သတင်း ကိုစိုး ဧရာဝတီ | အာဆီယံ ဘောလုံး အဖွဲ့ချုပ်က ဦးစီး ကျင်းပသော အာဆီယံ ဆူဇူကီးဖလား ၂၀၀၈ ဘောလုံး ပြိုင်ပွဲတွင် မြန်မာ အသင်းနှင့် စင်္ကာပူ အသင်းတို့ တနင်္ဂနွေ နေ့က ယှဉ်ပြိုင် ကစားရာ၌ မြန်မာ ဂိုးသမား အောင်အောင်ဦးသည် ကွင်း လယ်ဒိုင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် ၎င်းပွဲစဉ်အတွင်းအရေးယူ ထုတ်ပယ်ခံခဲ့ရပြီး မြန်မာ အသင်း အနေနှင့်လည်း စင်္ကာပူကို ရှုံးနိမ့်၍ ပွဲစဉ်မှအပြီး ထွက်ခဲ့ရသည်။


မြန်မာ-စကာပူပွဲတွင် ချေပဂိုးသွင်းယူနေသော မြန်မာဘောလုံးသမား မျိုးမင်းထွန်း (ဓာတ်ပုံ - ရိုက်တာ)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တွင်ပြုလုပ်သည့် ယင်း စင်္ကာပူ-မြန်မာ ပွဲတွင် မြန်မာဘက်မှ ပြစ်ဒဏ်ဘော ပေးခဲ့ ရပြီး ဂိုး ပါပေးလိုက်ရသောကြောင့် မကျေမနပ် ဖြစ်ကာ ဂိုးသမား အောင်အောင်ဦးက ဒိုင်လူကြီးကို ကိုယ်ထိ လက်ရောက် ကျူးလွန်မိခြင်း ဖြစ်ကြောင်းနှင့် မြန်မာအသင်း ခြေတက်နေသည့် အချိန်တွင် ယင်းသို့ ဂိုး ပေးလိုက် ရသည့် အတွက် ဒေါသ အလျောက် ပြုမူမိခြင်း ဖြစ်နိုင်ကြောင်း ဒီမိုကရက်တစ် မြန်မာ့အသံ(ဒီဗီဘီ) အားကစား ကဏ္ဍ အယ်ဒီတာ ကိုဇင်မောင်က ပြောဆိုသည်။

“ဒိုင်ကို သွားတွန်းတဲ့ ကိစ္စမှာ နားလည်လို့ ရတာက မြန်မာ အသင်းက ခြေကလည်း ကောင်းနေတယ်၊ ဒီပွဲနိုင်မှ လည်း ဆီမီးဖိုင်နယ်ကိုတက်မှာဆိုတော့ ၊ အဓိကက တော့ ဘောလုံးသမားတယောက်က ဘောလုံးတော်နေရုံနဲ့ မပြီးဘူး၊ ဒေါသတွေ ဘာတွေလည်း ထိန်းချုပ် နိုင်ရမယ်၊ မထိန်းချုပ်နိုင်တော့ မမှားသင့်တဲ့ အမှားမျိုး မှားတာပေါ့၊ ကိုယ်ထိ လက်ရောက်လုပ်တာကတော့ မှားတာပေါ့”ဟု ကိုဇင်မောင်က ပြောသည်။

မြန်မာဘောလုံးသမားများသည် ဘောလုံးစည်းမျဉ်းစည်းကမ်းများကို သေသေချာချာ ကျေကျေလည်လည် နားလည် အသုံးမချ တတ်ခြင်းနှင့် စိတ်လှုပ်ရှားမှု လွန်ကဲခြင်း ဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

ကိုဇင်မောင်က ဆက်လက်ပြီး“အဲဒီ ပြစ်ဒဏ်ဘောကို ဗီယက်နမ် ဒိုင်က ကန်လို့ မပြောဘဲ စင်္ကာပူက ကန်လိုက် တယ်၊ နိုင်ငံတကာ ဥပဒေအရလည်း ကန်လို့ရတယ်၊ စင်္ကာပူ ဘောလုံးသမားတွေက နိုင်ငံတကာ အတွေ့အကြုံ ကို ပါးပါးနပ်နပ် အသုံးချလိုက်တာ လို့ထင်တယ်၊ အဲဒီလို ကန်တဲ့အချိန်မှာ မြန်မာ ဘောလုံးသမားတွေက အဆင် သင့် မဖြစ်ဘူး၊ ဂိုး ပေးလိုက်ရရော၊ အဲဒီမှာ မကျေမနပ် ဖြစ်တယ်၊ စိတ်ဓာတ်တက်ကြွနေတဲ့အချိန်ဆိုတော့ ဒေါသ တွေ ဖြစ်ကုန်ရော၊ အဲဒီမှာ အောင်အောင်ဦးက ဗီယက်နမ် ဒိုင်ကို ပြေးသွားပြီးတွန်းထည့်လိုက်တာ”ဟု လည်း ပြောသည်။

ယင်းပြဿနာ မဖြစ်ခင် ရှေ့ပိုင်းတွင် စင်္ကာပူက ၂ ဂိုး မြန်မာက ၁ ဂိုးဖြင့် ကစားနေသော်လည်း မြန်မာအသင်း၏ ခြေသည် ချေပ ဂိုးများ ပြန်လည်သွင်းယူနိုင်သည့် အနေအထားမျိုးနှင့် စိတ်ဓာတ်တက်ကြွစွာ ကစားနေခြင်းဖြစ် ကြောင်း၊ ယခု မြန်မာအသင်းက ကစားချိန် မိနစ် ၇၀ ခန့်တွင် ပြစ်ဒဏ်ဘောဖြင့် ၃ ဂိုးမြောက် ပေးလိုက်ရသော ဂိုးမှာ မပေးသင့်သော ဂိုး ဖြစ် ကြောင်း ပွဲကစားနေသည့် အချိန် အစအဆုံးကြည့်ရသော စင်္ကာပူနိုင်ငံမှ မြန်မာ နိုင်ငံသား တဦးကလည်း ပြော သည်။

“အဲဒီ ဂိုး မရခင်အထိက ဗမာက တော်တော် ဖိထားတာ၊ ကျနော် မြင်တာကတော့ ဒီ ဂိုးက မပေးသင့်ဘူးဗျ၊ ဒိုင်က တပွဲလုံး ခြုံ ကြည့်ရင် အဲဒီ မတိုင်ခင်အထိ ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက မဆိုးပါဘူး၊ တကယ်ကတော့ မပေးသင့်တဲ့ ဂိုး ပဲ၊ ကျနော် ပွဲ အစအဆုံးကြည့်တာ”ဟု ၎င်းက ပြောပြသည်။
အဆိုပါ ဘောလုံးပွဲတွင် ဂိုးသမား အောင်အောင်ဦးမှာ အနီကတ်ဖြင့် အထုတ်ခံခဲ့ရသည်။ ထို့ကြောင့် မြန်မာ အသင်းတွင် ဂိုးသမား မရှိတော့သည့်အတွက် အသင်းခေါင်းဆောင် စိုးမြတ်မင်းနှင့် အရန်ဂိုးသမား ကျော်ဇင် ထက် ကို လူလဲ၍ ကစားခဲ့ရပြီး စင်္ကာပူကို ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးသောကြောင့် မြန်မာအသင်း အုပ်စုအဆင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ချေပ ဂိုး ၁ ဂိုးကို မျိုးမင်းထွန်းက သွင်းယူခဲ့ခြင်းဖြစ်သည်။

ယနေ့တွင်လည်း မြန်မာနှင့် ကမ္ဘောဒီးယား အသင်းတို့ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

၂၀၀၄ ခုနှစ် တိုက်ဂါးဖလားပြိုင်ပွဲတွင်လည်း မြန်မာအသင်းသည် စင်္ကာပူကို ယခုကဲ့သို့ အငြင်းပွားဖွယ်ရာ အခြေအနေဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။

ယခု အာဆီယံ ဆူဇူကီးဖလား ၂၀၀၈ ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပခြင်းပြီး အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား စသည့် ပြိုင်ပွဲဝင်အသင်း ၈ မှ အကောင်းဆုံး အသင်း ၂ သင်းသည် ဗိုလ်လုပွဲတွင် ကစားရမည်ဖြစ်သည်။ ဆုကြေးမှာ အမေရိကန် ဒေါ်လာ ၁ သိန်း ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။