ခင်နှင်းလွင် | ရန်ကုန်မြို့တွင် လွန်ခဲ့သည့် သီတင်းပတ်မှ စတင်ကာ အင်တာနက်မှာ လူသုံးများသည့် မနက် ၈နာရီမှ ည၁၂နာရီအတွင်း ကွန်နက်ရှင်များ နှေးကွေးနေပြီး အီးမေးလ်၊ ဖေ့စ်ဘွတ်များ သုံးမရပဲ ညသန်းကောင်မှ နံနက်ခင်း ၈နာရီ မထိုးမီထိသာ အဆင်ပြေပြေ သုံးစွဲနိုင်သည့် အခြေအနေဖြစ်နေသည်။

`အဓိက မရတာက ဂျီမေးလ်နဲ့ ဖေ့စ်ဘွတ်ပေါ့။ တခြားဝဘ်ဆိုဒ်တွေရတယ်။ တဖြည်းဖြည်းနဲ့ တက်တယ်။ မေးလ်နဲ့ ဖေ့စ်ဘွတ်ကတော့ လူသုံးများတဲ့ နေ့ခင်းပိုင်းတွေ လုံးဝမရဘူး။ ´လို့ အင်တာနက်သုံးစွဲသူတစ်ဦးက ပြောသည်။

အင်တာနက် ကွန်နက်ရှင် မရမှုတွေကြောင့် အင်တာနက် ဆိုင်များတွင်လည်း လာရောက် သုံးစွဲသူများ မရှိသဖြင့် ပိတ်ထားရသည့် ဆိုင်များလည်း ရှိသည်။

တနင်္လာနေ့ထုတ် အင်တာနက် ဂျာနယ်တွင် ရတနာပုံ တယ်လီပို့ တိုက်ခိုက် ခံနေရသဖြင့် တိုက်ခိုက် မခံရအောင် ကြိုးစား ကာကွယ် နေကြောင်းနှင့် တိုက်ခိုက်သူများမှာ ပြည်တွင်း ပြည်ပမှ ဖြစ်သည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန် ရှိသူ တဦးက ပြောသည်ဟု ရေးသား ထားသော်လည်း အခြား ရှင်းလင်း တိကျသည့် သတင်း အချက်အလက်များ ဖေါ်ပြပါရှိခြင်း မတွေ့ရပေ။

အင်တာနက် ကွန်နက်ရှင် နှေးကွေးမှုကြောင့် အင်တာနက်ကိုသုံးပြီး ဆက်သွယ် လုပ်ကိုင် နေရသူများမှာ အခက်အခဲများ တွေ့ကာ အချိန် ကြံ့ကြာမှုများ ရှိနေသည်ဟု သိရသည်။ ပြည်ပရောက် မိသားစုဝင်များနှင့် ဆက်သွယ်ရာတွင် အသုံးအများဆုံး ဖြစ်သည့် ဗီအိုအိုင်ပီ ဖုန်း ၀န်ဆောင်မှုများ ရပ်တန့် နေသည်ကို တွေ့ရသည်။

ယခုကဲ့သို့ အင်တာနက် ဆက်သွယ်မှု နှေးကွေးရခြင်းမှာ အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လူထု အုံကြွမှုများနှင့် ပတ်သက်ပြီး ပြည်တွင်းမှ လူငယ်များ၊ နိုင်ငံရေး စိတ်ဝင်စားသူများအကြား မပြန့်နှံ့နိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့မှ သတင်းအယ်ဒီတာတဦးက ကောက်ချက်ချသည်။ အထူးသဖြင့် ဖေ့စ်ဘွတ်မှ တဆင့် နိုင်ငံရေးနှင့် ပတ်သက်ပြီး လှုံ့ဆော်မှုများ လုပ်ဆောင် လာမည်ကို စစ်အစိုးရက စိုးရိမ်လျက်ရှိသည့် အတွက်ယခုလို မေးလ်နှင့် ဖေ့စ်ဘွတ်ကို ပိတ်ထားခြင်း ဖြစ်နိုင်သည်ဟုလည်း အဆိုပါ အယ်ဒီတာက သုံးသပ်သည်။

ထိုသို့ အများသုံး အင်တာနက် ဆိုင်များနှင့် ပုဂ္ဂလိက အင်တာနက် သုံးစွဲသူများအတွက် ၀န်ဆောင်သည့် အင်တာနက် အဆက်အသွယ် နှေးကွေးမှု ခက်ခဲနေသော်လည်း ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနတစ်ခု၏ ရုံးတွင်မူ ဌာနဆိုင်ရာ အရာရှိများ ရုံးကိစ္စအတွက် သုံးရန်သီးသန့်စီစဉ် ထားရှိသည့် အင်တာနက်လိုင်းတွင် လုံးဝပြတ်တောက် နှေးကွေးခြင်း မရှိသလို ဂျီမေးလ် ၊ ဂျီတော့ခ နှင့် ဖေ့စ်ဘွတ် ၀က်ဆိုက် အားလုံး အလွယ်တကူ ၀င်ရောက်နိုင်သည်ဟု အဆိုပါ ဋ္ဌာနမှ ၀န်ထမ်းတဦးကပြောသည်။

“ရုရှားပြန်တွေ အင်တာနက်ကို ကလိနေတယ် ကြားတယ်။သူတို့ အဓိကက အီးမေးလ်ကို ထိန်းချုပ်ချင်ပုံ ရတယ်” လို့ ထိုလူက ပြောပြသည်။ မြန်မာ့ ဆက်သွယ်ရေးမှ ချပေးသော ငါးသိန်းတန် အင်တာနက်လိုင်းမှာ နှေးသော်လည်း အလုပ်ဖြစ်တဲ့ အထိ လောက်တော့ အင်တာနက် သုံးစွဲနိုင်သည်။ မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲမှုကို အစိုးရမှ တတ်နိုင်သရွှေ့ ထိန်းချုပ်ရန် ကြိုးစားနေပြီး ပြည်ပရောက် အဖွဲ့အစည်းများ နှင့်ဆက်သွယ်သည့် နိုင်ငံရေးသမားများကို အီလက်ထရောနစ် အက်ဥပဒေနှင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

source by : မိုးမခ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။