သျှမ်းသံတော်ဆင့် | ရဲများက လာဘ်ငွေယူ၍ မူးယစ်ဆေးဝါး ရောင်းချခွင့် ပြုထားသောကြောင့် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ် မန့်ဟျိုးမြို့နယ်ခွဲ နောင်ခိုကျေးရွာအတွင်း၌ မူးယစ်ဆေး အရောင်းအဝယ် တွင်ကျယ် နေကြောင်း ဒေသခံများ အဆို အရ သိရသည်။

အိမ်ခြေ ၈၀ ဝန်းကျင်ခန့်ရှိသည့် နောင်ခိုကျေးရွာ၌ ရာမ (ခေါ်) စိတ်ကြွရူးသွပ်ဆေး နှင့် ဘိန်းဖြူရောင်းသူ ၆ ဦး ခန့်ရှိသည်ဟု ဆိုသည်။

အဆိုပါ ရွာအတွင်း မူးယစ်ဆေး ရောင်းချခွင့်ရရန် မန့်ဟျိုး ရဲစခန်းမှူး ထွန်းမျိုးဇော်ထံ တစ်လကျပ် ၂၀၀၀၀ ဝန်းကျင် လာဘ်ထိုးရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ (တိုက်နယ်မှူးက ထွန်းမျိုးဇော် (ခေါ်) ကျားလေး ဒုတိုက်နယ်မှူးက အောင်မျိုးဦး နောင်ခိုရွာမှာ သူတို့ကို ရာမ ၊ ဘိန်းဖြူ အခွန် ဆောင်ပြီး အရောင်း အဝယ်ဖြစ်နေတာ နံမယ်ရှိတဲ့သူက တစ်လ ၂၀၀၀၀ နံမယ်သိပ် မရှိတဲ့သူကတစ်လ ၁၅၀၀၀ ပေးရတယ် ) ဟု သူကဆိုသည်။

ထိုသို့ လာဘ်ငွေ ပေးထားသဖြင့် ရဲက နောင်ခိုရွာအတွင်း မူးယစ်ဆေး လွတ်လပ်စွာ ရောင်းဝယ် သုံးစွဲခွင့်ပြု ထားပြီး အနီး ဝန်းကျင်ရွာများနှင့် နယ်မြေခြင်းဆက်နေသည့် တရုတ်ဘက်ခြမ်းမှ မူးယစ်ဆေးသုံးစွဲသူများ နေ့စဉ်လာ ရောက်ကြကြောင်း သိရသည်။ (နောင်ခိုရွာက လူတွေဆိုရင် အဖမ်းအဆီးအစစ်အဆေးမရှိ လွတ်လွတ် လပ်လပ် ရောင်းဝယ်ခွင့် ပေးထားတယ် ဘေးနားက တာကျန့်၊ နောင်မွန်း ရွာတွေကလည်း လာတယ် တရုတ် ဘက်ခြမ်းက လည်းလာဝယ်ကြတယ်) ဟု ဆက်ပြောသည်။

တရုတ် နယ်စပ် မန့်ဟျိုးရဲစခန်းတွင် တာဝန် ထမ်းဆောင်ရန် အတွက် ရဲအရာရှိ တစ်ဦးလျှင် အထက်သို့ ကျပ် ၃ သိန်း လာဘ်ထိုး ရကြောင်း ဒေသခံများက ဆိုသည်။

အလားတူ နမ့်ခမ်းမြို့ ပေါက်လေ ရပ်ကွက် ဟိုနမ့်ခမ်းဖေါင်ဟု ဆိုသည့် နေရာတွင် ရာမ၊ ဘိန်းဖြူများ လွတ်လပ်စွာ ရောင်းချနေပြီး မူးယစ်ဆေး သုံးစွဲရန် အဆိုပါ နေရာ၌ တဲငယ် ၂၁ လုံး ဆောက်လုပ် ထားသည်ဟု ဆိုသည်။

အဆိုပါ ဟိုနမ့်ခမ်းဖေါင်တွင် မူးယစ်ဆေး ရောင်းချခွင့် ရရန် နမ့်ခမ်း ရဲစခန်းသို့ တစ်လ ကျပ်တစ်သောင်း ပေးရကြောင်း သိရသည်။

source by : သျှမ်းသံတော်ဆင့်

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။