သတင်း မင်းနိုင်သူ ခေတ်ပြိုင် | ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း မိုးစပါးစိုက်ပျိုးနိုင်မှုသည် ၀န်ကြီး အဖွဲ့က သတ်မှတ်ထား သည့် လျာထားချက်အောက် များစွာလျော့ကျမည်ဖြစ်ပြီး ယခုအချိန်အထိ မျိုးစပါး လုံလောက်မှု မရှိသေးကြောင်း လယ်/ဆည် ၀န်ကြီးဌာနမှ အမည်မဖော်လိုသည့် အဆင့်မြင့်အရာရှိတဦးက ခေတ်ပြိုင်သို့ ထုတ်ဖော်ပြောကြားသည်။

ထို့ပြင် လယ်လုပ်ငန်းခွင်အတွက် လိုအပ်သည့် သွင်းအားစုများကိုလည်း အစိုးရက လုံလောက်စွာ ပေးနိုင်ခြင်း မရှိကြောင်း အဆိုပါအရာရှိက ပြောသည်။

၎င်းက “သူတို့က ပါးစပ်လေးနဲ့တင် လျာထားချက်တွေ သတ်မှတ်ပေးတာ။ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ဘာမှ မလုပ်ပေးနိုင်ဘူး။ ရန်ကုန်တိုင်းကိုပဲကြည့်။ လျာထားတာက (၃၄၆,၉၂၅) ဧက စိုက်ပျိုးဖို့ လျာထားတာ။ အခုချိန်အထိ ပျိုးထောင်ပြီးသေးတာက (၂,၄၄၀) ဧကပဲရှိတယ်။ နာဂစ်ဒဏ်ခံရတဲ့ ရန်ကုန်တိုင်းထဲက တခြားဒေသတွေမှာ ပျိုးတောင် မထောင်နိုင်သေးဘူး” ဟု ပြောသည်။

မုန်တိုင်းဒဏ်သင့်ဒေသများအတွက် လိုအပ်သော မျိုးစပါးများကို အစိုးရက အချိန်မီ လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်းမရှိသည့်အပြင် ပေးဝေခဲ့သည့် မျိုးစပါးအချို့မှာလည်း ပျိုးထောင်၍မရကြောင်း ကွမ်းခြံကုန်းမြို့နယ်ရှိ လယ်သမားများက ပြောသည်။

မှော်ဘီမြို့နယ်ရှိ မြန်မာ့ဆန်စပါး သုတေသနဌာနမှ ပညာရှင်တဦးကမူ “အစိုးရက ပညာရှင်တွေကို ပစ်ထားတာကြာပြီဗျ။ အခု နာဂစ်ဖြစ်တော့လည်း သူတို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာဌာနတွေ၊ ကြံ့ဖွံ့အသင်းတွေနဲ့ပဲ မျိုးစပါး ဖြန့်ဝေတာတွေကို ၀ုန်းဒိုင်းဝုန်းဒိုင်း လုပ်နေကြတာ။ အပ်စပ်တဲ့
မျိုးစပါး ဟုတ်မဟုတ် ဆိုတာလည်း သူတို့မသိဘူး။ နားလည်းမလည်ဘူး။ အစောပိုင်းက မျိုးစပါး ဖြန့်ဝေမှုတွေမှာ ကျနော်တို့ကို ညှိနှိုင်းမှုတွေ၊ တိုင်ပင်မှုတွေ မလုပ်ခဲ့ပါဘူး” ဟု ပြောဆိုသည်။

၂၀၀၈ မိုးစပါးစိုက်ပျိုးရန်အတွက် လိုအပ်သည့် မျိုးစပါးတန်ချိန်မှာ ရန်ကုန်တိုင်းအတွက် အထူး အထွက်တိုးမျိုး (၃၄၅) တန်၊ ထိပ်စနှံကားမျိုး (၂၁၃) တန်နှင့် ဆားဒဏ်ခံမျိုး (၄၃၆) တန် စုစု ပေါင်း (၉၉၄) တန်လိုသည်ဟု ကုလသမဂ္ဂ အစားအစာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) က မှန်းထား သည်။ ဧရာဝတီတိုင်းအတွက် လိုအပ်သည့် မျိုးစပါးတန်ချိန်မှာ (၂,၃၂၀) တန်ရှိမည်ဟု FAO က မှန်းထားသည်။

သို့သော် ခေတ်ပြိုင်မှ စုံစမ်းသိရသည့် အစိုးရကိန်းဂဏန်းများအရ ဇူလိုင်နောက်ဆုံးပတ်ထိ ရန်ကုန်တိုင်းအတွင်း စပါးပျိုးထောင်ပြီး ဧကမှာ လျာထားချက်ဧက၏ (၀.၇) ရာနှုန်းသာရှိပြီး ဧရာဝတီတိုင်း စပါးပျိုးထောင်ပြီး ဧကမှာ လျာထားချက်ဧက၏ (၇.၁) ရာနှုန်းသာရှိသည်ကို တွေ့ရသည်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း နှစ်တိုင်းပေါင်း စုစုပေါင်း ပျိုးထောင်ပြီးဧကမှာ လျာထားချက်၏ (၆) ရာနှုန်းသာရှိသေးသည့်အတွက် မိုးစပါးအထွက်နည်းပြီး မကြာခင် ဆန်ဈေးပြန်ထောင်လာနိုင်သည်ဟု ဆန်ကုန်သည်များက မှန်းထားသည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။