သတင်း မုံပီး မဇ္ဈိမ | နယူးဒေလီ။ ။ နာမည်ကြီး ရော့ခ်အဆိုတော် လေးဖြူ နှင့် အခြား အဆိုတော်များ စုပေါင်း သီဆိုထားသည့် နာဂစ်ဒုက္ခသည်များ ရန်ပုံငွေအတွက် တေးသီချင်း အယ်လ်ဘမ်တခုကို ထုတ်ဝေ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
တေးစီးရီးအမည်ကို ‘ကမ်းလင့်မယ့် လက်များ’ ဟု ပေးထားပြီး လေဘေး ဒုက္ခသည်များအတွက် ရောင်းချ လှူဒါန်းသွားမည့် ပထမဆုံး အယ်လ်ဘမ် ဖြစ်သည်။
“မူရင်းဗီစီဒီခွေကို ၉ဝဝ ကျပ်နဲ့ ဝယ်လာခဲ့ပါတယ်။ လေဘေး ဒုက္ခသည်တွေအတွက် ဒါနပြုတဲ့အနေနဲ့ ဝယ်ခဲ့တာပါ” ဟု ရန်ကုန်မြို့မှ လေးဖြူနှင့် အိုင်းရင်းခရော့စ်၏ ပရိသတ် (အမျိုးသမီး) တဦးက ပြောသည်။
သီချင်းတပုဒ်ထဲသာ ပါဝင်သော အဆိုပါ စီးရီးခွေကို နာမည်ကျော်တီးဝိုင်း အိုင်းရင်းခရော့စ်၏ ဘေ့စ်ဂီတာသမား ကိုခင်မောင်သန့်က ဦးစီးစီစဉ်ကာ အိုင်းရင်းခရော့စ်ကပင် တီးခတ်ထားပြီး၊ ဒဂုန်ဘီယာကုမ္ပဏီက ငွေကြေးပံ့ပိုးသည်ဟု ကုမ္ပဏီ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဟယ်ရီလင်း၊ ဇော်ပိုင်၊ အာဇာနည်၊ ဘိုဖြူ၊ ဟန်ထွန်း၊ မောင်မောင်ဇော်လတ်၊ အယ်လ်လွန်းဝါ၊ သအို၊ နောနော်၊ လေးလေးဝါး၊ တင်ဇာမော်၊ ချောစုခင်၊ သီရိဂျေမောင်မောင်၊ ဆုန်သင်းပါးရ်၊ ချစ်သုဝေ၊ ဇမ်နူး၊ စင်ဒီနှင့် ကြိုးကြာတို့က သီချင်းကို စုပေါင်း သီဆိုထားကြသည်။
အဆိုတော် အားလုံးက အခကြေးငွေမယူဘဲ သီဆိုပေးကြခြင်း ဖြစ်ပြီး၊ လေဘေးဒုက္ခသည်များ ခံစားနေရသော ဒုက္ခအပေါင်းကို သီကျူးဖွဲ့ဆိုထားကာ ဤဒုက္ခသည်များ၏ ဘဝကို ပြန်လည် ထူထောင်ရန်အတွက် ပြည်သူလူထုက ဝိုင်းဝန်းကူညီရန်လည်း တိုက်တွန်းထားသည်။
လူပေါင်း ၂ ဒဿမ ၄ သန်းကို အတိဒုက္ခ ဖြစ်ပွားစေသည့် အဖျက်စွမ်းပကား ကြီးမားသော နာဂစ်မုန်တိုင်း ဒုက္ခသည်များကို ပြည်သူလူထုက ဝိုင်းဝန်းကူညီရန် အဖုံးတွင် ‘နာဂစ် ဒုက္ခသည်များကို ကူညီကြပါစို့’ ဟု ရေးသားထားသည်။
“အခွေရောင်းရတာ အတော့်ကို အောင်မြင်ပါတယ်။ ရက်အနည်းငယ်အတွင်းပဲ အတော်များများ ရောင်းလိုက်ရတယ်။ အခွေက ပေါက်တယ်လို့ ကျမ ပြောချင်ပါတယ်” ဟု ရန်ကုန်မှ တေးသီချင်းဖြန့်ချိရေး ဆိုင်တခုဖြစ်သော မန်းသီရိမှ အရောင်းမန်နေဂျာက မဇ္ဈိမကို ပြောသည်။
သူ့ဆိုင်တွင် တခွေကို ကျပ် ၈ဝဝ ဖြင့် ရောင်းချပြီး၊ ရက်ပိုင်းအတွင်း ရာပေါင်းများစွာ လက်လီ ရောင်းခဲ့ရသည်ဟု အဆိုပါ အရောင်း မန်နေဂျာက ပြောသည်။
မန်းသီရိသည် နာမည်ကြီး တေးသီချင်း ဖြန့်ချိရေး ဆိုင်တခုဖြစ်ပြီး ပင်ရင်းမှာ မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးတွင် တည်ရှိသည်။
အနုပညာရှင်များက အခကြေးငွေ မယူဘဲ သီဆို ထုတ်လုပ်ပေးခဲ့ကြသော်လည်း ဤအခွေသည်လည်း မြန်မာနိုင်ငံ၏ တရားမဝင် တေးသီချင်း ဈေးကွက်၏ ရန်မှ မလွတ်နိုင်ဘဲ ရှိသည်။ လမ်းဘေးတွင် ရောင်းချသူများသည် တေးစီးရီးများ၏ ခိုးကူးခွေများကို သုံးပုံတပုံဈေးဖြင့် ရောင်းချလေ့ရှိသည်။
လေးဖြူ၏ အမျိုးသမီး ပရိသတ်တဦးကမူ ခိုးကူးခွေများ ရှိလျှင်လည်း ဝယ်ယူမည် မဟုတ်ဘဲ ဒုက္ခသည်များအတွက် လှူဒါန်းသည့် အနေနှင့် ယခုထုတ်ဝေသည့် ခွေကို ဝယ်ယူခဲ့ကြောင်း ပြောသည်။
“ဒီနေ့အထိတော့ လမ်းဘေးမှာ အဲဒီ သီချင်းအယ်လ်ဘမ် ခိုးကူးခွေတွေ ရောင်းနေတာ ရန်ကုန်မှာ ကျမ မတွေ့ရသေးပါဘူး” ဟု အဆိုပါ အမျိုးသမီးက ပြောသွားပြီး၊ သူနှင့် သူငယ်ချင်းတစုကလည်း မူရင်းခွေများကိုသာ တမင်တကာ ရွေးချယ် ဝယ်ယူခဲ့ကြောင်း ပြောသည်။
ဤအစီအစဉ်၏ နောက်ဆက်တွဲ အနေနှင့် အိုင်းရင်းခရော့စ် တီးဝိုင်း၏ ပင်မအဆိုတော် တဦးဖြစ်သည့် လေးဖြူက ဆိုင်ကလုံး ဒုက္ခသည်များအတွက် ရံပုံငွေ ရှာဖွေသည့်အနေနှင့် တေးဂီတ ဖျော်ဖြေပွဲတခုကို သြဂုတ်လ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်နေသည်။
စင်မြင့်ဖျော်ဖြေပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းတွင် မြန်မာနိုင်ငံ ဂီတ အစည်းအရုံးက စီစဉ်ကျင်းပမည် ဖြစ်ပြီး၊ ၂ဝဝ၅ ခုနှစ် နှစ်လယ်ကတည်းက ပရိသတ်မြင်ကွင်းမှ ပျောက်ဆုံးနေခဲ့သည့် လေးဖြူ၏ ပထမဆုံး စင်မြင့်ဖျော်ဖြေပွဲ ဖြစ်မည်။
ထိုအတောအတွင်း နောက်ထပ် နာမည်ကြီး အဆိုတော်တဦးဖြစ်သည့် ဆောင်းဦးလှိုင်ကလည်း သူနှင့်အခြား အနုပညာရှင် အများအပြားကလည်း ဆိုင်ကလုံး ဒုက္ခသည်များအတွက် တေးသီချင်း အယ်လ်ဘမ်တခုကို စီစဉ် ထုတ်လုပ်နေပြီး မကြာမီ ဖြန့်ချိသွားမည်ဟု ပြောကြားသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အုပ်စုများက အသက်မသေ လွတ်မြောက်ကျန်ခဲ့သည့် ဆိုင်ကလုံး ဒုက္ခသည်များကို အကူအညီများ လာရောက် ပေးအပ်ခဲ့ကြသော်လည်း ဒုက္ခသည်များထံ အစောဆုံး ရောက်ရှိ အကူအညီ ပေးခဲ့ကြသူများမှာ ပြည်တွင်းမှ အလှူရှင်များနှင့် စေတနာ့ ဝန်ထမ်းများ ဖြစ်ကြသည်။
သို့သော် ယခုလို ၃ လကျော် ကြာမြင့်လာသည့် အချိန်တွင် ပြည်တွင်းပြည်ပ အလှူရှင် အရေအတွက်မှာ တဖြေးဖြေး လျော့နည်း ကျဆင်းလာနေပြီး၊ မြန်မာပြည် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ အနည်းငယ်သာ ကျန်ရှိတော့သည်ဟု ဆိုသည်။
0 comments:
Post a Comment
သင်ကြိုက်တာရေးပါ။