သတင်း နန်းဒေဝီ မဇ္ဈိမ | နယူးဒေလီ။ ။ စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်မည်ဟူသော ကောလာ ဟလများနှင့်အတူ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် လုံခြုံရေးများ တမူထူးကဲစွာ တိုးမြှင့်ကာ ယနေ့ ချထားသည်။
စီးပွားရေး အချက်အခြာ အကျဆုံး မြို့ဖြစ်သော မြို့တော်ဟောင်း၏ ယခင် ဆန္ဒပြပွဲများတွင် လူစုဝေးရာ ဆူးလေဘုရား၊ ရွှေတိဂုံဘုရား ဝန်းကျင်နှင့် မြေနီကုန်း၊ ရွှေဂုံတိုင် လမ်းဆုံများတွင် ရာနှင့်ချီသော အဓိကရုန်း နှိမ်းနင်းရေး ရဲတပ်များနှင့် စစ်အစိုးရ ခါးပိုက်ဆောင် စွမ်းအားရှင်တို့ ပူးပေါင်းကာ စောင့်ကြပ်လျက် ရှိသည်။
“နေရာအနှံ့ လုံခြုံရေး ချထားတယ်။ ဆူးလေ ဧမာနွေလ ဘုရားကျောင်းရှေ့မှာ ရဲဝတ်စုံနဲ့ လုံခြုံရေးက ၁ဝဝ လောက် ရှိတယ်။ ရွှေတိဂုံဘုရား အရှေ့မုဒ်၊ တောင်မုဒ်တွေမှာကောပဲ” ဟု အခြေအနေကို အကဲခတ်စောင့် ကြည့်နေသူ ရန်ကုန်ဒေသခံ တဦးက ပြောသည်။
“အန်အယ်ဒီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ရုံးနားက ဓမ္မာရုံထဲမှာ လူအယောက် ၁ဝဝ လောက် ရှိတယ်။ ဒိုင်နာ ၃ စီး အပြည့်၊ တုတ်တွေ အပြည့်ရှိတယ်။ ရဲကားလည်း ရှိတယ်။ ဆိုင်ကယ် ၁၅ စီးလောက် ရှိတယ်။ ရွှေတိဂုံဘုရားလမ်းမှာ ပိတ်နေတယ်။ ဖြတ်သွားတဲ့ လူတွေကို စစ်ဆေးနေတယ်။ မြို့ထဲက လမ်းထောင့်တိုင်းမှာလည်း လက်နက်နဲ့ အပြည့်ရှိတယ်” ဟု သူက ဆက်ပြောသည်။
၈၈၈၈ အရေးတော်ပုံဟု ခေါ်တွင်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အုပ်ချုပ်သည့် နိုင်ငံရေးစနစ်ကို အဆုံးသတ်ပြီး ပါတီစုံ ဒီမိုကရေစီသို့ ကူးပြောင်းရန် နိုင်ငံအဝှမ်း ဆန္ဒပြမှုများကို သြဂုတ်လ ၈ ရက်၊ ၁၉၈၈ ခုနှစ်က စတင်ခဲ့သည်။ အစိုးရ ခေါင်းဆောင် ၃ ဦး လအနည်းငယ်အတွင်း ပြောင်းလဲသွားသော်လည်း စစ်တပ်က ပစ်ခတ် နှိမ်နင်းမှုများ ပြုခဲ့ပြီး အဆုံးတွင် အာဏာ လွှဲပြောင်းယူခဲ့သဖြင့် အနည်းဆုံး လူ ၃ဝဝဝ အသက်ဆုံးရှုံးခဲ့ရပြီး စစ်အုပ်ချုပ်ရေးဖြင့် အစားထိုးခံခဲ့ရသည်။
အစိုးရနှင့် သဘောကွဲလွဲသူများကို သည်းခံလေ့မရှိသည့် စစ်အစိုးရ လက်အောက်တွင် ယခု နှစ်ပတ်လည်နေ့ ရောက်တိုင်း ဒီမိုကရေစီ လိုလားသူ အတိုက်အခံများက ဆန္ဒပြမှုများ၊ အထိမ်းအမှတ် အခမ်းအနား လုပ်မှုများ ပြုလုပ်လေ့ ရှိသည်။
မြေနီကုန်းရှိ မျက်မြင်သက်သေ တဦးက “ရွှေမန်းရုပ်ရှင်ရုံ ရှေ့မှာ ရဲကားတစီး၊ ရိုးမဘဏ် ရှေ့မှာ ရဲကားတစီး၊ ကား ၂ စီးလုံး လူအပြည့်၊ ဒိုင်းလွှားအပြည့် စက်တင်ဘာ အရေးအခင်းကလိုမျိုးပဲ ရဲဝတ်စုံ အပြည့်ပဲ” ဟု ပြောသည်။
ယမန်နေ့ညကလည်း ရန်ကုန်မြို့တွင်းနှင့် ယခင် ကျောင်းသား ဆန္ဒပြသူများ စုဝေးလေ့ ရှိခဲ့သော ရန်ကုန်-ပြည် လမ်းတလျှောက်နှင့် ရန်ကုန်-အင်းစိန် လမ်းတလျှောက် လုံခြုံရေး ရဲကား ဒါဇင်များစွာ ကင်းလှည့်ခဲ့ရာ “ရှင်လောင်း လှည့်နေသလိုပဲ” ဟု သူက ပြောသည်။
ရန်ကုန် ဆင်ခြေဖုံးမြို့များတွင်လည်း ရဲနှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေးများက ကင်းလှည့်မှုများ ယမန်နေ့ ကတည်းက ရှိနေခဲ့သည်။
“မနေ့ညကတည်းက စပြီးတော့ လှည့်နေတာ။ လှည်းတန်း၊ အင်းစိန်တို့ဘက်တွေကောပေါ့။ မြို့ထဲမှာဆိုရင် ၃ဝ စီးလောက် ရှိတယ်။ ကင်းလှည့်နေတာ။ ရဲကားတွေ။ ဒီမနက်တော့ ကင်းလှည့်တာ မရှိဘူး။ တကယ့် အရေးကြီး နေရာတွေမှာ ရပ်ထားတယ်” ဟု သူက ပြောသည်။
အစိုးရ ဆန့်ကျင်ရေး စိတ်ဓာတ် ပြင်းထန်ရာ ရခိုင်ပြည်နယ် တောင်ကုတ်တွင် ယနေ့နံနက်က လူငယ် ၂ဝ ခန့်က ရှစ်လေးလုံး အထိမ်းအမှတ် လမ်းလျှောက်ဆန္ဒပြရာ မြို့နယ် အာဏာပိုင်များက ဖမ်းဆီးထားသည်။
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။