ဆရာတော်ဦးဥတ္တမ
သတင်း မင်းနိုင်သူ ခေတ်ပြိုင် | အရှေ့တောင်အာရှအတွင်း လွတ်လပ်ရေးစိတ်ဓာတ် မျိုးစေ့ချပေးခဲ့သူ ဆရာတော် ဦးဥတ္တမအား ဂုဏ်ပြုထားသည့် www.ottama.multiply.com ၀က်ဘ်ဆိုက်သစ်တခုကို ဆရာတော်ဦးဥတ္တမ ကွယ်လွန်ခြင်း (၆၉) နှစ်ပြည့် စက်တင်ဘာ (၉) ရက်မှ စတင်၍ အင်တာနက်ပေါ် တင်ထားပြီဖြစ်သည်။

အဆိုပါ ၀က်ဘ်ဆိုက်သစ်ကို ပြည်တွင်းရဟန်းတော်တပါးက တင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါဆရာတော်က “ဒါဟာ ရှိသင့် ရှိထိုက်တဲ့ ဘလော့တခုမို့ လုပ်ဖြစ်ခဲ့တာပါ။ ဘလော့တွေ တော်တော်များများ ရှိပေမယ့် ဦးဥတ္တမ အကြောင်း သီးသန့် ရေးထားတာ မတွေ့ရ သေးဘူးလေ။ အခု ဘလော့မှာတော့ ဆရာတော်ကြီးရဲ့ အဆိုအမိန့်သြ၀ါဒတွေအပြင် ဆရာ တော်ကြီးနဲ့ သက်ဆိုင်တဲ့ Document တွေကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးနိုင်ဖို့ ကြိုးစားသွားမှာပါ။ ဦးဇင်း ရခိုင်ပြည်နယ် စစ်တွေမြို့ကိုရောက်တော့ ဆရာတော်ဦးဥတ္တမ ပန်းခြံကိုရောက်ပြီး ဆရာတော်ကြီးနဲ့ ပတ်သက်တာတွေ လုပ်ဖို့ စိတ်ရပြီး ဆရာတော်ကြီး သီတင်းသုံးတော်မူခဲ့ဖူးတဲ့ စစ်တွေ ကုန်းတန်းရပ်ကွက် ပြည်လုံးချမ်းသာဘုရားကြီးအနီးက ရွှေစေတီကျောင်းကို အရောက်သွားပြီး ဓာတ်ပုံတွေ မှတ်တမ်းတွေ စုဆောင်းခဲ့တယ်။ အဲဒါတွေကို ပြန်ပြီး Creation လုပ်ပြီး ဘလော့လုပ်ရတာပေါ့” ဟု မိန့်ကြားသည်။

မြန်မာနိုင်ငံအတွင်း ဘလော့ဂါ (၂,၀၀၀) ကျော်ရှိပြီး ၎င်းတို့အနေဖြင့် စက်တင်ဘာ (၁) ရက်နေ့တွင် MICT Park ၌ Blogger Day ကျင်းပရန် စီစဉ်ခဲ့သော်လည်း အာဏာပိုင်များ၏ တားမြစ်မှုကြောင့် ဖြစ်မြောက်ခဲ့ခြင်းမရှိကြောင်း ဘလော့ဂါလူငယ်တဦးက ပြောသည်။ ယင်းကဲ့သို့ ဘလော့ (၂,၀၀၀) ကျော်ရှိသော်လည်း သံဃာတော်များနှင့် ဆက်စပ်၍ ရေးသားသည့် ပြည်တွင်းဘလော့ဂါမရှိသလောက် နည်းပါးသေးကြောင်း ယင်းလူငယ်ကဆိုသည်။ ယခု ဘလော့သည် သံဃာတော်များနှင့် ဆက်စပ်သည့် စာပေများ၊ သြ၀ါဒများ၊ အယူအဆများကို တင်ပြထားသည့် ပထမဆုံး ပြည်တွင်းဘလော့တခု ဖြစ်လာဖွယ်ရှိသည်။

“ဒီ ဘလော့ကို လုပ်တဲ့အခါမှာ တခြားအခက်အခဲတော့ မရှိပါဘူး။ ဦးဇင်းကိုယ်တိုင်ကလည်း ကွန်ပျူတာကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်တာရော၊ ကိုယ်တိုင် Creation လုပ်၊ ကိုယ်တိုင် Edit လုပ်တတ်တော့ အခက်အခဲ မရှိပါဘူး။ အခက်အခဲဖြစ်စေတာ တခုကတော့ ဒီနိုင်ငံမှာက အင်တာနက် Speed ကို အပြည့်အ၀ ပေးမထားတော့ (၅) မိနစ်နဲ့ ပြီးရမယ့်ဟာ (၁) နာရီနဲ့ မပြီးတာမျိုး ဖြစ်နေတာပေါ့။ အခု လောလောဆယ်တော့ ဆရာတော်ကြီးနဲ့ ဆက်စပ်တာတွေ၊ အဆိုအမိန့်သြ၀ါဒတွေ၊ ဗုဒ္ဓစာပေတွေကို အဓိကထား တင်သွားမှာပါ။ နောက်ပိုင်းမှာတော့ ဆရာတော်ကြီးရဲ့ အဆိုအမိန့်သြ၀ါဒတွေကို သေသေချာချာ ဖတ်ရှုပြီး ကိုယ်ပိုင် အတွေးအမြင်တွေကို ရေးသွားဖို့လည်း စိတ်ကူးထားပါတယ်” ဟု ottama.multiply.com ကို ရေးသားနေသူ ဆရာတော်က မိန့်ဆိုသည်။

အဆိုပါ ဘလော့ကို အကြံဉာဏ်ပေးလိုသူများ၊ ဆရာတော်ဦးဥတ္တမနှင့် ပတ်သက်သော အချက်အလက်များကို မျှဝေ လိုသူများအနေဖြင့် nyanphyo22@gmail.com သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။