ရန်ပိုင် | ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်ဂန်ဘာရီ ကို ဆူဒန်နိုင်ငံ ဒါဖာအရေး ဖြေရှင်းရန်အတွက် ပြောင်းလဲ တာဝန်ပေး လိုက်ကြောင်း ကုလသမဂ္ဂက ပြောသည်။


ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဂျပန် နိုင်ငံခြားရေး ၀န်ကြီးနှင့် တွေ့ဆုံ ဆွေးနွေးနေသော မစ္စတာ ဂန်ဘာရီကို တွေ့ရစဉ် (Photo: Getty Images)
“အာဖရိကတိုက် ဆူဒန်နိုင်ငံ ဒါဖာဒေသ အရေးအတွက် အာဖရိက သမဂ္ဂနဲ့ ကုလသမဂ္ဂ ပူးတွဲညှိနှိုင်း ဆောင်ရွက်ရေး ဌာန (UNAMID) ပူးတွဲ ကိုယ်စားလှယ် အဖြစ် ခန့်အပ် လိုက်တာပါ၊ လာမယ့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ စတင် တာဝန် ထမ်းဆောင်မယ်”ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရုံးမှ ပြောရေးဆိုခွင့် ရှိသူ မာရီ အိုကာဘီ (Marie Okabe ) ကပြောသည်။

မစ္စတာ ဂန်ဘာရီ၏ မြန်မာ့ အရေး ကိစ္စ ဆောင်ရွက်ချက်များကို တခြားသော ကုလသမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား၏ ပြတ်သားသော လုပ်ဆောင် ချက်များနှင့် နှိုင်းယှဉ် ကြည့်လျှင် ၎င်းသည် မိမိကိုယ်ကို မထိခိုက်စေရန် လုပ်ဆောင်နေသူ၊ ယုံကြည်ချက်ကို ပြတ်သားစွာ မလုပ်ဆောင်သူဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြန်ကြားရေး တာဝန်ခံ ဦးခင်မောင်ဆွေက ပြောသည်

“မြန်မာ့ အရေးကိုတော့ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်တာ မတွေ့ရဘူး၊ သူပြောင်းပြီး နောက်တယောက် လာမယ်ဆိုရင် ကြိုဆို တယ်၊ သူ့ကိုတော့ သိပ်မဆက်ဆံချင်ဘူး၊ မြန်မာ့ အရေးကို ကုလသမဂ္ဂမှာ ပြန်တင်ပြတဲ့ အခါ အကုန် မတင်ပြဘူးလို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေး အတွင်း မစ္စတာဂန်ဘာရီ လာရောက် ခဲ့သော်လည်း မြန်မာ့ အရေးကို အောင်မြင်စွာ မဆောင်ရွက် နိုင်ခဲ့ကြသည့် ယခင် ကုလသမဂ္ဂ ကိုယ်စားလှယ်များကဲ့သို့ ၎င်းအပေါ်တွင် သံဃာတော်များ အနေဖြင့် ယုံကြည်ကိုးစားမှု မရှိကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့ တပ်ပေါင်းစု နိုင်ငံခြားရေး တာဝန်ခံ ဆရာတော် အရှင်ဣဿရိယက မိန့်ကြားသည်။

“တော်လှန်ရေး အချိန်ကာလ အတွင်းမှာ လာတယ် ဆိုပေမယ့် သံဃာတွေကို ဖမ်းဆီးနေတာ၊ သတ်ဖြတ် ရိုက်နှက်နေတာတွေကို အဲ့သည့်ကာလတုန်းက ဘာမှ လုပ်ပေးနိုင်တာမရှိဘူး”ဟု မစ္စတာ ဂန်ဘာရီနှင့် ပတ်သက်၍ ဆရာတော်ကမိန့်သည်။

မစ္စတာ ဂန်ဘာရီသည် အကျပ်အတည်း ဖြစ်ပေါ်နေသည့် မြန်မာ့ နိုင်ငံရေးတွင် ကုလသမဂ္ဂ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက် ခဲ့သော်လည်း စစ်အစိုးရနှင့် ဒီမိုကရေစီ လိုလားသူများအကြားတွင် တွေ့ဆုံ ဆွေးနွေးမှုများ ဖြစ်ပေါ်စေရန် အတွက် မဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ အထူးသဖြင့် သဘောထား တင်းမာသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် မစည်းရုံးနိုင်ခဲ့သူ တဦး ဖြစ်ကြောင်း ၀ါရင့် နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက ပြောသည်။

“မစ္စတာ ဂန်ဘာရီက မြန်မာပြည် ကိစ္စ အတွက် သံတမန်လို့သာ ပြောရတယ်၊ အောင်မြင်တဲ့ သံတမန် တယောက် တော့မဟုတ်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ နိုင်အောင်မှ မလုပ်နိုင်တာ”ဟု ၎င်းကဆို သည်။

မစ္စတာ ဂန်ဘာရီသည် သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင် တော်လှန်ရေး ကာလ အတွင်းက မြန်မာနိုင်ငံသို့ လာရောက် ခဲ့သော်လည်း စစ်အစိုးရအား မည်သည့် ပြောင်းလဲမှုမျှ ဖြစ်ပေါ်ရန် မပြုလုပ်နိုင်ခဲ့ ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အရေးကိစ္စကို ဆက်လက် ဆောင်ရွက်ရန် တာဝန်ပေးလျှင်လည်း တစုံတရာ တိုးတက်မှု ရရှိလိမ့်မည် မထင်သည့်အတွက် ယခုကဲ့သို့ အာဖရိက တိုက် ဆူဒန်နိုင်ငံ ဒါဖာအရေးအတွက် ကိုင်တွယ် ဖြေရှင်းရန် ပြောင်းလဲတာဝန်ပေးခြင်း ဖြစ်မည်ဟုထင်ကြောင်း သခင်ချန်ထွန်းက သုံးသပ်သည်။

မစ္စတာ ဂန်ဘာရီသည် မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် တာဝန်ယူထားစဉ် ၂၀၀၆ ခုနှစ် တွင် နှစ်ကြိမ် သွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် အဖြစ် ၆ ကြိမ် သွားရောက် ခဲ့သည်။ နောက်ဆုံး လာရောက်သည့် ခရီးစဉ်သည် ပြီးခဲ့သည့် ဇွန်လ အတွင်းက ဖြစ်သည်။

source by : ဧရာဝတီ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။