သတင်း သွင်ဇော် ခေတ်ပြိုင် | ၂၀၀၈ ခု မေလအတွင်းက နာဂစ်မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါးခံခဲ့ရသော ရန်ကုန်တိုင်း ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များ အတွင်းရှိ ကျေးရွာပိုင် ကျွဲနွား စားကျက်ဧက (၁) ထောင်ကျော်ကို ရာဘာစိုက်ပျိုးရန် အထူး စီမံချက်ဖြင့် ဟုဆိုကာ စစ်အစိုးရက သိမ်းယူလိုက်သည်။

စစ်အစိုးရ သိမ်းယူသည့် ကျွဲနွားစားကျက်များမှာ ကိုလိုနီခေတ်ကတည်းက ဥပဒေဖြင့် ပြဋ္ဌာန်း ကာကွယ် ထားခဲ့သည့် မြေယာများ ဖြစ်သည်။

နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်းအတွင်းရှိ လယ်သမားများမှာ မိသားစုဝင်များ၊ အိုးအိမ်များနှင့် ၀မ်းစာစပါး များပါ မုန်တိုင်းအတွင်း ဆုံးရှုံးခဲ့ရမူကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့ နေရသည်။

မသေမပျောက် ကျန်ခဲ့သည့် လက်ကျန်ကျွဲနွားများသည်လည်း ယခုကဲ့သို့ စားကျက်မြေများ အဓမ္မသိမ်းယူခံရမူကြောင့် အစာရေစာ ပြတ်လပ်မူနှင့် ကြုံတွေ့ နေရသည်။

“ကျနော်တို့ ရွာတ၀ိုက်မှာတင် ကျွဲနွားစားကျက်ဧက (၇၀၀) ကျော်ရှိတယ်လေ။ နာဂစ်မုန်တိုင်းကြောင့် ၀မ်းစာစပါးတွေ အကုန်လုံးလိုလို ပျက်စီးခဲ့ရပြီး ကျနော်တို့ မှာ စားစရာမရှိရတဲ့အထဲ အခုလို စားကျက်မြေတွေပါ အသိမ်းခံရတော့ ကျွဲစာ၊ နွားစာအတွက်ပါ အကြီးအကျယ် ဒုက္ခရောက်ရတော့တာပေါ့။ ကုမ္ပဏီကြီးတွေသာမက ဒေသအာဏာပိုင်တွေကလည်း စားကျက်မြေတွေကို နားလည်မူနဲ့ ဝေစုဝင်ယူပြီး လုပ်ကြတာပါပဲ။ သူတို့ သိမ်းယူလိုက်တဲ့ စားကျက်မြေတွေကို ခြံစည်းရိုး တွေကာလိုက်တော့ ကျနော်တို့ ဒေသခံတွေမှာ သွားရလာရတာတောင် မလွယ်တော့ဘူးဗျာ” ဟု ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ လယ်သမားကြီးတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်းကလည်း သစ်တောဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ထားသော တွံတေးကုန်းတန်း ကြိုးဝိုင်းအပါအ၀င် လက်ခုပ်ကုန်း၊ ကွမ်းခြံကုန်း ကမ်းခြေတလျှောက်ရှိ မြေဧကပေါင်း (၂) ထောင်ကျော်ကို အမှတ် (၂၀၁၈) လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကို ဖြန့်ကြက်ချထားနိုင်ရန် နအဖစစ်အစိုးရက သိမ်းယူခဲ့သည်။

နအဖစစ်အစိုးရသည် စစ်တပ်အင်အားတိုးချဲ့ပြီး စစ်စခန်းများ တည်ဆောက်ရန် အဓမ္မ မြေယာ သိမ်းယူခြင်း များကို မြန်မာပြည်အနှံ့  မကြာခဏပြုလုပ်ခဲ့သည်။ ထို့အပြင် ပျဉ်းမနားနေပြည်တော်တည်ဆောက်ရေးနှင့် အမြန်လမ်းမကြီးများ ဖောက်လုပ်ရန်အတွက်လည်းကောင်း၊ ကြက်ဆူ၊ ရာဘာ စသည့် နှစ်ရှည်သီးနှံများကို လက်ဝေခံကုမ္ပဏီကြီးများကို စိုက်ပျိုးခိုင်းရန်အတွက်လည်းကောင်း၂၀၀၀ ပြည့်လွန်နောက်ပိုင်း သဘာဝသစ်တောကြိုးဝိုင်းများအပါအ၀င် လယ်ယာ မြေနှင့် စားကျက်မြေဧရိယာ အမြောက်အမြားကို သိမ်းယူခဲ့သည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။