သတင်း ဖနိဒါ မဇ္ဈိမ | ချင်းမိုင်။ ။ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီပုနှင့် ပန်းတနော်မြို့နယ် အန်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်မင်းထွဋ်တို့အား ယနေ့ နံနက်ပိုင်းတွင် အာဏာပိုင်များက နေအိမ်များသို့ လာရောက် ဖမ်းဆီးသွားသည်။

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ အန်အယ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီပုနှင့် ဗဟန်းမြို့နယ်ရှိ ဧရာဝတီတိုင်း ပန်းတနော် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်မင်းထွဋ်တို့အား ယနေ့ နံနက် ၃ နာရီခန့်တွင် အရပ်ဝတ် အထူး ရဲသတင်းတပ်ဖွဲ့ (SB) ယူဆရသူ ၈ ဦးက မေးမြန်းစရာ ရှိသည်ဟု ဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

“ဒီနေ့မနက် ၃ နာရီခွဲလောက်မှာ သူနေတဲ့ ၄၂ လမ်း တိုက်ခန်းကို ရိုးရိုးဝတ်စုံ အရပ်သားပုံစံနဲ့ လူတွေ ၈ ယောက်ရောက်လာပြီးတော့ ခေါ်သွားတယ်။ အတူနေတဲ့ လူက ကျနော့်ကို ဖုန်းဆက် အကြောင်းကြားတယ်။ မင်းတို့ ဥက္ကဋ္ဌကို ခဏ လိုက်ခဲ့ရန်ဆိုပြီး ခေါ်သွားတယ်” ဟု ရခိုင်ပြည်နယ် (အန်အယ်ဒီ) တွဲဘက် အတွင်းရေးမှူး ဦးသိန်းလှိုင်က ပြောသည်။

ဦးညီပုအား လာရောက်ဖမ်းဆီးရာတွင် ပါတီနှင့်သက်ဆိုင်ရာ စာရွက်စာတမ်များနှင့် လက်ကိုင်ဖုန်းတလုံးကို သိမ်းယူသွားသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်က ပြည်နယ် ကော်မတီဝင်များ ညှိနိုင်းတိုင်ပင်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းအား ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပယ်ဖျက်ပေးရန်နှင့် မေလ ဆန္ဒခံယူပွဲကို အသိအမှတ် မပြုရန် အစီရင်ခံစာ ရေးသားတင်ပြခဲ့ခြင်းနှင့် ရခိုင်ပြည်နယ်တွင် လူထုလှုပ်ရှားမှုများ ရှိနေသည့်အပေါ် ကြိုးကိုင်သည်ဟု ယူဆကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဦးသိန်းလှိုင်က သူ့ထင်မြင်ချက်ကို ပြောသည်။

“ဘန်ကီမွန်းကို အစီရင်ခံစာတင်တဲ့အပေါ် အာဃာတ ထားတာရယ်၊ နောက် လက်ရှိ ရခိုင်ပြည်နယ်မှာ လှုပ်ရှားမှုတွေ များနေတဲ့ အပေါ်မှာ သံသယရှိတယ်ပေါ့။ နောက်တချက်မှာလည်း သူတို့က ခေါ်ယူမေးမြန်းတာလည်း ဖြစ်နိုင်ပါတယ်လေ” ဟု ပြည်နယ် အတွင်းရေးမှူး ဦးသိန်းလှိုင်က ပြောသည်။

အန်အယ်ဒီ (ဗဟို) မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ဒေါက်တာတင်မင်းထွဋ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး “ကျနော်တို့က သူ့က ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ် တောင်ကုတ်တွင် လမ်းလျှောက် ချီတက်ခဲ့သည့် ၄၈ ဦးအနက် လူငယ် ၅ ဦးအား မိသားစုများမှ မည့်သည့်နေရာတွင် ထားရှိကြောင်း ယမန်နေ့က မေးမြန်းကြည့်ရာ မြို့နယ် အေးချမ်းသာယာရေး ကောင်စီ (မယက) က စစ်တပ်တွင် ထားရှိသည်ဟုသာ ဖြေဆိုခဲ့သည်။

ထို့အပြင် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သည့် အန်အယ်ဒီ ရခိုင်ပြည်နယ် အတွင်းရေးမှူး ဦးခင်လှနှင့် ဘဏ္ဍရေးမှူး ကိုမင်းအောင်တို့ကိုလည်း ထောင်ဒဏ် ၄ နှစ်နှင့် ၂ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့သည်။

အလားတူ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဦးမြင့်အေးအား သြဂုတ်လ ၈ ရက်နေ့နှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ကိုမျိုးမင်းအား သြဂုတ်လ ၆ ရက်နေ့တွင် ကြည့်မြင်တိုင်နေအိမ်မှ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ဦးဥာဏ်ဝင်းက “ကျနော်တို့ အန်အယ်ဒီကို မကြာခဏ ဖမ်းဆီးတာတွေ ပြန်လွှတ်ပေးတာတွေက မကြာခဏ လုပ်နေကျပါ။ ဒီလို ကျနော်တို့အဖွဲ့တွေကို ဖမ်းဆီးနေတာတွေက ကျနော်တို့ အန်အယ်ဒီကို ဖိနှိပ်နေတယ်လို့ပဲ ပြောချင်တယ်” ဟု ပြောသည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။