သန်းထိုက်ဦး | မလေးရှား နိုင်ငံတွင် အထိန်းသိမ်း ခံနေရသူ မြန်မာ အလုပ်သမား များသည် အဖျားရောဂါ တမျိုးကြောင့် သေဆုံး သူ စုစုပေါင်း (၈) ဦး ရှိပြီဖြစ်ကြောင်း ၎င်းစခန်းမှ ထိန်းသိမ်းခံရသူ တဦးက ပြောသည်။

အဆိုပါ သေဆုံးသည့် အလုပ်သမား များသည် ကွာလာလမ်ပူမြို့နိုင်ငံတကာ လေဆိပ် အနီးရှိ ထိန်းသိမ်းရေး စခန်း တရားမ၀င် နေထိုင်မှုများဖြင့် ထိန်းသိမ်း ခံနေရသူများ ဖြစ်ပြီး ၎င်းတို့သည် ပူထရာဂျာရာ ဆေးရုံတွင် သေဆုံးခဲ့ ခြင်းဖြစ်သည်ဟု အထိန်းသိမ်း ခံနေရသည့် ကိုကျော်စိုးက ဧရာဝတီသို့ ပြောသည်။

“ခြေထောက်တွေ လက်တွေဖော၊ မျက်နှာတွေ ဖောပြီးတော့ ဆေးရုံ ရောက်တယ်၊ တရက်ပဲ ခံတယ်၊ အဲဒီလို သေဆုံး သွားကြတာ များတယ်၊ သေဆုံး သွားတဲ့လူတွေကို ထောင်အာဏာပိုင် တွေက ပြောပြလို့ သိရတယ်”ဟု ၎င်း ကိုကျော်စိုးက ဆိုသည်။

ယခု ရောဂါသည် အဖျားဝင်ပြီး ထမင်းစားချင် စိတ် မရှိခြင်း၊ ခန္ဓာကိုယ် ဖောယောင်လာခြင်း စသည့် လက္ခဏာ များ ဖြစ်ပေါ်လာကြောင်း ယင်းစခန်းအတွင်း အထိန်းသိမ်းခံနေရသူများက ပြောသည်။

သေဆုံးသူ၏ ရောဂါ အတိအကျကို မသိရှိရ သေးသော်လည်း ထိန်းသိမ်းခံ နေရသည့် မြန်မာ အလုပ်သမား အများ စုက ကြွက်နှင့် ပတ်သက်သည့် ရောဂါ ဖြစ်သည်ဟု ပြောဆိုနေကြသည်။

အလားတူပင် ယခုနှစ် ဇန်နဝါရီလက ထိန်းသိမ်းရေး စခန်းတခုတွင် ကိုပေါ နှင့် ကိုကျော်စွာ အမည်ရှိ မြန်မာ ပြည်သား အလုပ်သမား ၂ ဦး သေဆုံး ခဲ့ပြီး နောက်ပိုင်း ယခုကဲ့သို့ သေဆုံးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ထိုထိန်းသိမ်းရေး စခန်းတွင်းရှိ သူများသည် မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ် ကိုင်မှုဖြင့် ဖမ်းဆီး ခံထား ရသူများဖြစ်သည်။ ၎င်းတို့ အထဲတွင် မြန်မာပြည်သား အများစု ပါဝင် နေကြောင်းလည်း သိရသည်။

အထိန်းသိမ်း ခံထားရ သူများ အတွက် နေရာ ထိုင်ခင်းလည်း အလုံ အလောက် မရှိဘဲ အထိန်းသိမ်း ခံရစဉ် အနိုင်ကျင့် နှိပ်စက်မှုများ ရှိသည် ဟူသော သတင်းများလည်း မကြာခဏ ထွက်ပေါ်လျက် ရှိသည်။

မြန်မာ သံရုံး၏ ပူးပေါင်း ဆောင်ရွက်မှု အားနည်းသောကြောင့် ထိန်းသိမ်းခံ နေရသော မြန်မာ ပြည်သားများကို နေရပ် ရင်းသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်မှာ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု သိရသည်။

၂ဝဝ၅ ခုနှစ်မှ စတင်ပြီး မလေးရှား အစိုးရက RELA တပ်ဖွဲ့ ဝင်များအား (လဝက) အချုပ်ခန်း များကို ကွပ်ကဲရန်၊ တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးရန် တရားဝင် လုပ်ပိုင်ခွင့် ပေးထားကြောင်း သတင်းများ ဖော်ပြချက် အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် ရွှေ့ပြောင်း အလုပ်သမားများ အတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ နိုင်ငံခြားသား မုန်းတီးမှုလည်း အလွန်များကြောင်း၊ ထိုသို့ မုန်းတီးမှုကြောင့် ပြဿနာ များစွာ ဖြစ်ပေါ် နေကြောင်း ကြားသိရ သည်။

မြန်မာ နိုင်ငံတွင် စီးပွားရေး အဆင်မပြေ သဖြင့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်သူပေါင်း သန်းနှင့် ချီပြီး ရှိနေသည်။ အထူးသဖြင့် မလေးရှား နှင့် ထိုင်း နိုင်ငံသို့ သွားရောက်လေ့ ရှိသည်။

source by : ဧရာဝတီ

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။