သတင်း ကြည်ဝေ ဧရာဝတီ | ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၄၉ ရပ်ကွက် အတွင်းမှ ခပ်မှောင်မှောင် ခပ်ကုတ်ကုတ် လက်ဖက်ရည် ဆိုင်ထဲတွင် ခုံတိုင်းစေ့ လူပြည့် နေတာ တွေ့ရသည်။ ဆိုင်ထဲမှာ ရှိရှိသမျှ လူအားလုံးသည် ညနေ ၆ နာရီ ၃၀ တွင် ထုတ်လွင့်မည့် Histon နဲ့ Leeds ဘောလုံး ပွဲစဉ် ကြည့်ရန်အတွက် တီဗီရှေ့သို့ပင် မျက်နှာမူလျက် အဆင်သင့်ရှိနေကြပြီဖြစ်သည်။


နိုဝင်ဘာလ ကုန်ပိုင်းက ပရီးမီးယားလိဂ် ပွဲစဉ် တခုတွင် ချယ်လ်ဆီး အသင်းနှင့် အာဆင်နယ် အသင်းတို့ ယှဉ်ပြိုင် ကစားနေစဉ်။ ယင်းပွဲတွင် ချယ်လ်ဆီးက အာဆင်နယ်ကို ၁ -၂ ဂိုး ဖြင့် ရှုံးသည်
သူတို့ လက်ထဲတွင် ဒိုင်မှ ဝေထားသော ပွဲစဉ်များနှင့် လောင်းကြေး စာရွက်လေးများကို ကိုယ်စီ ကိုင်ထားကြပြီး လောင်းကြေး ဘယ်လောက် ထိုးမည် ဘယ်လို လောင်းမည် ဟု ဆိုင်ထဲတွင် ဘောလုံးပွဲ လောင်းကြေးကိစ္စ ဖြင့် ဆူညံ နေကြပြီ။

ထိုအချိန်တွင် ထိုလက်ဖက်ရည်ဆိုင်လေး သာမက မြန်မာနိုင်ငံတွင်းမှ ရုပ်မြင်သံကြားစက်ဖြင့် 5-movie လိုင်းတပ်ဆင်ထားသော လက်ဖက်ရည်ဆိုင်များ အားလုံး ထိုကဲ့သို့ပင် ဘောလုံးပွဲ လောင်းသူများနှင့် ပြည့်နေ တတ်သည်။

ယနေ့ခေတ်လက်ဖက်ရည် ဆိုင်များမှာ လက်ဖက်ရည် ရောင်းခြင်းနှင့် ဘောလုံးပွဲပြခြင်းကို စီးပွားရေးလုပ်ငန်း တခုအနေနှင့် တွဲပြီး ပြုလုပ်တတ်သလို၊ လက်ဖက်ရည် ဆိုင်လုပ်ငန်းရှင်များ၏ ၈၀ ရာနှုန်း ခန့်ကလည်း ဘောလုံးပွဲ လောင်းရာတွင် ဒိုင်အဖြစ်ဆောင်ရွက်လေ့ရှိကြောင်း ဘောလုံးပွဲလောင်းသူ တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပရီးမီးယားလိဂ်ပွဲစဉ်၊ အီတလီ စီးရီးအေ ပွဲစဉ်၊ စပိန် လာလီဂါပွဲစဉ်၊ စီတီလေးပွဲစဉ်၊ ဘွန်ဒတ် စလီဂါ ပွဲစဉ် စသည့်ပွဲစဉ်များအား လောင်းကြသလို၊ တိုင်းနှင့်ပြည်နယ်ပွဲများ၊ ချစ်ကြည်ရေးပွဲများကိုလည်း လောင်းလေ့ရှိကြောင်း သိရသည်။

ဘောလုံးပွဲစဉ်များရှိသည့် သြဂုတ်လမှ မေလအထိ ကာလများတွင် လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များ၊ ဘောလုံးပွဲပြလေ့ရှိသော ဗီဒီိယို ရုံများတွင်သာ ဘောလုံးပွဲ လောင်းသူများနှင့် ပြည့်နေတတ်သည် မဟုတ်၊ ကာရာအိုကေအခန်းများဟု ခေါ်သော KTV အခန်းများတွင်လည်း(တယူနစ်) ဘောလုံးပွဲ တပွဲစာ အခကြေးငွေ ပေးပြီး ဘောလုံးပွဲလောင်းကြသလို၊ ငွေကြေးချမ်းသာသူများက ဟိုတယ်ကြီးများတွင် နှစ်ယောက်ခန်း၊ မိသားစု ခန်းများ ယူကာ ညလုံးပေါက် စားကြ သောက်ကြရင်း ဘောလုံးလောင်းကစားသမားများစုကာ လောင်းကြ ကြောင်း သိရှိရသည်။

"မြန်မာနိုင်ငံမှာ ၂ လုံး ထီထိုးတာ ပြီးရင် ၁ လုံးလို့ခေါ်တဲ့ ဘောလုံးပွဲ ထိုးတာ အများဆုံးပဲ၊ ခုဆို အမျိုးသားတွေ ရော၊ အမျိုးသမီးတွေပါ ထိုးလာကြတာ လူ ၁၀ ယောက်ရှိရင် ၈ ယောက်လောက်က ၁ လုံးထိုးကြတယ်" ဟု ဘောလုံးပွဲ ဒိုင်ကိုင်သူ တဦးက ပြောဆိုသည်။

ဘောလုံးပွဲများကို လက်ဖက်ရည်ဆိုင်များ၊ ဘောလုံးပွဲပြသသော ရုံများမှ ကိုယ်စားလှယ်ဒိုင်များထံတွင် ထိုးလို့ ရသလို၊ တယ်လီဖုန်းများဖြင့်လည်း ထိုးလို့ရကြောင်း၊ တယ်လီဖုန်းဖြင့် ထိုးရာတွင် ညစဉ်ပိုက်ဆံရှင်းစရာမလိုဘဲ တပတ်တခါ၊သို့မဟုတ် ၂ ပတ် တခါမှ ထိုးကြေးများကို ရှင်းပေးရခြင်းဖြစ်ကြောင်း ဘောလုံးပွဲကစားသူများထံမှ သိရှိရသည်။

ဘောလုံးပွဲထိုးသူများ တဖြည်းဖြည်းနှင့်တိုးလာသလို ဒိုင်ကိုင်သူများလည်း တိုးလာကြောင်း လွန်ခဲ့သော ၁၉၉၀ ခုနှစ်က ရပ်ကွက်တခုတွင် ဘောလုံးပွဲ ဒိုင် ၃ ဦး ၄ ဦးခန့်သာ အများဆုံး ရှိသော်လည်း ယနေ့ ၂၀၀၈ တွင် ဘောလုံးပွဲ ဒိုင်များမှာ ထိုးကြေးများပေါ်တွင် မူတည်ပြီး ရပ်ကွက်တခုတွင် အနည်းဆုံး ဒိုင် ၃၀ ကျော်ခန့် ရှိနေကြပြီဖြစ်ကြောင်း ဘောလုံးပွဲ ဒိုင်ကိုင်သူက ပြောဆိုသည်။

သူတို့ မြောက်ဒဂုံ ၄၉ ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင်ပေါင်း ၄၀ ကျော်ရှိပြီး ဘောလုံးပွဲပြသော လက်ဖက်ရည် ဆိုင်မှာ ၄၀ တိတိရှိကြောင်း၊ ဘောလုံးပွဲပြသော ရုံမှာမူ ၁၆ ရုံ ရှိကြောင်း အဆိုပါရပ်ကွက်တွင်း စာရင်းကောက် ယူမှု အရေ သိရှိရသည်။

ထိုကဲ့သို့ပင် ယုဇနဥယျာဉ်မြို့တော်တွင်လည်း မိသားစုပေါင်း ၁၅၀၀ ခန့်ရှိရာ ဘောလုံးပွဲ ပြသာရာ လက်ဖက် ရည်ဆိုင်၊ ဘီယာဆိုင်၊ ဗီဒီယိုရုံ စုစုပေါင်း ၂၀၀ ၀န်းကျင်ခန့်ရှိကြောင်း သိရှိရသည်။

ဘောလုံးပွဲထိုးသူအများစုမှာ ဘောလုံးပွဲ ၀ါသနာပါသောကြောင့်မဟုတ်ဘဲ ငွေလိုချင်သောကြောင့် ထိုးကြသူများ ကြောင်းနှင့် ၀င်ငွေနည်းပြီး အပိုအသုံးစရိတ်များတက်လာသောကြောင့် စွန့်စားပြီးထိုးသူများလာခြင်းဖြစ်ကြောင်း ဘောလုံးပွဲ လောင်းနေသူ တဦးက ဆိုသည်။

"ကျနော်တို့လောင်းနေတာက အဓိကက ပိုက်ဆံလိုချင်လို့ပဲဗျ၊ ရတဲ့ လစာနဲ့လည်း မလောက်ဘူး၊ အပိုဝင်ငွေရ အောင် သူငယ်ချင်း တွေလည်း ဒီလိုနည်းနဲ့ လုပ်နေတာပဲ၊ ကျနော်လည်း အဲဒီထဲက တယောက်ပေါ့" ဟု အသက် ၂၈ နှစ်အရွယ် အမျိုးသားတဦးက ပြောဆိုသည်။

ယနေ့ ဘောလုံးပွဲလောင်းသူများထဲတွင် အသက် ၁၀ နှစ်နှင့်အထက်မှ အရွယ်စုံ တွေ့ရပြီး အများဆုံးလောင်း နေကြသူများမှာ အသက် ၂၀ ၀န်းကျင်အရွယ်မှ အသက် ၅၀ ၀န်းကျင် အရွယ်အမျိုးသားများဖြစ်နေကြောင်း တွေ့မြင်ရသည်။

လောင်းကြေးများမှာလည်း အနည်းဆုံး ကျပ် ၅၀၀၊ ကျပ် ၁၀၀၀ မှ ကျပ် သိန်းရာချီပြီးလောင်းနိုင်သော ဒိုင်ကြီး များလည်း ရှိကြောင်း သိရှိရသည်။

ပြီးခဲ့သော အပတ်တုန်းက ချယ်လ်ဆီးအသင်းဘက်မှ လောင်းရာတွင် သိန်း ၃၀ လောက် အနိုင်ရလိုက်သော အသက် ၄၅ နှစ်အရွယ် ကိုအောင်မြင့်အေးသည် ဒီတပတ်လုံး ရှုံးသည့်အတွက် နေသည့်အိမ်ကိုပါ ပေါင်လိုက်ရ သည် အထိ ရှုံးသွားကြောင်း ပြောဆိုသည်။

"ဒီနေ့ ကားစီးပြီး နောက်နေ့ စီးစရာကားမပြောနဲ့ တက္ကစီခတောင် မကျန်တော့တဲ့ နေ့တွေ၊ မိဘ အမွေတွေ အကုန် ပြောင်တဲ့ အဖြစ်တွေ ကျနော် ကြုံခဲ့ဖူးတယ်၊ ခုလဲ အိမ်ပေါင်လိုက်ရပြီ ဒါပေမယ့် ဘောလုံးပွဲလောင်းတာ ကို ကျနော် မဖြတ်နိုင်တော့ဘူး" ဟု သူ ပြောသည်။

ခုလို လူအများဘောလုံးပွဲလောင်းနေကြခြင်းမှာ စီးပွားရေးလုပ်ငန်းများတွင် မသေချာ မရေရာမှုများ များလာသော ကြောင့်ဖြစ်ကြောင်း၊ ဘ၀ အာမခံချက်နည်းလာသည့်အတွက် လူငယ်များလည်း ဘောလုံးပွဲများဆီ ရောက်ကုန် ကြခြင်းဖြစ်ကြောင်း စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခတဦးက သုံးသပ်သည်။

"ခေတ်ပျက်လာလေ လောင်းကစားပိုလုပ်လာလေဆိုတဲ့ သဘောပဲ၊ တိုင်းပြည်စီးပွားရေးကျပြီး လူတွေကြပ်တည်း လာတာနဲ့ အမျှ လောင်းကစားဝိုင်းတွေ ပိုများလာမှာပဲ၊ ခုလဲ ဘောလုံးပွဲလောင်းတဲ့သူ ဟာ ၂ မျိုးပဲ ရှိတယ်၊ ငွေလိုချင်လို့ လုပ်တဲ့သူနဲ့ ၀ါသနာပါလို့ လုပ်တဲ့သူ ပေါ့၊ သေချာကြည့်ရင် ငွေလိုချင်လို့ လောင်းတဲ့သူက ပိုများ လာတယ်" ဟု ၎င်းက ပြောဆိုသည်။

လောင်းကြရာတွင်လည်း အခြေခံလူတန်းစားအများစုလောင်းသည်မှာ “မောင်း” ဟု သိရပြီး ထိုနည်းမှာ အနည်းဆုံး လောင်း ကြေး ကျပ် ၁၀၀၀ နှင့် ၄ ပွဲ လုံး မှန်အောင်လောင်းနိုင်ပါက ၁၃ ဆ ရရှိမည်ဖြစ်ပြီး တပွဲ ရှုံးပါက ထိုးကြေး ၁၀၀၀ ကို ဒိုင်စားသည့် စနစ်ဖြစ်ကြောင်း သိရှိရသည်။

မောင်းစနစ်တွင် အနည်းဆုံး ပွဲ ၄ ပွဲ လောင်းလို့နိုင်ပါက ၁၃ ဆ၊ ပွဲ ၅ ပွဲလောင်းနိုင်ပါက ၂၃ ဆ၊ ပွဲ ၆ ပွဲလောင်းနိုင်ပါက ၃၂ ဆ၊ ၇ ပွဲလောင်းနိုင်ပါက ၇၄ ဆ၊ ၈ ပွဲလောင်းနိုင်ပါက အဆ ၁၀၀ ရရှိမည်ဖြစ်ပြီး ထိုပွဲများတွင် ၁ ပွဲရှုံးပါက လည်း အရှုံးဟု သတ်မှတ်ကာ ထိုးကြေးငွေကို ဒိုင်စားခြင်းဖြစ်သည်။

အခြားနည်းတခုမှာ တပွဲချင်းလောင်းသော focus လောင်းနည်းဟု ခေါ်သော နည်းဖြစ်သည်။ ထိုနည်းမှာ ဂိုးအရေအတွက်ကို သေချာစဉ်းစားပြီး လောင်းသော နည်းစနစ်ဟုသိရကာ လူသုံးများသော လောင်းနည်းဖြစ် ကြောင်း သိရှိရသည်။

အခြားနည်းတခုမှာ အနိုင်အရှုံး လောင်းနည်းဖြစ်ပြီး ထိုနည်း ပေါက်ကြေး ဈေးမှာ တရုတ်ဒိုင်များက ဖွင့်သည့် ဈေးဖြစ်ကြောင်း သိရှိရသည်။ ထိုနည်းကိုလည်း ဘောလုံးကစားသမား ၀ါရင့်များက အများဆုံး ကစားကြကြောင်း ဘောလုံးဒိုင်တဒိုင်မှ ၀န်ထမ်းတဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဘောလုံးပွဲများကို အားကစားအနေနှင့် အားပေးသူများထက် လောင်းကစား တခုအနေနှင့် လောင်းကစား လုပ်သူများက ပိုများလာကြောင်း၊ လူတန်းစားအသီးသီး က ဘောလုံးပွဲ ရာသီများဖြစ်သော သြဂုတ်လမှ မေလအထိ ရာသီချိန် တလျှောက်လုံး လောင်းလျက်ရှိသောကြောင့် သူဌေးဖြစ်သွားသူရှိသကဲ့သို့ မွဲတေသွားသူများ ရှိလာကြောင်း၊ စီးပွားဖြစ် လုပ်လာသူများလည်း တဖြည်းဖြည်းနှင့်များ လာကြောင်း ဘောလုံးပွဲ လောင်းနေသူ တဦးက ဆိုသည်။

"ဘောလုံးဂျာနယ်တွေ ရောင်းအားကောင်းနေတာ ဘောလုံးပွဲ အနိုင်အရှုံးခန့်မှန်းချက်တွေ ပါလို့ပဲ၊ လူတွေက ဘောလုံးဂျာနယ် ၀ယ်ဖတ်တယ်ဆိုတာ အားကစား စိတ်ရှိလို့မဟုတ်ဘူး လောင်းချင်လို့" ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ်များတွင် ဘောလုံးဂျာနယ်များမှာ ရောင်းအား အကောင်းဆုံးဖြစ် လျက်ရှိပြီး ထိုဂျာနယ်များမှာ ပွဲစဉ်များ၏ အနိုင်အရှုံးများကို ခန့်မှန်းရေးသားကြသလို၊ လောင်းကြေးများကိုလည်း ဖော်ပြပေးလျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ ဘောလုံးဂျာနယ်များတွင် ဘောလုံးပွဲစဉ်များ၊ အနိုင်အရှုံးခန့်မှန်းချက်များနှင့် လောင်းကြေးများကိုပါ ထည့်သွင်း ဖော်ပြ ကြသောကြောင့် ရောင်းအားတက်လာသည်ကို တွေ့ရသည့်အတွက် သတင်းဂျာနယ်များက လည်း ဘောလုံးပွဲ အနိုင်အရှုံး ခန့်မှန်းချက်များကို ပါ စာမျက်နှာပေးပြီး ဖော်ပြလာကြသည်။

"ခန့်မှန်းတာ မှန်တဲ့ ဂျာနယ်က တက်သွားတာပဲ။ စောင်ရေများချင်ရင် တက်ချင်ရင် ဘောလုံးပွဲ ကို နိုင်အောင် ခန့်မှန်းတတ်ဖို့လိုတယ်၊ ခုဆို သတင်းဂျာနယ်တွေမှာတောင် ခန့်မှန်းတာတွေ ဖော်ပြလာကြပြီ" ဟု ဂျာနယ် အရောင်းဆိုင်ရှင် တဦးက ဆိုသည်။

တချို့ဘောလုံးဂျာနယ်များမှာ ဒိုင်များနှင့်ပေါင်းပြီး ဒိုင်ဘက်က နိုင်အောင် ရေးပေးသော ခန့်မှန်းပေးသော ဂျာနယ်များလည်း ရှိသည်ဟု ၄င်း၏ ပြောပြချက်အရ သိရသည်။

ဘောလုံးပွဲလောင်းရာတွင် အကျိုးအမြတ်ရှိသူများမှာ ဒိုင်များသာဖြစ်ပြီး ဒိုင်များမှာ ဘောလုံးပွဲစဉ် တော်တော် များများတွင် နိုင်လေ့ရှိကြောင်း ၊ ဘောလုံးပွဲလောင်းသူ နိုင်ပါကလည်း ၅ ရာနှုန်းကို ဒိုင်များအား ပေးရလေ့ရှိ ကြောင်း သိရှိရသည်။

ဘောလုံးပွဲလောင်းကြသူအများစုမှာ ဘောလုံးရာသီဖြစ်သော သြဂုတ်လမှ မေလထိ တောက်လျှောက်ရှိသမျှ ဘောလုံးပွဲစဉ် တိုင်းကို လောင်းနေကြခြင်းဖြစ်ပြီး ဒိုင်များသာလျှင် စီးပွားဖြစ်သွားလေ့ရှိကြောင်း ဂျာနယ် အရောင်းဆိုင်ရှင်က ပြောဆို သည်။

လက်ရှိ ဒိုင်လုပ်နေသူများမှာ ငွေကြေးအရင်းအနှီးနည်းသူရော၊ များသူများ ရှိကြောင်း တချို့ဒိုင်ကြီးများမှာ စင်ကာပူ၊ မလေးရှား၊ ထိုင်း စသည့် နိုင်ငံများသို့ပါ ဆက်သွယ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်းလည်း သူက ပြော သည်။

မြန်မာနိုင်ငံတွင် ဘောလုံးပွဲလောင်းချင်းသည် တရားမ၀င် လောင်းကစား တခုဖြစ်သောကြောင့် ဘောလုံးပွဲဒိုင် လုပ်သူများမှာ ရဲတပ်ဖွဲ့များထံသို့ ပုံမှန် လိုင်းကြေး ပေးနေရကြောင်း သိရသည်။

"လိုင်းကြေးက အမျိုးမျိုးပဲ ရပ်ကွက်နယ်ထိန်းလောက်ဆိုရင် ၁ ရက်ကို ၁ ထောင် ၂ ထောင်လောက်ပေးရင် ရတယ်၊ တိုင်းကနေ ဆင်းလာတဲ့သူဆိုရင်တော့ အနည်းဆုံး ၃ ထောင် ၅ ထောင်ကနေ သူတို့တောင်း သလောက်ပေးရတာပဲ" ဟု ကျောက်တံတားမြို့နယ် ဘီယာဆိုင်တဆိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် လောင်းကြေးများများကိုင်ကာ ရပ်တည်နေကြသော ဒိုင်များမှာ စီးပွားရေးလုပ်ငန်း ရှင်ကြီး များဖြစ်နိုင်သည် ဟုခန့်မှန်းနေကြပြီး ထိုဒိုင်များမှာ ဒိုင်ခွဲများ အမြောက်အမြားထားရှိကာ ၄င်းတို့အား လူမသိစေ ရေးအတွက် နာမည်မထွက်ရန် ကာကွယ်ထားကြကြောင်း သိရသည်။

Rest of your post

0 comments:

Post a Comment

သင်ကြိုက်တာရေးပါ။