နရီလင်းလက် | အဲ ပုဂံ (Air Bagan) နှင့် အဲ မန္တလေး (Air Mandalay) လေကြောင်း လိုင်းများသည် လေယာဉ်သစ်များ ဝယ်ယူထားပြီး ပြည်တွင်း ပြည်ပ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


အဲ ပုဂံသည် အာရှ ၄ နိုင်ငံ ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲမည် ဖြစ်သည် (ဓာတ်ပုံ - Flickr / Chih Ping)
“ရန်ကုန်-ချင်းမိုင် ခရီးစဉ် အပြင် နိုင်ငံတကာ ခရီးစဉ် တွေကို ပွင့်လင်းရာသီ မတိုင်ခင်မှာ တိုးချဲ့ ပြေးဆွဲ နိုင်ဖို့ လေယာဉ်တွေ ၀ယ်ထားပြီး ခရီးစဉ်တွေ စဖို့ ပြင်ဆင်နေပြီ” ဟု အဲပုဂံ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆိုသည်။

တိုးချဲ့ ပြေးဆွဲရန် စီစဉ်ထားသည့် ခရီးစဉ်များ ထဲတွင် စင်ကာပူ၊ ဘန်ကောက်၊ ဖူးခက်၊ ကွာလာ လမ်ပူ၊ ဆိုင်ယမ် ရိ (ပ်) ခရီး စဉ်များလည်း ပါဝင်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။

အဲ ပုဂံ လေကြောင်း လိုင်းသည် ပြည်ပ ခရီးစဉ်များ အတွက် A-320 ခရီးသည်တင် လေယာဉ် ၂ စီး၊ ပြည်တွင်း ခရီးစဉ်များ အတွက် AIR 72-500 လေယာဉ် ၂ စီး ဝယ်ယူ ထားသည်ဟု သိရသည်။

အဲ မန္တလေး လေကြောင်းလိုင်းသည်လည်း ATR-72 လေယာဉ် ၂ စီး ထပ်မံ ဝယ်ယူပြီး ပြည်တွင်း ခရီးစဉ်များကို နိုဝင်ဘာလ မတိုင်မီ တိုးချဲ့သွားမည်ဟု သတင်းရရှိသည်။

ဦးတေဇ ပိုင်ဆိုင်သော အဲပုဂံလေကြောင်းလိုင်းနှင့် အပြိုင် အဲ အင်းလေး (Air Inlay) လေကြောင်းလိုင်းကို ပျံသန်း ပြေးဆွဲရန် ခွင့်ပြုခဲ့ပြီးနောက်တွင် ခရီးစဉ်များရေးဆွဲကာ ပွင့်လင်းရာသီအမီ အပြိုင် လုပ်ဆောင်သွားရန် ရှိကြောင်း အဲပုဂံ လေကြောင်း လိုင်းမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတဦးက ပြောသည်။

အဲ အင်းလေး လေကြောင်းလိုင်းကို စီးပွားရေး လုပ်ငန်းရှင် ဦးနေအောင်နှင့် ကမ္ဘောဇ ဘဏ်ပိုင်ရှင် ဦးအောင်ကိုဝင်း တို့က ပူးတွဲ လုပ်ကိုင်ခြင်းဖြစ်သည်။

အဲ ပုဂံပိုင်ရှင် ဦးတေဇသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စီးပွားရေး လူယုံ ဖြစ်သည်။ ဦးနေအောင်မှာမူ အမှတ် (၁) စက်မှုဝန်ကြီး ဌာန ၀န်ကြီး ဦးအောင်သောင်း၏ သားဖြစ်ပြီး IGE ကုမ္ပဏီ၊ အောင်ရည်ဖြိုး ကုမ္ပဏီ စသည့် အမည်များဖြင့် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရရှိနေသူများဖြစ်သည်။

သက်တမ်း ၅ နှစ်ကျော်လာပြီ ဖြစ်သည့် အဲပုဂံမှာ ယခုအခါ မြန်မာပြည်တွင်း ၁၆ မြို့နှင့် ပြည်ပတွင် အာရှ ၇ နိုင်ငံသို့ ပြေးဆွဲနေသည်။

အဲပုဂံတွင် စုစုပေါင်း လေယာဉ် ၈ စီး ရှိပြီး လေယာဉ် အမျိုးအစား များမှာ A310 ၂ စီး၊ F-100 ၂ စီး၊ ATR-72 ၂ စီး၊ ATR-42 ၂ စီးတို့ ဖြစ်သည်ဟု အဲပုဂံ၏ ဖေဖော်ဝါရီလထုတ် Lotus စာစောင်တွင် ဖော်ပြထားသည်။

ပစိဖိတ် အာရှ ခရီးသွားလုပ်ငန်း အသင်း၏ ထုတ်ပြန်ချက်အရ ယခုနှစ် ပထမ ၃ လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကမ္ဘာလှည့်ခရီးသည် ရောက်ရှိမှုနှုန်း ၃၉ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။

source by : ဧရာဝတီ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။