စိုးမိုး | ပုဂ္ဂလိကသို့ စီမံခန့်ခွဲခွင့် လွှဲပြောင်းပေးထားသည့် လမ်းမတော်မြို့နယ် ကိုင်းတန်း ဓာတ်ဆီဆိုင်တွင် ယနေ့ မွန်းလွဲ (၃) နာရီက မီးလောင်မှု ဖြစ်ပွားသည်။

ကားကို ဆီဖြည့် နေစဉ် အတွင်း လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှုကြောင့် အမျိုးသမီး (၁) ဦး အပါအ၀င် (၃) ဦး မီးသင့်ခဲ့ကြောင်း သိရသည်။

“မိန်းကလေးက လောင်တာ တော်တော်များတယ်။ (၃) ဦးလို့ ပြောတယ်။ တိုနီထွန်းထွန်း အလှပြင်ဆိုင်နဲ့ ကပ်လျက်က ဓာတ်ဆီဆိုင်က လောင်တာ။ စဖြစ်တာက ကားနံပါတ်မှတ်တဲ့ တရုတ်ကွန်ပျူတာက လောင်တာ။ အဲဒီကမှ ဓာတ်ဆီဖြည့်နေတဲ့ ပိုက်ကို မီးလောင်သွားတာ” ဟု မီးလောင်မှုကို မျက်မြင်တွေ့သူက ပြောသည်။

အစိုးရ ဓာတ်ဆီဆိုင်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးပြီးချိန်တွင် စတင်ဖြစ်ပွားသည့် မီးလောင်မှုဖြစ်ပြီး အနီးပတ်ဝန်းကျင် ရပ်ကွက်များက စိုးရိမ်မှုများဖြစ်ပေါ်နေသည်။ အဆိုပါ ဓာတ်ဆီဆိုင် ၀န်ထမ်းများမှာလည်း ယခင် အစိုးရ၀န်ထမ်းများ မဟုတ်ဘဲ ၀န်ထမ်းအသစ်များ ဖြစ်သည့်အတွက် အလုပ်အကိုင် မကျွမ်းကျင်သေးခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ရကြောင်း ရန်ကုန်မြို့ခံများက ဆိုသည်။

“၀န်ထမ်းတွေက အရင်က အစိုးရ၀န်ထမ်းတွေ မဟုတ်ဘူး။ အသစ်တွေ လုပ်ငန်းက မကျွမ်းကျင်ဘူး” ဟု ကားပိုင်ရှင်တဦးက ပြောသည်။

လူ (၃) ဦး ထိခိုက် ဒဏ်ရာရရှိခြင်းမှအပ အပျက်အစီး မများကြောင်း၊ မီးလောင်ကျွမ်းပြီး မိနစ် (၂၀) ခန့်အကြာ မွန်းလွဲ (၃) နာရီ မိနစ် (၂၀) မှ ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့က မီးသတ်ကား ရောက်ရှိလာကြောင်း သိရသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးလိုက်သော အဆိုပါ ဓာတ်ဆီဆိုင်များသည် နံနက် (၆) နာရီမှ ည (၈) နာရီအထိ ဖွင့်လှစ်ပြီး ကားတစီးအတွက် တရက် လောင်စာဆီ (၆) ဂါလန် ရောင်းချ ပေးနေခြင်း ဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။