သတင်း NEJ ခေတ်ပြိုင် | အဝေးပြေးယာဉ်များ လိုအပ်သောဒီဇယ်ဆီမရသဖြင့် အရှုံးပေါ်သောကြောင့် ကုန်များကို လူစီးယာဉ်များ တွင်တင်၍ ခရီးစရိတ်ရှာဖွေကြရကြောင်း ကားပိုင်ရှင်များက ပြောသည်။

အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်းအတွင်းရှိ မြန်မာပြည်အနှံ့ ပြေးဆွဲနေသော ကားဂိတ်ပေါင်း (၁၅၀) ကျော်မှ အဝေးပြေးယာဉ်လိုင်းများသည် စက်သုံးဆီကို အပြင်ပေါက် ဈေးဖြင့် ၀ယ်ယူ အသုံးပြုရ သောကြောင့် ထိုသို့အရှုံးပေါ်ရခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့အထိ ဒီဇယ်ဆီတပေပါလျှင် ပြင်ပပေါက်ဈေး ကျပ် (၃) သိန်းခန့်ပေါက်နေပြီး သက်ဆိုင် ရာက အဝေးပြေးကားများအတွက် ဆီ အလုံအလောက် ထုတ်မပေးသည့်အတွက် ပြင်ပမှ ၀ယ်ယူ
အသုံးပြုရခြင်းဖြစ်သည်ဟု ရန်ကုန်-မန္တလေး လိုင်းတွင် ကားပြေးဆွဲသူတဦးက ပြောသည်။

၎င်းက “ရန်ကုန်-မန္တလေးကို အသွားအပြန် ဆီဂါလန် (၁၂၀) လောက်ကုန်တယ်။ နောက်လမ်း တလျှောက်လုံး တံတားသုံး၊ လမ်းသုံးနဲ့ ဂိတ်ဝင်ကြေးတွေက စုစုပေါင်း (၅) သောင်းလောက် ရှိတယ်။ ခရီးသည်တင်ခ ရတဲ့ငွေထဲက (မထသ) ကို (၂) ရာခိုင်နှုန်း ပေးရသေးတယ်။ တာယာ လဲခ၊ ကားပြင်စရိတ်၊ ၀န်ထမ်းခ၊ ဒရိုင်ဘာကြေး၊ စပါယ်ယာကြေး၊ စားစရိတ်နဲ့ဆိုရင် ဘာမှ မကျန်တော့ဘူး” ဟု ပြောသည်။

အစိုးရက ဒီဇယ်ဆီကို အိမ်သုံး၊ ရုံးသုံးနှင့် ကားများအတွက် ခွဲတမ်းအမျိုးမျိုး သတ်မှတ်ထားပြီး အစိုးရဈေးမှာ ဒီဇယ်တဂါလန် ကျပ် (၃,၀၀၀) ဖြစ်သော်လည်း အဝေးပြေးကားများသည် တနေ့ကို ဒီဇယ် (၂) ဂါလန်နှုန်းသာ ရရှိသဖြင့် ပြင်ပ ဈေး ဒီဇယ်တဂါလန် (၆,၀၀၀) ကျပ်ဖြင့် ၀ယ်ယူ သုံးစွဲနေကြရသည်။

ပြီးခဲ့သည့်ဇူလိုင် (၂၆) ရက်တွင် မထသ က အဝေးပြေးယာဉ်စီးခ လက်မှတ်များကို ယခင်(၁) မိုင် (၂၄) ကျပ်နှုန်းမှ (၂၈) ကျပ်နှုန်းသို့ တရားဝင် တိုးမြှင့်သတ်မှတ်ခဲ့သည်။

ထိုသို့တိုးမြှင့်လိုက်သော်လည်း ပြင်ပမှ ဆီဝယ်သုံးရသည့်အပြင် ယခုအချိန်သည် မိုးရာသီလည်း ဖြစ်သည့်အတွက် ခရီးသည်သိပ်မရှိဘဲ ရန်ကုန်မှ ပြည်၊ နေပြည် တော်၊ အောင်လံ၊ တောင်တွင်းကြီး မြို့များသို့ ပြေးဆွဲနေသည့် ကားများသည် မထသ မှ သတ်မှတ်ထားသည့် ကားခများထက် လျှော့ရောင်းရသည့် အနေအထားသို့ ရောက်နေကြောင်း၊ ထို့အတွက် ပိုမိုအရှုံးပေါ်နေကြောင်း ကားသမားများက ပြောသည်။

“ရခိုင်ဂိတ်တွေက အရင်နှစ်မိုးတွင်းရာသီတွေမှာ တဂိတ်ကို တနေ့တစီးနှုန်း ပုံမှန်ထွက်နိုင်ပေမယ့် ဒီနှစ်ကတော့ ခရီးသည်တစီးပြည့်ဖို့တောင် အနိုင်နိုင်ဖြစ်နေတယ်” ဟု အောင်မင်္ဂလာ အဝေးပြေး ကားဂိတ် မှ ကားဒရိုင်ဘာ တဦးက ပြောသည်။

ကားပိုင်ရှင်များက ခရီးစရိတ် အရှုံးပေါ်မှုကို ကာမိစေရန် အဝေးပြေးလူစီးယာဉ်များတွင် လူရော၊ ကုန်ပစ္စည်း များပါတင်ပြီး ကုန်ပစ္စည်းခများကို တိုးမြှင့်တောင်းခံနေကြောင်း သိရသည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။