ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မီးလောင်သွားသည့်လေယာဉ်အား အရေးပေါ်ကယ်ဆယ်သည့် လေ့ကျင့်မှုတစ်ခုကို သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။

လေယာဉ်များ အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်လာရပါက ခရီးသည်များ၏ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချမှုအတွက် မည်သို့ဆောင်ရွက် ကာကွယ်ရသည်များကို လေ့ကျင့်သည့် လုပ်ဆောင်ချက်တစ်ရပ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၀ခုနှစ် ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါလေ့ကျင့်မှုကို ဇာတ်လမ်းတစ်ခုဆင်ကာ လေယာဉ်ပုံစံတူတစ်ခု ဆောက်လုပ်၍ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။


အဆိုပါ ဇာတ်တိုက်လေ့ကျင့်ရန် ပြုလုပ်ထားသည့်ဇာတ်လမ်းအရ လေယာဉ်ခရီးသည် ၁၈ ဦး တင်ဆောင်လာသော လူ ၅၀ ဦးဆန့် ဂျက်လေယာဉ်တစ်စင်း သည် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ရန် ပျံသန်းစဉ် မြန်မာပြည်နယ်နိမိတ် ရန်ကုန်မြို့မှ မိုင် ၇၀ အကွာသို့ အရောက် လေယာဉ်၏ အင်ဂျင်စက်တစ်လုံးမှ မီးလောင်နိုင်သည့်အရေးပေါ် အခြေအနေဖြစ်ပေါ်ခဲ့သည်။ ထိုအခါ ရန်ကုန်လေဆိပ်တွင်အရေးပေါ်ဆင်းသက်ရန်အတွက် လေဆိပ်၏ လေယာဉ်အသက်ကယ်နှင့် မီးသတ်ဌာနသို့လေယာဉ်အမျိုးအစား၊ ဆီလက်ကျန်၊ ခရီးသည်၊ ဆိုက်ရောက်မည့်အချိန်များကို အကြောင်းကြားခဲ့သည်။

အဆိုပါဌာနမှရရှိသည့် သတင်းများပေါ်မူတည်ကာ မီးသတ်ယာဉ်၊ ကယ်ဆယ်ရေး၊ ကယ်ဆယ်မည့်သူ၊ လူနာတင်ယာဉ်စသည်တို့ကို ကြိုတင်ပြင်ဆင်ထား သည်။ ထို့နောက်လေကြောင်း ထိန်းသိမ်းရေးမှလည်း ၄င်းသတင်းကို သတ်မှတ်ထားသော သက်ဆိုင်ရာတာဝန်ရှိသူများကို အကြောင်းကြားခဲ့သည်။ လေယာဉ်သည် အရေးပေါ်ဆင်းသက်ချိန်တွင် ဘီးကျိုးပြီးမီးလောင်သွားစဉ် လေယာဉ်အား မီးငြိမ်းသတ်ပုံ၊ ခရီး သည်များအားကယ်ဆယ်ပုံများကို အသက်ကယ်နှင့်မီးသတ်ဌာန၊ လေကြောင်းလိုင်းဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေး၊ အကောက်ခွန်ဌာန၊ လေဆိပ်လုံခြုံရေးဌာနစိတ်၊ ရန်ကုန်လေဆိပ်မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။

'' လေယာဉ်ပုံစံတူဆောက်ပြီး မီးရှို့တယ်။ ပြီးမှသက်ဆိုင်ရာအဖွဲ့အစည်းက သူတို့လုပ်ရမယ့် လုပ်ဆောင်ချက်တွေကို လေ့ကျင့်သွားပါတယ်''ဟု ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူက ရှင်းပြသည်။


source by :news-eleven

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။