မျိုးချစ်သူ | ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကု ဆေးခန်းတွင် အသက် (၁၅) နှစ် အရွယ် (၉) တန်း ကျောင်းသူလေး မခိုင်ရွှန်းလဲ့ရည် သေဆုံးခြင်းနှင့် ပတ်သက်၍ ခွဲစိတ် အထူးကု ဆရာဝန်ကြီးကို ဆေးကုသခွင့် လိုင်စင် (၅) နှစ် ရပ်စဲရန် မြန်မာနိုင်ငံ ဆေးကောင်စီ အဖွဲ့က ဆုံးဖြတ် လိုက်ကြောင်း ဒီဇင်ဘာ (၂) ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

ခွဲစိတ် အထူးကု ဆရာဝန်ကြီးကို လုပ်မှားကိုင်မှား ဆုံးဖြတ်ချက် မှားခြင်း၊ လူနာလုံခြုံမှု အတွက် မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး လုံလောက်သော ဆောင်ရွက်ချက် အားနည်းခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုအားနည်းခြင်းတို့ကြောင့် ယခုကဲ့သို့ ဆေးကုသခွင့် (၅) နှစ် ရပ်စဲလိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်တွင် ပူးတွဲတာဝန် ရှိခဲ့သော မေ့ဆေး ဆရာဝန်၊ ပထမ လက်ထောက် ခွဲစိတ် ဆရာဝန်၊ သမားတော်ကြီးတို့အား မြန်မာနိုင်ငံ ဆေးကောင်စီက ပြင်းထန်စွာ သတိပေးရန် ဆုံးဖြတ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။


အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့သော ရွှေဂုံတိုင် အထူးကု ဆေးခန်းကြီးတွင်လည်း လူနာအား ကျန်းမာရေး စောင့်ရှောက်မှု ပေးရာတွင် ထိရောက်မှုနှင့် လုံခြုံမှုရှိသော စနစ်နှင့် လုပ်ကိုင်ချက်များ အားနည်း နေသည်ကို တွေ့ရှိရသည့်အတွက် အဆိုပါဖြစ်ရပ်များ နောင်တွင် မဖြစ်ပေါ်စေနိုင်ရန် ဆေးကောင်စီက ပြင်းထန်စွာ သတိပေးရန်နှင့် လူနာရှင်အား တောင်းပန်စေရန် ဆုံးဖြတ်ထားကြောင်း၊ လုံခြုံစိတ်ချရ၍ အရည်အသွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို စီစဉ်ဆောင်ရွက်ထားရှိရေးအတွက် သတိပေးရန်လည်း ဆုံးဖြတ်ထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

သေဆုံးသူ မခိုင်ရွှန်းလဲ့ရည်၏ မိသားစုဝင်တဦးက ၎င်းတို့ အနေဖြင့် မည်သူ့ကိုမျှ မနစ်နာစေလိုကြောင်း ပြောသည်။

အဆိုပါ အရေးယူ ခံရသော ဆရာဝန်ကြီးမှာ ဒေါက်တာ ကြည်စိုးဖြစ်ပြီး ၎င်းသည် လွန်ခဲ့သော (၁၅) နှစ်ခန့်အချိန်က အစာအိမ်နှင့် အူလမ်းကြောင်း ဆိုင်ရာ ခွဲစိတ် ကုသမှုတွင် အလွန်တော်သည့် စေတနာ ဆရာဝန် တဦး ဖြစ်ခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ ဆရာဝန် တဦးက ပြောသည်။

ယခုကဲ့သို အရေးယူသည်ထိ ဖြစ်စေသော ဖြစ်ရပ်မှာ မြန်မာနိုင်ငံ ဆေးပညာ လောက၌ အလွန် အလားအလာ ကောင်းသော ဖြစ်ရပ် ဖြစ်ကြောင်း ရန်ကုန် အခြေစိုက် ပြည်တွင်း သတင်းဂျာနယ် အယ်ဒီတာ တဦးက ပြောဆိုသည်။

မြန်မာ နိုင်ငံ ဆေးကောင်စီကို ပြည်သူများ ဆေးကုသမှုခံယူခြင်း အပေါ် ကျေနပ်မှုမရှိက တိုင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ (၂၆) ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကာ ယင်းနေ့က စတင်၍ မခိုင်ရွန်းလဲ့ရည် ကိစ္စကို တပတ်အတွင်း အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ခေတ်ပြိုင်တွင် ရေးသားခဲ့ပြီးဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။