အောင်သက်ဝိုင်း | စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် အချိန် နီးကပ် လာသည်နှင့် အမျှ ပြည်တွင်း သတင်း မီဒီယာများ အပေါ် တင်းကျပ်စွာ ဖိနှိပ်၍ သတင်းများကို ပိုမို စိစစ်ဖြတ်တောက် လာကြောင်း သိရသည်။


ရန်ကုန်မြို့ လယ်ရှိ လမ်းဘေး ဂျာနယ် အရောင်းဆိုင် တဆိုင်မြင်ကွင်း
နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပ မည်ဟု တရားဝင် ကြေညာပြီး လွှတ်တော် ကိုယ်စားလှယ် လောင်း အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ၃၀ ရက်နေ့ နောက်ဆုံးထား တင်သွင်း ကြရန် ညွှန်ကြားချက် ထုတ်ပြန် လိုက်သည့် အတွက် နိုင်ငံရေး ပါတီများ မကျေနပ်ကြကြောင်း၊ ထိုသို့ မကျေနပ်ချက်များကို နိုင်ငံရေး ပါတီများက ပြည်တွင်း သတင်း မီဒီယာများထံ ဖြေကြား ကြသော်လည်း စာပေ စိစစ်ရေးက ဖော်ပြခွင့် မပြုဘဲ ပိတ်ပင် လိုက်ကြောင်း သိရသည်။

“ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ လွှတ်တော်အမတ်လောင်း တင်သွင်းရမယ့်ရက် ထုတ်ဖော် ကြေညာတာနဲ့ ပတ်သက်လို့ အပြုသဘောဆောင် ကြိုဆိုတာတွေ ကိုပဲ ဖော်ပြခွင့်ပြုတယ်။ ဝေဖန်တာတို့၊ မကျေနပ်တာတို့လို အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်တွေ လုံးဝဖော်ပြခွင့် မပြုဘူး” ဟု ရန်ကုန်အခြေစိုက် အမှုဆောင်အယ်ဒီတာတဦးက ပြောသည်။

ယခု လကုန်ပိုင်း အတွင်း လွှတ်တော်အမတ်လောင်း ကိုယ်စားလှယ်စာရင်း တင်သွင်းခိုင်းသည့် အတွက် နိုင်ငံရေးပါတီ အများစု အဆင်သင့်မဖြစ်သေးဘဲ ပါတီဖျက်သိမ်း ခံရနိုင်သည်အထိ အခက်အခဲများကြုံတွေ့ နေရသည်ဟု သိရှိရသည်။

“ပါတီဝင်အင်အား တင်ပြဖို့လုပ်နေတယ်။ အမတ်လောင်းစာရင်းအတွက်လည်း ဘာမှ မပြင်ဆင်ရသေးဘူး။ ပါတီ ဖျက်သိမ်းမခံရဖို့ အနည်းဆုံး မဲဆန္ဒနယ်သုံးခု ပြိုင်နိုင်အောင် လုပ်နေပါတယ်” ဟု နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေတွင် ပါတီ မှတ်ပုံတင်ခွင့် ရပြီး ရက်ပေါင်း ၉၀ အတွင်း သတ်မှတ် ပါတီဝင်အင်အား တင်ပြခြင်း မရှိလျှင် လည်းကောင်း၊ အနည်းဆုံး မဲဆန္ဒနယ်သုံးခုတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလျှင်လည်းကောင်း ပါတီကို ဖျက်သိမ်းခံရ မည်ဟု တရားဝင်ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးပါတီများ လွှတ်တော်အမတ် ကိုယ်စားလောင်းစာရင်း တင်သွင်းရန်နှင့် ပါတီဝင်အင်အား ပြည့်မီရေးအတွက် ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ အလွန် လိုအပ်နေသောကြောင့် ပြည်တွင်း သတင်းမီဒီယာ များမှတဆင့် ပြည်သူလူထုထံ အသိပေး အကူအညီ တောင်းခံလိုသော်လည်း စာပေစိစစ်ရေး၏ ဖြုတ်ပယ်မှုကြောင့် အကျပ်အတည်းဖြစ်နေရကြောင်း နိုင်ငံရေးပါတီတချို့၏ တာဝန်ရှိသူများက ရှင်းပြသည်။

“ဈေးတွေမှာ အလှူခံတော့လည်း စည်ပင်က တရားစွဲတယ်။ မီဒီယာကတဆင့် ပြည်သူလူထု ဆီမှာ အကူအညီတောင်းပြီး အလှူခံချင်တော့လည်း စာပေစိစစ်ရေးက ဖြုတ်တယ်။ နိုင်ငံရေးပါတီတွေ ဘယ်လိုနည်းလမ်းနဲ့ အလှူခံရမလဲ” ဟု နိုင်ငံရေး ပါတီတခုမှ အမှုဆောင်တဦးက ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီများ၏ ပြည်သူလူထုအတွင်း လှုံ့ဆော်စည်းရုံး လှုပ်ရှားရန် ပြင်ဆင်လုပ်ဆောင်နေသည့် သတင်း များကိုလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်လျက်ရှိကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီကို ကျော်ပြီး နိုင်ငံရေး ပါတီတွေ လူသိများလာမှာ အစိုးရက ကြောက်တဲ့ပုံပဲ။ ပါတီ စည်းရုံးရေး သတင်းတွေ အပါအဝင် နိုင်ငံရေးသတင်း တော်တော်များများ အဖြုတ်ခံ နေရတယ်” ဟု ရန်ကုန် အခြေစိုက် သတင်းသမား တဦးက ရှင်းပြသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ရှိသော စာပေ စိစစ်ရေး ဌာနသည် ရွေးကောက်ပွဲ ကာလ နီးကပ် လာသည်နှင့် အမျှ ပိုမို တင်းကျပ်သော မူဝါဒများ ချမှတ်လာကာ ရွေးကောက်ပွဲ ဥပဒေကို ဝေဖန်ခြင်း၊ မှားယွင်းဖော်ပြခြင်း ပြုလုပ်လျှင် သတင်း ဂျာနယ်များ ပိတ်သိမ်းမည် ဟူ၍ ဇူလိုင်လ ၂၀ ရက်နေ့က ညွှန်ကြားချက် တစောင် ထုတ်ပြန်ခဲ့သည်။

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ဦးဆောင် ပါဝင်သော နိုင်ငံတော် လုံခြုံရေးအဖွဲ့၏ ညွှန်ကြားချက်ဖြင့် သတင်းများစိစစ် ဖြုတ်ပယ် နေရသည့်အပြင် ညွှန်ကြားရေးမှူး ဗိုလ်မှူး တင့်ဆွေသည်လည်း တင်းကျပ်စွာ ဆောင်ရွက်မည့် စာပေစိစစ်ရေး မူဝါဒများနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာနသို့ မကြာခဏဆိုသလို သွားရောက် သြ၀ါဒ ခံယူနေရ ကြောင်း သိရသည်။

“ဂျာနယ်မှာပါတဲ့ သတင်းတခုကြောင့် လူကြီးတွေ စိတ်ဆိုးရင် ကျနော်တို့ စာပေစိစစ်ရေးက ၀န်ထမ်းတွေ နေစရာ နေရာ မရှိတော့ဘူး။ အပေါ်ကလည်း ထောင်း၊ ဂျာနယ်တွေကလည်း ငြိုငြင်နဲ့ ကျနော်တို့ အနေအထားက တော်တော် ထိခိုက်လွယ်တယ်။ အချိန်မရွေး ရာထူးက ပြုတ်ကျသွားနိုင်တယ်။ ထောင်ကျသွားနိုင်တယ်” ဟု အမည် မဖော်လိုသော စာတည်းမှူးတဦးက ရှင်းပြသည်။

စာပေစိစစ်ရေးက ခွင့်ပြုထားပြီးသည့် သတင်းဖြစ်သော်လည်း နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများကို စိတ်အနှောင့်အယှက် ဖြစ်စေလျှင် စာပေစိစစ်ရေးက သတင်းဂျာနယ်အား ပိတ်ပင်အရေးယူလေ့ရှိသည်။

ဇူလိုင်လနှင့် သြဂုတ်လ ၂ လအတွင်းတွင် စာပေစိစစ်ရေးက ၄ ကြိမ်တိုင်တိုင် ဂျာနယ်ထုတ်ဝေခွင့် ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။

ယခု အခြေအနေအရ ပြည်တွင်း သတင်းမီဒီယာများ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်သော သတင်း မီဒီယာအဖြစ် ရပ်တည် နိုင်မည် မဟုတ်ဘဲ စစ်အစိုးရ၏ နှိပ်ကွပ်မှု အောက်တွင်သာ သတင်းများ စိစစ်ဖော်ပြခွင့် ရမည်ဖြစ်ကြောင်း ပြည်တွင်း စာနယ်ဇင်းသမားများက ပြောဆိုနေကြသည်။

“သတင်းလွတ်လပ်ခွင့်က အခုလည်း မရဘူး၊ နောင်လည်း မရဘူး။ အနာဂတ်မှာလည်း ရဖို့ မသေချာဘူး။ ဒီရွေးကောက်ပွဲမှာ မီဒီယာလွတ်လပ်ခွင့် လုံးဝ ရှိမှာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ မီဒီယာ လွတ်လပ်ခွင့်မရှိတဲ့ ရွေးကောက်ပွဲက တရား မျှတဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု သတင်းစာဆရာ တဦးက ရှင်းပြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပစဉ်ကလည်း စစ်အစိုးရက ပြည်တွင်း မီဒီယာများကို လွတ်လပ်စွာ သတင်းယူခွင့် မပေးခဲ့သည့်အပြင် သတင်းသမားများက မဲရုံများကို ဓာတ်ပုံရိုက်ခြင်း၊ မဲပေးသူများနှင့် တွေ့ဆုံ မေးမြန်းခြင်းများ ပြုလုပ်ခွင့် မရစေရန် နည်းလမ်းမျိုးစုံဖြင့် တားမြစ်ခဲ့သည်။

source by : ဧရာဝတီ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။