သတင်း အေးလဲ့ ဧရာဝတီ | ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ အသက် (၉၁) နှစ်သည် ယမန်နေ့ည ၇ နာရီခန့်တွင် လူကြီး ရောဂါဖြင့် ရန်ကုန်မြို့ ကမာရွတ် မြို့နယ်ရှိ နေအိမ်တွင် ကွယ်လွန် သွားကြောင်း သိရသည်။


ဦးစောမြအောင်
ယင်း ဦးစောမြအောင်၏ ကြွင်းကျန်ရစ်သော ရုပ်အလောင်းကို ယနေ့နံနက် ၁၁ နာရီ ခန့်တွင် ရေဝေး သုသာန်၌ မီးသင်္ဂြီုဟ်ရာသို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က သံဃာတော်များကို ကပ်လှူရန် သင်္ကန်း ၅ စုံနှင့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ပန်းခြင်းတခြင်း ပေးပို့ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ ချုပ် အတွင်းရေးမှူး ဦးအေးသာအောင် က ပြောပြသည်။

ဦးအေးသာအောင်က “ဦးစောမြအောင်ဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် အဓိက ကြိုးပမ်းခဲ့သူတဦး ဖြစ်ပါတယ်၊ အခုလို သူကွယ်လွန် သွားတာဟာ ကျနော်တို့ တိုင်းပြည်အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု တခုပဲဖြစ်ပါတယ်”ဟု ပြောကြားလိုက်ပြီး ဦးစောမြအောင်သည် ဒေါ်အောင်ဆန်း စုကြည်နှင့် လုပ်ဖော်ကိုင်ဖက် ရင်းနှီးသူတဦး ဖြစ်ကြောင်း လည်း ဆက်လက် ပြောဆိုသည်။

ဖခင်ဦးစောလှအောင်နှင့် မိခင်ဒေါ်ပန်းစံ မိဘနှစ်ပါးတို့မှ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် မွေးဖွားခဲ့သည့် အဆိုပါ ဦးစောမြအောင်သည် မူလတန်းနှင့် အလယ်တန်း ပညာကို ရခိုင်ပြည်နယ်တွင် သင်ယူခဲ့ပြီး ၁၉၄၂ ခုနှစ် ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားနေချိန်အထိ ရန်ကုန်မြို့တွင် အထက်တန်းနှင့် ဆေးပညာကို သင်ကြားခဲ့သည်။

ဆက်လက်ပြီး ၁၉၄၇ ခုနှစ် မေလတွင် အိန္ဒိယနိုင်ငံ ဘုံဘေမြို့၌ ဆေးပညာကို ၄ နှစ်ကြာ သင်ကြားခဲ့ရာမှ ဆရာဝန်ဘွဲ့ အမ်ဘီဘီအက်စ် (ဘုံဘေ) ကို ရရှိခဲ့သည်။ ပြီးနောက် နိုင်ငံဝန်ထမ်းအဖြစ် ၂ နှစ် ဆောင်ရွက်ခဲ့ပြီး ဗြိတိန် နိုင်ငံတွင်လည်း ၄ နှစ်ကြာ ဆေးပညာ သင်ကြားခဲ့ရာမှ ဘွဲ့လွန် ဒီပလိုမာ ဒီစီအိတ်ခ်ျဘွဲ့ လန်ဒန်နှင့် အက်ဖ်အာရ်စီပီ ဘွဲ့ နှင့် ဂလပ်စကို ပါရဂူဘွဲ့စသည့် ဘွဲ့အသီးသီးကို လက်ခံရရှိခဲ့သူ ဖြစ်သည်။

ဒေါက်တာ ဦးစောမြအောင်သည် ၁၉၅၅ ခုနှစ်မှစပြီး ၁၉၆၃ ခုနှစ်အထိ မန္တလေး ဆေးရုံအုပ်ကြီး၊ သမားတော်ကြီး နှင့် မန္တလေး ဆေးတက္ကသိုလ် ဆေးပညာ ဌာနမှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး လူမှုရေး၊ ဘာသာရေး အသင်းများတွင်လည်း ဦးဆောင်မှု အပိုင်းမှ ဆောင်ရွက်ခဲ့သည်။

၁၉၇၈ တွင် တာဝန်များမှ အငြိမ်းစား ယူပြီးနောက် ၁၉၇၈ ခုနှစ်မှ ၁၉၈၂ ခုနှစ်အတွင်း ဟောင်ကောင် ဆေးရုံကြီး တွင်၂ နှစ် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ရန်ကုန်မြို့ရှိ ဗဟန်းမြို့နယ် ဇီဝိတဒါန သံဃာ့ဆေးရုံ နှင့် သီလရှင်များ ဆေးရုံတွင် စေတနာ သမားတော်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၀ပြည့် အထွေထွေ ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာမှ မြောက်ဦးမြို့ နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ရွေးချယ်ခံခဲ့ရသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၁၁ ခုတွင် အနိုင်ရခဲ့သည်။ မဲဆန္ဒနယ်မြေ တတိယ အများဆုံး ရခဲ့သည့် နိုင်ငံရေး ပါတီဖြစ်သည်။ ၁၉၉၂ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ပယ်ဖျက်လိုက်ကြောင်း ပါတီစုံ ဒီမိုကရေစီအ ထွေထွေရွေး ကောက်ပွဲ ကျင်းပရေး ကော်မရှင်မှ ကြေညာခဲ့သည်။

ထို့နောက် ဦးစောမြအောင်သည် ၁၉၉၈ ခုနှစ်သြဂုတ်လ ၂၁ ရက်နေ့တွင် စစ်အစိုးရက ၃ နှစ်ကျော်ကြာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

ယင်းသို့ ဖမ်းဆီးခံရပြီး နောက်တလအကြာ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီမှ ဦးစောမြအောင်ကို ပြည်သူ့လွှတ်တော် ဥက္ကဌအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

ဦးအေးသာအောင်က ဦးစောမြအောင်သည် မြန်မာ့ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသား အခွင့်အရေးတို့အတွက် ကွယ်လွန်ချိန်အထိ ဖြောင့်မှန်စွာ လုပ်ဆောင်သွားသူ တဦးဖြစ်ကြောင်း ပြောဆိုသည်။

“အန်ကယ်တို့နဲ့ အတူ အနှစ် ၂၀ ကျော် လက်တွဲပြီးတော့ ဒုက္ခသုခ အခက်အခဲ အမျိုးမျိုး ရင်ဆိုင်ရပ်တည်သွားတဲ့ ဥက္ကဌ တဦးအနေနဲ့ရော၊ ဒီမိုကရေစီ ကြိုးစားမှုမှာ ပြတ်ပြတ်သားသား ဇွဲလုံ့လရှိရှိနဲ့ ရပ်တည်ခဲ့တဲ့ ပုဂ္ဂိုလ် တယောက် အနေနဲ့ရော သူအခုလို ကွယ်လွန်သွားတာဟာ အားလုံးအတွက် နစ်နာဆုံရှုံးမှု တခုလို့ ခံယူပါတယ်။ ဦးစောမြအောင် စိတ်နေစိတ်ထားကတော့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးနဲ့ တိုင်းရင်းသားများ အခွင့်အရေး ရရှိရေး ဖြောင်ဖြောင့်မှန်မှန် ကွယ်လွန်ချိန်အထိ ဆောင်ရွက်သွားခဲ့ပါတယ်”ဟု ဦးအေးသာအောင်က ပြောသည်။

ဦးစောမြအောင် ကွယ်လွန်ချိန်တွင် ဇနီးဒေါ်စောတင်နှင့် သားသမီး ၄ ဦး ကျန်ရစ်ကြောင်း သိရသည်။

1 comments:

Nay Min Oo said...

Dr. Saw Mra Aung was the president of Rotary Club of Mandalay as well.

Post a Comment

သင်ကြိုက်တာရေးပါ။