သတင်း FAO ခေတ်ပြိုင် | နာဂစ်မုန်တိုင်းအလွန် ဇူလိုင်လနှောင်းပိုင်းတွင် မုန်တိုင်းသင့်ဒေသများရှိ လယ်သမားများထံ ကျွဲကောင်ရေ (၆၀၀) ပေးဝေလိုက်ရာ လယ်ဧက အနည်းအကျဉ်းသာ လုပ်ကိုင်တတ်ကြ သည့် လယ်သမားများအတွက် စပါးစိုက်ရာသီတွင် များစွာအထောက်အကူရရှိပြီး လာမည့် စိုက်ပျိုးရေး များအတွက်လည်း အရေးပါသည့်ဆောင်ရွက်မှုဖြစ်မည်ဟု ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ယမန်နေ့တွင် ပြောကြားသည်။

ဇူလိုင် (၂၀) ရက်တွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းအတွင်းရှိ အိမ်ထောင်စု (၃၀၀) သည် ကုလ သမဂ္ဂ ဗဟိုအရေးပေါ်ကယ်တင်ရေး ရန်ပုံငွေအဖွဲ့ အစီအစဉ်ဖြင့် ကျွဲနွားတရှဉ်းစီ ရရှိကြသည်။

ကျွဲအားလုံးကို မြန်မာ တိမွေးကုဌာနမှ ဆေးစစ်မှုများပြုလုပ်ပြီး အဓိကဖြစ်တတ်သည့် ကျွဲနွား
ရောဂါကာကွယ်ဆေးများလည်း ထိုးထားပြီးဖြစ်သည်။ ထိုစီမံချက်အောက်မှာပင် ကျွဲများအတွက် အစာတန်ချိန် (၆၀) နှင့် အခြားလိုအပ်သည်များကိုလည်း စီစဉ်ထားပြီးဖြစ်သည်။

“စားနပ်ရိက္ခာ လုံခြုံရေးအတွက် စပါးစိုက်တဲ့ မုတ်သုန်ရာသီမှာ စပါးအထွက်နှုန်းအမြင့်ဆုံးဖြစ်ဖို့ ကိုလည်း ကြိုးစားနေပါတယ်” ဟု မြန်မာနိုင်ငံတွင်းရှိ FAO ဌာနေကိုယ်စားလှယ် ရှင်အိမိုင်က ပြောသည်။

ကျွဲအကောင်ရေ (၆၀၀) ဖြန့်ဝေလိုက်ခြင်း၏ အကျိုးသက်ရောက်မှုသည် လက်ခံရရှိသည့် အိမ်ထောင်စုများ၏ စပါးစိုက်ပျိုးရေးသက်သက်ထက်ပင် များစွာ အကျိုးရှိပါသည်။ မုန်တိုင်းသင့် ဒေသများတွင် အထူးသဖြင့် အကျပ်အတည်းဖြစ်သည့် ကာလမျိုးများတွင် စည်းစည်းလုံးလုံးနှင့် စုပေါင်းလုပ်ဆောင်တတ်သည့် အလေ့အထကို ချီးမွမ်းရမည်ဖြစ်သည်။ ကျွဲများကို ရရှိသည့် မိသားစုများကလည်း အိမ်နီးချင်း လယ်သမား မိသားစုများအား ကျွဲများ မျှဝေသုံးစွဲရန် သဘော တူညီကြသည်။

“ကျွဲတွေကို ပေးလိုက်တဲ့အတွက် အိမ်ထောင်စု (၁,၅၀၀)၊ တနည်းပြောရရင် လူအယောက် (၇,၅၀၀) အတွက် တဖက်တလမ်းနဲ့ အထောက်အကူ ဖြစ်စေပါတယ်။ ဒီက အစဉ်အလာအရ ဆိုရင် လယ်သမားတွေက ကျွဲနွားတင် ပေးကူကြတာမဟုတ်ဘူး၊ လူကိုယ်တိုင်ပါ တဦးနဲ့တဦး ရိုင်းပင်း ကူညီတတ်ကြတယ်” ဟု FAO ၏ တိရစ္ဆာန်ဆေးကုဆရာဝန် ဦးရဲထွန်းဝင်းက ပြောသည်။

ယခုကဲ့သို့ အရေးကြီးသည့်အချိန်မျိုးတွင် မြန်မာပြည်သူများ၏ စားဝတ်နေရေး၊ ရေလုပ်ငန်းထုတ် လုပ်မှု၊ အသက်မွေးဝမ်းကျောင်းမှုများကို ကိုယ်ထူကိုယ်ထ ပုံစံမျိုးဖြင့် အလျင်အမြန်တိုးမြှင့်နိုင်ရေး အတွက် FAO က ရည်ရွယ်ထားသည်။

နာဂစ်မုန်တိုင်းအထိနာသည့် ဒေသများတွင်ရှိ ကျွဲနွားများ၏ (၅၀) ရာခိုင်နှုန်းမှာ အသက်ဆုံးရှုံး သွားခဲ့ကြသည်။ ကျွဲနွားများမှာ ဆန်စပါးစိုက်ပျိုးရေးအတွက် ပြင်ဆင်ရာတွင်၊ အထူးသဖြင့် နွမ်းပါး သည့် ရေနက်ကွင်းများတွင် တနိုင်တပိုင် စိုက်ပျိုးနေကြသော လယ်သမားများအတွက် မရှိမဖြစ် လိုအပ်သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်သည့် မေလဆန်းသည် လယ်သမားများအတွက် နွေစပါးရိတ်သိမ်းကာလ နောက်ဆုံးအဆင့် အချိန်ဖြစ်သည်။ မုန်တိုင်းသည် စိုက်ခင်းများ၊ သိုလှောင်ဆန်များ၊ စပါးကျီ များကို ဖျက်ဆီးခဲ့သကဲ့သို့ ငါးဖမ်းလုပ်ငန်းများ၊ ငါးမွေးကန်၊ ပုစွန်ကန်များနှင့် သစ်တောရင်းမြစ် များကိုပါ ပျက်စီးစေခဲ့သည်။ ခိုင်း ကျွဲနွားများဆုံးရှုံးမှု၊ လက်တွန်းထွန်စက်များချို့တဲ့မှုကြောင့် စပါးစိုက်ပျိုး ရေးအတွက် ပြင်ဆင်ရာတွင် ဟက်တာ (၁၈၃,၀၀၀) ခန့် နစ်နာမည်ဟု FAO က ခန့်မှန်းသည်။

ပြီးခဲ့သည့် ဇူလိုင်တွင် တင်သွင်းသည့် FAO ဦးဆောင်သည့် စိုက်ပျိုးရေးအဖွဲ့က အကူအညီအလို အပ်ဆုံးဖြစ်နေသည့် မုန်တိုင်းသင့် ဒုက္ခသည်များကို စိုက်ပျိုးရေးအတွက် ကူညီထောက်ပံ့ပေးရန် နောက်ထပ် အမေရိကန်ဒေါ်လာ (၅၁) သန်း လိုအပ်နေသေးသည်ဟု မေတ္တာရပ်ခံထားသည်။ စိုက်ပျိုးရေးအတွက် စုပေါင်းကုန်ကျစရိတ်များအပြင် ဆန်စပါး၊ ရေလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူရေး၊ သစ်တောနှင့် ညှိနှိုင်းဆောင်ရွက်မှု ကဏ္ဍများကို လုပ်ဆောင်နိုင်ရန်အတွက် FAO က အမေရိကန်ဒေါ်လာ (၃၃.၅) သန်း အဆိုပြုခဲ့ပြီးဖြစ်သည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။