ဧရာဝတီ | မြန်မာ နိုင်ငံတွင် တရုတ် ကုန်သည်များက အိမ်သုံး အိုင်အိုဒင်း ဆားများ အလုံးအရင်းဖြင့် ၀ယ်ယူ နေမှုကြောင့် မန္တလေး၊ လားရှိုး၊ မူဆယ် ဈေးကွက်များတွင် အိမ်သုံး ဆားများ ပြတ်လပ်သွားပြီး ဈေးနှုန်း ၁၀ ဆကျော် မြင့်တက် သွားကြောင်း သိရသည်။

“ဒီနေ့ ဆားဈေးတွေ တအားတက်ပါတယ်။ ၀ယ်လို့လည်းမရဘူး။ လှောင်တဲ့လူတွေကလည်း လှောင်နေကြတယ်။ ဈေးက တန်း မရှိဘူး။ ၀ယ်သူရောင်းသူ သဘောတူဈေးပဲ။ လောလောဆယ် အိုင်အိုဒင်းဆား တပိဿာ ကျပ် ၁၀၀၀ ကနေ ၁၅၀၀ အထိ ဈေးတက် ရောင်းနေတယ်” ဟု မန္တလေးမြို့ရှိ အိမ်သုံး ဆားသန့်နှင့် အိုင်အိုဒင်း ဆား ထုတ်လုပ် ရောင်းချနေသူ စက်ရုံပိုင်ရှင် တဦးက ပြောသည်။


ဧရာဝတီတိုင်း အတွင်းရှိ ဆားကွင်းများကို ဤသို့တွေ့ရသည် (ဓာတ်ပုံ - AP) သတင်း
ပုံမှန်အားဖြင့် အိုင်အိုဒင်းဆား တပိဿာလျှင် ၁၁၅ ကျပ်နှင့် ၁၅၀ ကျပ် အကြား ဈေး အတက်အကျ ရှိသည်။

ဆားဈေးနှုန်း မြင့်တက်ချိန် မန္တလေးမြို့ ဆား ဈေးကွက်တွင် ဆား လုံးဝ ပြတ်လပ်သွားပြီး ရန်ကုန် မြို့ရှိ ဆားစက်များမှ အိုင်အိုဒင်း ဆားများကိုပါ မှာယူ နေကြကြောင်း သိရသည်။

“ရန်ကုန်မှာလည်း ဈေးတွေ တက်နေပြီ။ အခု ဈေးသိပ် မဖွင့်ဘူး။ အားလုံးက အခြေအနေကို စောင့်ကြည့် နေတယ်။ နယ်က အမှာစာတွေ တက်နေပြီ” ဟု ရန်ကုန်မြို့ အင်းစိန် မြို့နယ်ရှိ ဆား လုပ်ငန်းရှင် တဦးက ရှင်းပြသည်။

ဘုရင့်နောင် အခြေစိုက် ဆားပွဲရုံပိုင်ရှင် တဦးကမူ လာမည့်ရက်ပိုင်းအတွင်း ဆားဈေးနှုန်း အလွန် မြင့်တက် နိုင်သည်ဟု ခန့်မှန်းသည်။

ဂျပန်နိုင်ငံရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ပေါက်ကွဲပြီး ဓာတ်ရောင်ခြည်များ ပင်လယ်တွင်းသို့ ပျော်ဝင်ကာ ဆားများတွင် ရေဒီယိုသတ္တိကြွ ဓာတ်ပစ္စည်းများ ပါဝင်နိုင်သည် ဆိုသော ယူဆချက်များ တရုတ် နိုင်ငံတွင် ပျံ့နေကြောင်း၊ ထို့ကြောင့် တရုတ်ပြည်သူ ထောင်ပေါင်းများစွာက ကုန်တိုက်များ၊ ကုန်စုံဆိုင်များနှင့် ဈေးများတွင် အိမ်သုံး ဆားများကို ကြိတ်ကြိတ်တိုး ၀ယ်ယူကြောင်း၊ တရုတ် နိုင်ငံတွင် အိမ်သုံးဆား ပြတ်လပ်မှု ဖြစ်ပေါ် နေခြင်းကြောင့် တရုတ်နိုင်ငံမှ စီးပွားရေးသမားများက မြန်မာနိုင်ငံမှ အိမ်သုံးဆားများစွာကို မှာယူနေရာ မြန်မာပြည်မှ ဆားဈေးများပါ ထိုးတက်သွားခြင်း ဖြစ်ကြောင်း ဆားကုန်သည် များက ဆိုသည်။

မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်ကမူ ဂျပန် နျူကလီးယား ဓာတ်အားပေး စက်ရုံ ပေါက်ကွဲမှုကြောင့် မြန်မာ အပါအ၀င် အာရှ တိုက်တွင် ဓာတ်ရောင်ခြည် သင့်ပြီး အက်ဆစ်မိုး ရွာသွန်းနိုင်သည် ဆိုသော သတင်းများမှာ ကောလာဟလ များသာ ဖြစ်ကြောင်း ပြောသည်။

စစ်အစိုးရပိုင် သတင်း မီဒီယာများကလည်း မြန်မာနိုင်ငံတွင် ရွာသွန်းသော မိုးများကို တိုင်းတာရာ ဓာတ်ရောင်ခြည် ပါဝင်ခြင်း မရှိကြောင်းနှင့် ဂျပန် နိုင်ငံရောက် မြန်မာများကို တိုကျိုမြို့ရှိ မြန်မာ သံရုံးက အကူအညီ ပေးလျက်ရှိကြောင်း ယနေ့ တရားဝင် သတင်း ထုတ်ပြန် ထားသည်။

source by : ဧရာဝတီ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။