မိုးမခ အထောက်တော် | အခြေခံပညာ အထက်တန်း စာမေးပွဲ စတင်ပြီး ဒုတိယနေ့ ဖြစ်သည့် မတ်လ ၈ ရက်နေ့ တစ်နေ့လုံး မော်လမြိုင်မြို့တွင် လျှပ်စစ်မီး ပျက်နေသဖြင့် ည ၁၀ နာရီခွဲ ၀န်းကျင်တွင် မြို့အား လျှပ်စစ် ဓါတ်အား ဖြန့်ဖြူး ပေးသည့် ငန်းတေးမီးစက်နှင့် မြို့တွင်းရှိ မြို့နယ် လျှပ်စစ်ရုံးတို့အား ဆိုင်ကယ်စီး တက္ကသိုလ် ကျောင်းသား ၃၀ ကျော်တို့က ခဲဖြင့်ပစ်ပေါက်သည့် အဖြစ်အပျက် ဖြစ်ပွားခဲ့သည်။
မော်လမြိုင်မြို့ ဈေးကြီးရပ်ရှိ လျှပ်စစ် ရုံးရှေ့တွင် နေထိုင်သူ တဦးက ``မြို့မှာ ညဦးပိုင်း မီးပျက်တာ သီတင်းပတ် နဲ့ကြာနေပြီ၊ မနေ့ကတော့ မနက် ကတည်းက မီးပျက်သွားလိုက်တာ ည ၇နာရီလည်း မလာ၊ ၈နာရီလည်း မလာနဲ့ ၁၀ တန်းတွေ စာမေးပွဲကလည်း ရှိတော့ မီးပျက်တာကို အကြောင်းပြုပြီး ကျောင်းသားတွေ ဆိုင်ကယ်နဲ့ လာပြီးခဲနဲ့ ပေါက်ကြတာပဲ။ ဆိုင်းဘုတ်တွေ ပျက်စီးတာ လောက်ပဲ တွေ့တယ်´´ဟုပြောသည်။

ခဲဖြင့် လာရောက် ပစ်ပေါက်ကြသူများမှာ တောင်ဝိုင်းရပ် မော်လမြိုင် တက္ကသိုလ်မှ ကျောင်းသား အများစု ဖြစ်သည် ဟုလည်း သိရပြီး လာရောက် ပစ်ပေါက်ချိန်တွင် မည့်သည့်လုံခြုံရေး အဖွဲ့ဝင်မှ တားမြစ်ခြင်း မရှိခဲ့ဟု သိရသည်။ ထိုသို့ ပစ်ပေါက်ပြီး အတန်ကြာမှ တက္ကသိုလ်ဝင်း အနီး ကျောင်းသားများ ဆိုင်ကယ်ဖြင့် စုရုံးရာ နေရာသို့ စစ်ဆေး မေးမြန်းရန် သွားရောက် သော်လည်း ကျောင်းသား အင်အားများ သဖြင့် ထိပ်တိုက် ရင်မဆိုင်တော့ပဲ လုံခြုံရေး အဖွဲ့ဝင်များ ပြန်လှည့်ပြန် ခဲ့ကြသည်ဟုလည်း မော်လမြိုင်မြို့ခံ တဦးက ပြောသည်။
မော်လမြိုင်မြို့အား ရန်ကုန်မှ တဆင့် သွယ်တန်း ထားသည့် ဓါတ်အားလိုင်း၊ ငန်းတေးစက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားတို့ဖြင့် ဖြန့်ဝေပေးလျက် ရှိပြီး ယခုနှစ်မှာ နှိုင်းယှဉ်ချက်အားဖြင့် လျှပ်စစ်မီး ပိုမိုရရှိသည့် နှစ်တနှစ်ဟု ဆိုနိုင်သည်ဟု မြို့ခံများ၏ ပြောဆိုချက် အရ သိရှိရသည်။ ယခင်နှစ်များက ဆိုလျင် လျှပ်စစ်မီးကို တနေ့လျင် ၄နာရီ ၆နာရီထက် ပိုမရရှိခဲ့ကြဟုလည်း မြို့ခံများက ပြောသည်။
ယမန်နေ့က အဖြစ်အပျက် ဖြစ်ပွားစဉ် မြို့နယ်လျှပ်စစ်ရုံး ၀င်းအတွင်း နေထိုင်သည့် အင်ဂျင်နီယာ ဖြစ်သူမှာ အန္တရာယ်ပြုမည်ကို စိုးရိမ်သဖြင့် နေအိမ်မီးကိုပိတ်ပြီး ကားဖြင့် အပြင်သို့ထွက်သွားခဲ့သည်ဟု အဆိုပါအိမ်အနီး နေထိုင်သည့် မြို့ခံတဦး၏ ပြောဆိုချက်အရ သိရသည်။
ယမန် နှစ်ကလည်း ယခုလို ဆယ်တန်းစာမေးပွဲ ဖြေဆိုချိန်တွင် လျှပ်စစ်မီးပျက်သဖြင့် လျှပ်စစ်ရုံးအား ခဲဖြင့် ပစ်ပေါက်သည့် အဖြစ် ဖြစ်ပွားခဲ့ပြီး ယခုနှစ် ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။
source by : မိုးမခ

Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။