သတင်း နန်းဒေဝီ မဇ္ဈိမ | နယူးဒေလီ။ ။ နအဖ စာပေစိစစ်ရေး ဌာနမှ ဆင်ဆာစိစစ်မှု နှောင့်နှေးသဖြင့် သြဂုတ်လထုတ် ချယ်ရီမဂ္ဂဇင်းအား စက်တင်ဘာလထုတ်အဖြစ် လအမည်ပြောင်းကာ ယနေ့တွင် စတင် ထုတ်ဝေလိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လနှောင်းပိုင်းတွင် ထုတ်ဝေမည့် ၂၄ နှစ်မြောက် နှစ်လည်မဂ္ဂဇင်း (သြဂုတ်လ) အတွက် ကဗျာ ၁၆ ပုဒ်တွင် ၅ ပုဒ်သာ နအဖ စာပေစိစစ်ရေးက ခွင့်ပြုရာတွင် ရက်သတ္တပတ် ၂ ပတ်ကြာ အချိန်ယူခဲ့သဖြင့် ထုတ်ဝေမှု နောက်ကျသောကြောင့် ယနေ့တွင် စက်တင်ဘာလထုတ် အဖြစ် အမည်ခံကာ ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။
“ပုံမှန်တင်ရင် တပတ်ပဲ ကြာတယ်။ ကဗျာတွေက ၁၆ ပုဒ်တင်တာ ၄ ပုဒ်ပဲ ကျတယ်။ လတိုင်း မဂ္ဂဇင်းမှာ ၇ ပုဒ် သုံးနေကျဆိုတော့ ထပ်တင်တယ်၊ နောက်ထပ် တပုဒ် ထပ်ကျတယ်။ အဲဒါကို ၂ ပတ်ကျော်လောက်ကြာတော့ အမြဲတန်းဆို လကုန်ခါနီး ရက် ၂ဝ ဆို ဖြန့်နေကျ။ မမှီတော့ဘူးဆိုတော့ နောက်လအတွက် လ ပြောင်း ထုတ်တယ်” ဟု ချယ်ရီ မဂ္ဂဇင်းတိုက်နှင့် နီးစပ်သည့် အမည်မဖော်လိုသူ ဝါရင့် မဂ္ဂဇင်း အယ်ဒီတာတဦးက ပြောသည်။
သူက ဆက်ပြီး “နှစ်လည် အထူးထုတ်ဆိုတော့ သေချာလုပ်ထားကြတာ။ အဲဒီထဲက အပုဒ်လိုက် ဖြုတ်လိုက်တာတွေ ရှိသလို၊ အပုဒ်လိုက်က တခုကို စာမျက်နှာ ၂ဝ လောက်ရှိတယ်။ စာပိုဒ်လိုက် ဖြုတ်လိုက်တာတွေကလည်း အများကြီးပဲ” ဟု ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးဌာနမှ စိစစ်ရေးမှူးသည် ခွင့်ယူထားသလို စာဖတ်မှူးများ အနေနှင့်လည်း ယခုအပတ်အတွင်း တင်ထားသည့် မဂ္ဂဇင်းများဖတ်ရန် များသည့် အတွက်ကြောင့် ကြန့်ကြာသွားခြင်း ဖြစ်သည်ဟု ဌာန တာဝန်ရှိသူများက အကြောင်းပြခဲ့ကြောင်း သိရသည်။
သို့သော် ဝါရင့် အယ်ဒီတာတဦးကမူ “ဇွန်လထုတ် ‘ဒီပရင်္ဂ’ ကဗျာကြောင့် အခုလို တင်းကျပ်ပြီးတော့ စိစစ်လိုက်တာပါ။ တကယ်တော့ အဲဒီ အကြောင်းပြချက်က မခိုင်လုံပါဘူး။ မဂ္ဂဇင်းတိုက်တိုင်းက သူတို့ ပြောတဲ့အတိုင်း တင်ရတာပဲ” ဟု ပြောသည်။
မဂ္ဂဇင်း ထုတ်ဝေသူများအနေနှင့် စာပေစိစစ်ရေး၏ ဆိုးရွားစွာ ဆင်ဆာ ဖြတ်တောက်မှုကို ရှောင်ရှားရန် ပုံမှန်ထုတ်ဝေသည့် မဂ္ဂဇင်းစာမျက်နှာ အရေအတွက်ထက် များသည့် စာမျက်နှာပေါင်း ၂၇ဝ ကျော်တင်ထား ရကြောင်းနှင့် သို့မှသာ စာမျက်နှာ မပြည့်သည့် ပြဿနာကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ရန်ကုန် စာနယ်ဇင်း အသိုင်းအဝိုင်းက ဆိုသည်။
၁၉၈၄ ခုနှစ် သြဂုတ်လတွင် စတင်ထုတ်ဝေခဲ့ပြီး ယခုလတွင် ၂၄ နှစ်မြောက်အဖြစ် အထူးထုတ်သည့် ချယ်ရီကို ယနေ့တွင် ဖြန့်ချိလိုက်သော်လည်း နှောင့်နှေးခဲ့သဖြင့် အားပေးသည့် ပရိသတ်နှင့် ခေတ္တမျှ အဆက်ပြတ် သွားကာ စီးပွားရေးအရလည်း ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။