ရဲရင့် | ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ကိုယ်စားလှယ်၏ ပြောဆိုချက်များသည် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအပေါ် မှားယွင်းသည့် တဖက်သတ် စွပ်စွဲချက်ဖြစ်သောကြောင့် ကန့်ကွက်ကြောင်း မဒတ က ယနေ့ကြေညာချက်ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၂၆) ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် UNODC ကိုယ်စားလှယ် Mr Gary Lewis က “နအဖ စစ်အစိုးရ၏ ဖြိုခွဲမှုကို စိုးရိမ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များမှာ မူးယစ် ဆေးဝါးများကို တရားမ၀င်ရောင်းချပြီး ၀င်ငွေများတိုးမြင့် ရှာဖွေနေကြတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနဲ့ သူတို့ရဲ့ နယ်မြေတွေကို ထိန်းသိမ်း ရပ်တည် နေကြတယ်” ဟု ပြောကြားခဲ့သည်။

ယခုကဲ့သို့ ပြောဆိုခြင်းသည် မျှတမှုကင်းပြီး နအဖ စစ်အုပ်စုက တိုင်းရင်းသား အဖွဲ့အစည်းများ အပေါ် စစ်ရေးအရ ချေမှုန်းရန် ထောက်ခံ အားပေးရာ ရောက်သည်ဟု အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော်က ပြောသည်။

“သတင်းစာ ရှင်းလင်းပွဲမှာ သူစွပ်စွဲ ပြောဆိုသွားတဲ့ အချက်ဟာ အခုနောက်ဆုံး ထုတ်ပြန်တဲ့ UNODC ရဲ့ အစီရင်ခံ စာထဲမှာ မပါဘူး။ ဒါက နိုင်ငံတကာကိုလည်း အထင်လွဲစရာတွေ အများကြီးဖြစ်စေတယ်။ တိုင်းရင်းသား အဖွဲ့တွေဟာ မူးယစ်ဆေးဝါးတခုတည်း အပေါ်မှာပဲ မီခိုနေရတယ်ဆိုတာက အင်မတန် မှားယွင်းတဲ့ ကိစ္စတွေ ဖြစ်တယ်။ ကျနော် တို့ကိုတော့ ထောက်ပြပြီး နအဖလုပ်တဲ့ ကိစ္စကိုတော့ ဘာမှ ထောက်ပြတာ မရှိဘူး။ မူးယစ်ဆေး တိုက်ဖျက်ရေးကို တကယ်မှန်မှန်ကန်ကန် လုပ်ချင်တယ်ဆိုရင် ဘက်ပေါင်းစုံ ထောက်ပြဖို့ လိုပါတယ်” ဟု ပြောသည်။

ကိုးကန့် အဖွဲ့ကို နအဖ တိုက်ခိုက်ပြီးသည့် နောက်ပိုင်း အခြား တိုင်းရင်းသား အဖွဲ့များကို စစ်ရေး အရ တိုက်ခိုက် လိုသည့် အတွက် မူးယစ်ဆေး ရောင်းဝယ်မှုများကို တဖက်လှည့်ဖြင့် ခွင့်ပြုမှုများရှိပြီး ကိုးကန့် ပြဿနာ နောက်ပိုင်း အရေအတွက် များပြားသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းသည် အာဏာပိုင်များ ပါဝင် ပတ်သက်ခြင်း မရှိပါက နယ်ခြားကို ဖြတ်လာရန် အကြောင်း မရှိသည်ကို UNODC အနေဖြင့် အထူး စုံစမ်း လေ့လာ သင့်သည် ဟုလည်း တိုက်တွန်းထားသည်။

မဒတ အဖွဲ့ဝင် ကရင် အမျိုးသား အစည်းအရုံး ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင်က “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ သူတို့ရဲ့အမျိုးသားနဲ့ ပြည်သူတွေအပေါ် မှီခိုပြီးတော့ အမျိုးသားရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေတာဖြစ်တယ်။ ကေအန်ယူ ဆိုရင် နှစ်ပေါင်း (၆၀) ကျော်ပြီ ဘယ်အကူအညီမှ မရရှိခဲ့ဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခဲ့ပြီး စစ်အာဏာရှင်ကို တိုက်ပွဲဝင် ခဲ့တာဖြစ်တယ်။ မဒတအဖွဲ့ဝင် (၈) ဖွဲ့ကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ အချိန်မရွေး လာရောက်စစ်ဆေးနိုင်တယ်” ဟု ပြောသည်။

နအဖနှင့်အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ မူးယစ်ဆေးဝါးနှင့် ပါဝင် ပတ်သက်မှု အနေအထားများ အပေါ် တစုံတရာ မှတ်ချက်ပေးရန် မဒတက ဖြေကြားရန် ငြင်းပယ်ခဲ့သည်။

မဒတကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၁၁) ဖွဲ့ဖြင့် ၁၉၇၆ ခုနှစ် မေလ (၁၀) ရက်နေ့က မာနယ်ပလောတွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် အချို့ နအဖနှင့် အပစ်ရပ်စဲခဲ့ကာ လက်ရှိတွင် ရခိုင်၊ ချင်း၊ ကရင်၊ လားဟူ၊ မွန်၊ ပအိုဝ့်၊ ပလောင်၊ ‘၀’ စသည့်အဖွဲ့များက လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိသည်။

source by : ခေတ်ပြိုင်

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။