဒါမှမဟုတ် အမျိုးသား လူမှုဖူလှုံရေးနဲ့ ပတ်သက်ပြီး အပျက်သဘောပါတဲ့ သတင်းမျိုး ရေးလာရင် ကျနော်တို့ ခွင့်မပြုဘူး” ဟု ဗိုလ်မှူးတင့်ဆွေက ဒေသခံ စာနယ်ဇင်းသမားများကို တခါက ပြောဖူးပါသည်။

သူသည် အစိုးရထုတ် စာစောင်တခုဖြစ်သော စစ်ပညာဂျာနယ်၏ အယ်ဒီတာတဦး ဖြစ်ခဲ့ပြီး လက်ရှိရာထူးကို ၂ဝဝ၄ ခုနှစ် နှောင်းပိုင်းက စတင် ထမ်းရွက်ခဲ့သည်။ ယခင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ခေါင်းဆောင်သည့် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဖျက်သိမ်းခံရပြီးနောက် ယခင် စာပေစိစစ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးအေးထွန်းလည်း အငြိမ်းစား အပေးခံခဲ့ရသည်။

နောက်လူသစ်တဦး ပြောင်းလာလျှင် ယခုကတည်းက အကန့်အသတ် အများအပြား ရှိနေပြီးဖြစ်သော ပြည်တွင်းဂျာနယ်များ ထုတ်ဝေရေး လုပ်ငန်းတွင် နောက်ထပ် ဖိနှိပ်ရေး အစီအစဉ်သစ်များ ထပ်ထွက်လာမည်ကို ဒေသခံ မီဒီယာ အသိုင်းအဝိုင်းက စိုးရိမ်နေကြသည်ဟု ရန်ကုန် အခြေစိုက် အယ်ဒီတာတဦးက ပြောပါသည်။

ယခုအခါ ပြည်တွင်းတွင် စာနယ်ဇင်း ၁၇ဝ ခန့် ထုတ်ဝေလျက်ရှိပြီး၊ ယင်းတို့ထဲမှ ၁၂ဝ ခန့်မှာ အပတ်စဉ်ထုတ် ဂျာနယ်များ ဖြစ်သည်။

ဆင်ဆာအဖွဲ့၏ စိစစ်ဖြတ်တောက်နိုင်စွမ်းသည် ပြည်တွင်း ထုတ်ဝေရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်လာမှု နှင့်နှိုင်းယှဉ်လျှင် နောက်ကျ ကျန်နေခဲ့သည်ဟု ဂျာနယ် ထုတ်ဝေသူ အများစုက ပြောကြားကြပါသည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။