ခိုင်လင်း | ယနေ့ ကျရောက်သည့် ၎င်း၏ အသက် (၉ဝ) ပြည့်မွေးနေ့ အမှာ စကား ပြောကြားရာတွင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက တပ်မတော်သားများ အနေဖြင့် ပြည်သူကို ရန်သူလို သဘောမထားရန် ထည့်သွင်း ပြောကြား ခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ မြန်မာ့ တပ်မတော်ကို တည်ထောင် ခဲ့သည့် ရဲဘော် သုံးကျိပ်ဝင် တဦးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက “ပြည်သူသာ အမိ၊ ပြည်သူသာ အဖပါ။ ပြည်သူ့ မျက်နှာပဲ ကြည့်ပါ။ ပြည်သူကို ရန်သူလို သဘော မထားကြပါနဲ့လို့ မှာကြား လိုပါတယ်” ဟုလည်း နအဖ တပ်မတော် သားများကို ပြောကြားသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် နယ်ချဲ့ အင်္ဂလိပ်အား တော်လှန်ရေး အတွက် စစ်ပညာ သင်ယူရန် ဂျပန်ပြည်သို့ သွားရောက် ခဲ့ရာမှ ရဲဘော် သုံးကျိပ်ဝင် တဦး ဖြစ်လာခဲ့ပြီး မြန်မာ့ တပ်မတော်ကို ဖွဲ့စည်း တည်ထောင်ရာတွင် ပါဝင်ခဲ့သူဖြစ်သည်။

ယင်းသို့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ပြည်သူကို တပ်မတော်သားများ အနေဖြင့် ရန်သူလို သဘော မထားရန် မွေးနေ့ အမှာစကားတွင် ထည့်သွင်းပြောကြားထားသော်လည်း မြန်မာ့တပ်မတော်က ၁၉၅၈ ခုတွင်တကြိမ်၊ ၁၉၆၂ ခုတွင် တကြိမ်၊ ၁၉၈၈ ခုနှစ်တွင် တကြိမ် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည်။

ယခုနောက်ဆုံး အာဏာသိမ်းခဲ့သည် စစ်အစိုးရသည် ၁၉၉ဝ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲပြီးလျှင် အာဏာ လွှဲပေးပါမည်ဟု ကတိပြုထားသော်လည်း ယနေ့အချိန်အထိ အာဏာမလွှဲပေးသည့်အပြင် အနိုင်ရပါတီမှ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များအား ဖမ်းဆီးထောင်ချ ဖိနှိပ်ထားသကဲ့သို့ ပြည်သူလူထုကိုလည်း အမျိုးမျိုးဖိနှိပ်၊ ချုပ်ချယ်မှုများရှိနေသည်ဟု ဝေဖန်ခံနေရသည်။

ထိုသို့ ဖိနှိပ်မှုအမျိုးမျိုးနှင့်ပတ်သက်၍ တပ်မတော်တွင် (၁ဝ) နှစ်ကျော်ကြာ စစ်မှုထမ်းခဲ့သည့် စစ်မှုထမ်းဟောင်းတဦးကလည်း ယနေ့မြန်မာ့တပ်မတော်သည် ပြည်သူလူထုကိုသာမကဘဲ ကိုယ့်တပ်မတော်သားအချင်းချင်းကိုပင် ဖိနှိပ်ညှဉ်းဆဲနေသည်ဟု ပြောကြားသည်။

၎င်းက “ပြည်သူလူထုမပြောနဲ့ဗျာ တပ်ထဲမှာတောင် အချင်းချင်း ဖိနှိပ်နေတာ။ ဖားနိုင် ဖားစား၊ ငါးနိုင် ငါးစား၊ ကျွေးတာစား၊ ခံမပြောနဲ့ ဖြစ်နေတာ။ ရဲဘော်က ဆရာကို ကြောက်ရ၊ ဆရာက တပ်စုမှူး၊ တပ်ခွဲမှူးကြောက်ရ အဲလို အဆင့်ဆင့် ကြောက်နေရတာ။ တပ်ထဲမှာ အနေပျော်မယ်ဆိုရင်၊ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိနေရင် ဘယ်မှာ တပ်ပြေးရှိတော့မလဲဗျ” ဟု ပြောသည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက သူ၏မွေးနေ့ အမှာစကားထဲတွင် မြန်မာပြည်သူလူထု ယနေ့အချိန်အထိ ဆင်းရဲတွင်းနက်နေသည်ကို စိတ်မကောင်း ဖြစ်မိကြောင်း၊ မတရားဖိနှိပ်မှုမျိုးစုံအား ဆက်လက်တိုက်ပွဲဝင်နေသည့် ပြည်သူ လူထု အတွက် အလွန် ဂုဏ်ယူ အားရ ကျေနပ်မှုရှိကြောင်း၊ ဆက်လက်ပြီး မလျော့သော ဇွဲဖြင့် ကြိုးစား အားထုတ်ကြရန်၊ မိမိတို့ အချင်းချင်းအကြား စည်းလုံး ညီညွတ် ကြရန်နှင့် သဘောထားကြီးကြရန် မှာကြားခဲ့သည်။

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာ့ တပ်မတော်တွင် ဗိုလ်မှူးချုပ် အဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး တရုတ်ဖြူကျူးကျော်ဝင်ရောက်လာမှုအား တိုက်ထုတ် မောင်းထုတ်ရေးအတွက် ဆင်နွှဲခဲ့ရသော မြန်မာ့ တပ်မတော် သမိုင်းတွင် ထင်ရှားသည့် ဘုရင့်နောင် စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေးတို့အား ဦးဆောင်ခဲ့သူဖြစ်သည်။

တပ်မတော် အတွင်း တာဝန် ထမ်းဆောင်နေစဉ် ၁၉၅၇ ခုနှစ်၌ ဗမာပြည် ကွန်မြူနစ် ပါတီနှင့် ဆက်သွယ်သည်ဟု စွပ်စွဲချက်ဖြင့် တပ်မတော်မှ အငြိမ်းစား ပေးခံခဲ့ရပြီး ၁၉၇၆ ခုနှစ်၊ ဇူလိုင်တွင် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) ရှိရာ တရုတ်-မြန်မာ နယ်စပ်သို့ တောခိုလာခဲ့သည်။ ၁၉၈၉ ခုနှစ်၊ တိုင်ရင်းသား အဖွဲ့များက ဗကပကို အာဏာသိမ်းပြီး နောက်ပိုင်း ကတည်းက စ၍ တရုတ်ပြည်တွင် ခိုလှုံနေထိုင်လျက်ရှိသည်။

source by : ခေတ်ပြိုင်

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။