သတင်း NEJ ခေတ်ပြိုင် | လက်ရှိ မြန်မာနိုင်ငံအတွင်း စီးပွားရေးကျဆင်းနေမှုကြောင့် ယခင်က ဈေးကြီးသည့် ဆန်ချောအကောင်းစား စားသုံးသူများအနေဖြင့် ပိုမို ဈေးသက်သာသည့် ဆန်များကို ရွေးချယ်ဝယ်ယူ စားသုံးလာသည့်အတွက် ဆန်ချောရောင်းချရမှု ကျဆင်းလာကြောင်း ပေါ်ဆန်းမွှေးဆန် အိမ်အရောက်ပို့ လုပ်ငန်း လုပ်ကိုင်နေသူတဦးက ပြောသည်။

၎င်းက “ကျနော်တို့က သန့်စင်ပြီးသား ပေါ်ဆန်းမွှေးဆန်အကောင်းစားတွေကို အိတ်လိုက် အိမ်အရောက်ပို့ လုပ်ငန်း လုပ်နေတာ ကြာပါပြီ။ ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်း တိုက်ပြီးတဲ့အချိန် ပေါ်ဆန်းမွှေးဆန်အကောင်းစားတွေ ဈေးနှုန်း အလွန်အမင်း တက်သွားတာတောင် ဝယ်လိုအားကို မထိခိုက်ခဲ့ဘူး။ ခု ပြီးခဲ့တဲ့လကစလို့ အရောင်း (၃ဝ) ရာခိုင်နှုန်းကျော်လောက် ကျသွားတယ်။ ဆန်ဈေးတွေ ကျဆင်းနေတဲ့ ကြားကနေကို ဝယ်လိုအားက ကျသွားတာ။ လူလတ်တန်းစား အများစုဟာ အခြား ဈေးနည်းနည်း သက်သာတဲ့ ဆန်တွေ ပြောင်းပြီး စားကြလို့ ဖြစ်တယ်” ဟု ရှင်းပြသည်။

လောလောဆယ် သန့်စင်ပြီး ပေါ်ဆန်းမွှေးဆန်ဟောင်း အကောင်းစား (ထူးထူးရှယ်) တတင်းခွဲဝင် တအိတ် အိမ်အရောက်ပို့ ဈေးနှုန်းသည် ကျပ် (၃၇,ဝဝဝ) ရှိသည်။ အဆိုပါဈေးနှုန်းသည် နာဂစ်မုန်တိုင်း တိုက်ပြီးနောက် ဇွန်လခန့်က စဖြစ်သည့် တအိတ် ကျပ် (၄ဝ,ဝဝဝ) ကျော်ဈေးနှုန်းမှ ကျဆင်းလာခြင်း ဖြစ်သည်။ ယခုလက်ရှိ ဈေးကွက်ထဲတွင် ပေါ်ဆန်းမွှေးဆန်သစ်များလည်း ထွက်နေပြီး အမျိုးအစားလိုက်၍ တအိတ်ကို ကျပ် (၁၆,ဝဝဝ) မှ ကျပ် (၂၂,ဝဝဝ) ခန့် ဈေးပေါက်နေသည်။

ရန်ကုန်မြို့မှ အိမ်ရှင်မတဦးကမူ ၎င်းတို့ မိသားစုအနေဖြင့် ယခင်က အိမ်အရောက်ပို့ သန့်စင်ပြီး ပေါ်ဆန်းမွှေး ဆန်အိတ်နှင့် မြေပဲဆီများကို မှာယူစားသုံးခဲ့ကြောင်း၊ တယ်လီဖုန်း ဆက်လိုက်သည်နှင့် အိမ်အရောက် လာပို့ကြောင်း၊ သန့်စင်ပြီးသား ဆန်များဖြစ်၍ ရေဆေးပြီး ချက်ရုံသာ လုပ်ရကြောင်း၊ ယခုနောက်ပိုင်း စီးပွားရေး အခြေအနေကြောင့် ငွေကြေးချွေတာသည့်အနေဖြင့် ရိုးရိုး ဆန်ဆိုင်များမှ ပေါ်ဆန်းမွှေးဆန်အိတ်များကိုသာ ဝယ်စားကြောင်း၊ လောလောဆယ် ဆန်သစ်ဝယ်စား၍ ဆန်တအိတ် ကျပ် (၁ဝ,ဝဝဝ) ခန့် သက်သာနေကြောင်း ပြောသည်။

ရန်ကုန်မြို့မှ ဝင်ငွေကောင်းသည့် လူလတ်တန်းစား အထက်လွှာနှင့် ချမ်းသာသည့် မိသားစုများသည် ဆန် အကောင်းစားကို အိမ်အရောက်ပို့ လုပ်ငန်းများတဆင့် မှာယူ စားသုံးကြသည်။

ယခုလက်ရှိ ရန်ကုန်တွင် နာမည်ကြီး ဆန်အိမ်အရောက်ပို့ လုပ်ငန်း (၅) ခုခန့် ရှိသည်။ ယခုကဲ့သို့ စီးပွားရေး ကျဆင်းမှုကြောင့် လုပ်ငန်းကျဆင်းရာ၌ ဆန်ချော အိမ်အရောက်ပို့ လုပ်ငန်းများသာမက နာမည်ကြီး စားသောက်ဆိုင်များ နှင့် အခြား စီးပွားရေး လုပ်ငန်းများလည်း ပါဝင်ကြောင်း စုံစမ်းသိရသည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။