သတင်း NEJ ခေတ်ပြိုင် | နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက်ဝန်ထမ်းများကို ကားတင်သွင်းခွင့် ပိတ်ထား သော်လည်း နိုင်ငံခြား မြန်မာသံအမတ်ကြီးများမှာမူ ကားပါမစ်ရရုံမက နိုင်ငံတော်ငွေကို ကိုယ့်ငွေ ကဲ့သို့ သုံးနေသူများဖြစ်သည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။
နိုင်ငံခြားမှ ကားတင်သွင်းခွင့်ရရာတွင် တိုက်ရိုက်တင်သွင်းခွင့်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်မှတဆင့် တင်သွင်းခွင့်ဟူ၍ (၂) မျိုးရှိသည့်အနက် နိုင်ငံခြား မြန်မာသံအမတ်ကြီးများလည်း ကားပါမစ်ရသူ စာရင်းတွင် ပါဝင်သည်ဟု စုံစမ်းသိရသည်။
သံတမန်တဦးကမူ “နိုင်ငံခြားမြန်မာသံအမတ်ကြီးတွေဟာ နိုင်ငံတော်လစာကို အသားတင် စုဆောင်းနိုင် ကြသူတွေဖြစ်ပါတယ်။ သူတို့ကိုယ်ရေးကိုယ်တာ နေ့စဉ်၊ လစဉ် အသုံးစရိတ်တွေကို အောက်ခြေ ၀န်ထမ်း သံမှူးကြီးတွေ နဲ့ ငွေစာရင်းကိုင်တွေက ဖန်တီးပေး၊ ခေါင်းစဉ်တပ် အကျိုးအကြောင်း အမျိုးမျိုးပြ လုပ်စား နေသူတွေပါ။ စစ်ဗိုလ်သံအမတ်တွေက ပိုဆိုးသေးတယ်” ဟု ပြောသည်။
နိုင်ငံခြားသံရုံးများတွင် ဝေစားမျှစားလုပ်နေသည့်အကြောင်းကိုလည်း နေပြည်တော် အရာရှိတဦး က ယခုကဲ့သို့ ပြောသည်။
“သံအမတ်တွေ လုပ်ချင်သလို လုပ်နေတာ အောက်ခြေ၀န်ထမ်းက မပြောရဲကြဘူး။ တချို့ဝန်ထမ်း
တွေက မျက်နှာလိုလို့၊ အနေအစားချောင်ချင်လို့၊ သံအမတ်ကြီးတွေရဲ့ ထောက်ခံမှု လိုချင်လို့ လုပ်ပေး ရတာမျိုးရှိသလို၊ အချို့ဝန်ထမ်းတွေကတော့ သံအမတ် (၇၀) ရာခိုင်နှုန်း၊ သူက (၃၀) ရာခိုင်နှုန်းနဲ့ မလိမ့်တပတ်လုပ်စားနေသူတွေလည်း ရှိတယ်” ဟု ပြောသည်။
မည်သို့ပင်ဖြစ်စေ သက်ဆိုင်ရာမှ အရေးယူခြင်း၊ တားမြစ်ခြင်း၊ စိစစ်ခြင်းများ မရှိဘဲ ၀န်ထမ်းများ
၏ သက်သာချောင်ချိရေးကို လုံးဝဥပေက္ခာပြုထားကြသည်ဟု အရပ်ဘက်ဝန်ထမ်းများက
ပြောသည်။ မတို့ရဲ၊ မထိရဲသော မိုးကျရွှေကိုယ် သား၊ သမီး၊ သမက်၊ ချွေးမ၊ တူ၊ တူမများကလည်း ၎င်းတို့ရှိရာနိုင်ငံ မြန်မာသံရုံးများတွင် ထင်တိုင်းကြဲနေကြသည်ဟု သံတမန်အသိုင်းအ၀န်းက ပြောသည်။ ၎င်းတို့ကိုမူ သံအမတ်ကြီးများကပင် ကြောက်နေကြရသည်ဟု စုံစမ်းသိရသည်။
န၀တလက်ထက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ၀န်ထမ်းတိုင်းသည် အဆင့်လိုက် လစာငွေကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB တွင်သွင်းပြီး ကားပါမစ်များ ရခဲ့ကြပါသည်။ နိုင်ငံခြားရေး ၀န်ထမ်းများနည်းတူ စစ်သံမှူးမှအစ အဆင့်အတန်းပေါင်းစုံ ရခဲ့ကြသည်။
န၀တ အာဏာလျော့ပါးချိန် နအဖအကူးတွင် နိုင်ငံခြားရေးဝန်ထမ်းများအား ကားတင်သွင်းခွင့် ပါမစ်ကို ပိတ်ပင်ခဲ့သည်။ သို့သော် စစ်ဘက်ဆိုင်ရာများကို အဆင့်လိုက် (၂) ဦး (သို့) (၃) ဦး (သို့) (၄) ဦး တစီးကျ တင်သွင်းခွင့် ဆက်လက်ပြုထားသည်။ အဆိုပါအချက်ကို ကြည့်လျှင် အရပ်သား နှင့်စစ်သား စတင်ခွဲခြားလိုက်ခြင်းဖြစ်သည်ဟု အရပ်ဘက်ဝန်ထမ်းက ယူဆသည်။
နအဖခေတ်တွင်မူ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်က လုပ်ပိုင်ခွင့်အတော်များများကို လက်ဝါး ကြီးအုပ်လာသည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။
နာဂစ်လေဘေး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန်မြို့ရှိ အထင်ကရလုပ်ငန်းရှင် များကိုသာ လုပ်ပိုင်ခွင့်ပေးထားပြီး ၎င်းကုမ္ပဏီများကို မော်တော်ယာဉ်တင်သွင်းခွင့်ပါပစ်များ (၂၀) မှ (၄၀) အထိ ချပေးထားသည်။ လေဘေး ပြန်လည်တည်ထောင်ရေးလုပ်ငန်းကုမ္ပဏီများကို နအဖမှ ငွေချေပေးမည်မဟုတ်ဘဲ ကားတင်သွင်းခွင့်မှရသော အမြတ်အစွန်းများနှင့် လုပ်ငန်းလုပ် ခွင့်ပေးထားသည်။ ထိုကားသွင်းခွင့်ရသူ အမျိုးအစားများတွင် မြန်မာသံအမတ်ကြီးများ ပါဝင် သည်ဟု သိရသည်။
ကားတင်သွင်းခွင့်ရသော သူများမှ ကားများကို အမျိုးအစားနှင့် ပုံဏ္ဌာန်အလိုက် တစီးလျှင် သိန်း (၂၅၀) မှ ထောင်ဂဏန်းထိ အမြတ်အစွန်းများပေးပြီး လိုက်ဝယ်နေကြသကဲ့သို့ သံအမတ်ကြီးများ ကလည်း နည်းမျိုးစုံဖြင့် နိုင်ငံတော်ဘဏ္ဍာငွေလိုကြောင်း အမျိုးမျိုးပြပြီး ထုတ်ယူသုံးစွဲနေသည့် အပြင် အထူးခံစားခွင့်များကိုလည်း တရားဝင် ရနေသည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။